ပါတိတ်လုပ်ငန်းက မလေးရှားနိုင်ငံရဲ့ အဓိက ထွက်ကုန်လုပ်ငန်း တခုဖြစ်သလို ကမ္ဘာလှည့်ခရီးသွား အများစုကလည်း မလေးရှားနိုင်ငံက ဘယ်မြို့ကို ရောက်ရောက် ပါတိတ်အဆင်ဒီဇိုင်း တခုခုကို ဝယ်ဖို့ ကြိုးစားတတ်ကြပါတယ်။
မလေးရှားပါတိတ် တထည်ဖြစ်လာဖို့တော့ မလွယ်ပါဘူး။ ပေါင်းခံထားတဲ့ ချည်သားစစ်စစ်ပေါ်မှာ ထင်းရှူးဆီ က ထွက်ရှိတဲ့အဆီအနှစ်တွေနဲ့ ပထမဆုံး ပုံဖော် ဒီဇိုင်းဆွဲရပါတယ်။
အဲဒီနောက် ဆေးရောင် ခြယ်သရပါတယ်။ ပါတိတ် ဆေးရောင်ခြယ်ရာမှာ လက်နဲ့ ရေးဆွဲတဲ့ HandMade ဒီဇိုင်းတွေရှိသလို စက်နဲ့လည်း ရေးဆွဲလို့ရတယ်လို့ မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်မှာရှိတဲ့ Craft Bartik လုပ်ငန်းခွင်က တာဝန်ရှိသူတွေက ပြောပြကြပါတယ်။
ပါတိတ်တထည် ဖြစ်လာဖို့ ဆေးရောင်ခြယ်လို့ ပြီးတဲ့အခါမှာတော့ ဆေးခြောက်ဖို့ အနည်းဆုံး ၆ နာရီ လောက် အချိန်ပေးရပါတယ်။ အဲဒီနောက်မှာတော့ ဆေးခြယ်စဉ်က အသုံးပြုထားတဲ့ ဖယောင်းတွေ ပြောင်စင်သွားဖို့၊ လှပဆန်းသစ် တဲ့ ပါတိတ်အထည် တထည်ဖြစ်လာဖို့နဲ့ လိုချင်တဲ့အရောင်အသွေးရဖို့အတွက် ရေနွေး၊ ရေအေးတွေနဲ့ ၄ ဆင့်လောက် ပြန်လည်လျှော်ဖွပ်ရပါတယ်။
ပါတိတ်ကောင်း တထည်ဖြစ်လာဖို့ ဆန်းသစ်လှပတဲ့ဒီဇိုင်း၊ သေသပ်တဲ့ ဆေးခြယ်သမှုနဲ့ လှပတဲ့ အရောင်အသွေး တွေကလည်း အရေးပါတယ်လို့ သိရပါတယ်။
အဆင့်ဆင့် ဖြတ်သန်းပြီး ရောင်းတန်းဝင်လာတဲ့ ပါတိတ် အထည်တွေရဲ့ ဈေးနှုန်းကတော့ အနည်းဆုံး မလေးရှားငွေ ရင်းဂစ် ၃၀ ကနေ အများဆုံး ၃၀၀ ရင်းဂစ် အထက်မှာ ရှိပါတယ်။