ရွှေစာရံဘုရားက မန္တလေးမြို့ရဲ့အရှေ့ယွန်းယွန်း ၁၇ မိုင်အကွာ ဒုဌဝတီမြစ်ကမ်းနံဘေး ပုသိမ်ကြီးမြို့နယ် ရွှေစာရံကျေးရွာမှာ တည်ရှိတယ်။ ရွှေစာရံဘုရားကို ဖူးချင်ရင် ပြင်ဦးလွင်- မန္တလေး ကားလမ်းမကြီးဘေးကနေ ထုံးဘို ကျေးရွာအနီး လမ်းခွဲက အတွင်းဝင်သွားရတယ်။
ပုဂံခေတ်က မိဘုရားစောမွန်လှ တည်ထားခဲ့တဲ့ ဘုရားဖြစ်ပြီး စေတီတော်ရဲ့ဗိသုကာဟန်က ထူးခြားတယ်။ ရှမ်းယဉ်ကျေး မှုဟန်ပါတယ်လို့ ပညာရှင်အချို့က အကဲဖြတ်တယ်။ စေတီတော်ကို လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ထားပါ တယ်။
ဘုရားပွဲတော်ရက်က တပေါင်းလပြည့်နေ့က စတင်ကျင်းပပြီး တပေါင်းလပြည့်ကျော် ၈ ရက်နေ့မှာ ပြီးဆုံးတယ်။ ပွဲတော် ရက် မစတင်ခင်ကတည်းက ဘုရားဖူးတွေ ဈေးသည်တွေနဲ့ စည်ကားတယ်။
အရင်က ရွှေစာရံ ဘုရားပွဲတော်လာကြသူတွေ ပေါင်းမိုးလှည်းကြီးတွေ စီးပြီး သွားခဲ့ကြပေမယ့် အခုခေတ်မှာတော့ ဆိုင် ကယ်တွေကားတွေနဲ့ သွားလာကြတယ်။ အမှတ်(၁၁) ယာဉ်လိုင်းက မန္တလေးမြို့တွင်းကနေ ရွှေစာရံဘုရားပေါက် မုဒ်ဦး အထိ ပြေးဆွဲပေးနေလို့ မြို့တွင်းဘုရားဖူးလာကြသူအချို့က ဘတ်စ်ကားစီးပြီးလာကြတယ်။
ပြင်ဦးလွင်-မန္တလေး လမ်းခွဲကနေ ရွှေစာရံ ဘုရားသွားတဲ့ ကားလမ်းက လမ်းမကျယ်ဖြစ်ပြီး ကတ္တရာခင်းထားတယ်။ ယဉ် ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ ရွှေစာရံ ဂေါက်ကလပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုံခြုံရေးတပ်ခွဲတို့ကို ကျော်ရင် ရွှေစာရံ ဘုရားကို ရောက်ပါပြီ။
ဘုရားမရောက်ခင်မှာ ကားလမ်းဝဲယာမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် အလှူငွေ ကောက်ခံနေသူတွေရှိ ပါတယ်။ ဆိုင်ကယ်တစီး ကျပ် ၅၀၀၊ ကားတစီး ကျပ် ၁၀၀၀၊ ကောက်ခံနေတာဖြစ်ပြီး အလှူခံတွေက အလှူငွေ ထည့်ဝင် သူတိုင်းကို ငွေလက်ခံဖြတ်ပိုင်း ပြန်ပေးတယ်။ ယာဉ်ရပ်နားကွင်း သီးသန့်ရှိပြီး ယာဉ်ရပ်နားတဲ့နေရာအတွက် သီးသန့် ထပ် ပေးကြဦးမှာဖြစ်တယ်။ ယာဉ်ရပ်နားခက ဆိုင်ကယ်တစီးကျပ် ၅၀၀၊ ကားတစီး ကျပ် ၁၀၀၀ ဖြစ်ပါတယ်။
ရွှေစာရံ ဘုရားအဝင်မှာ မုဒ်ဦးကြီး ဆောက်လုပ်ထားပြီး ဈေးဆိုင်ခန်းတွေ တန်းစီပြီး နေရာချထားပေးတယ်။ အနယ်နယ် အရပ်ရပ်က လာတဲ့ ဈေးသည်တွေဖြစ်ကြပြီး ဝယ်ချင်စရာ အစုံပါပဲ။ အညာဘုရားပွဲမုန့်တွေဖြစ်တဲ့ ကရေကရာ၊ အညာသား ကျွဲကုန်း၊ မုန့်ခေါင်းအုံး၊ စလူမုန့် စတဲ့ဈေးသည်တွေက အမြည်းကျွေးရင်း ဈေးဝယ်ခေါ်ကြတယ်။ ရွှေစာရံ ဘုရားပွဲရဲ့အဓိ က ရောင်းကုန်က ထန်းထွက်ပစ္စည်းတွေဖြစ်တယ်။ ထန်းရွက်ပုတီး၊ ထန်းရွက်ငါး၊ ဘူးသီးခြောက်၊ ဝါးနဲ့လုပ်ထားတဲ့ သေ နတ်တွေ၊ ဝါးနဲ့လုပ်တဲ့ ဓားတွေဖြစ်တယ်။ ထန်းရွက်အနုပညာကို ရွှေစာရံဘုရားပွဲတော်မှာသာ တွေ့မြင်နိုင်ပါတယ်။
ဆေးရောင်လှလှ ခြယ်သထားတဲ့ ထန်းရွက် အနုပညာက ဟန်းမိတ်စစ်စစ်ဖြစ်တယ်။ ထန်းရွက်ပုတီး၊ ထန်းရွက်ငါးတွေက ရွှေစာရံ ဘုရားပွဲရဲ့အမျိုးသားထွက်ကုန်လည်းဖြစ်တယ်။
အညာဘုရားပွဲတွေက ကျေးလက် trade fair(ကျေးလက်ကုန် သွယ်ပွဲ) ဖြစ်တာနဲ့အညီ လယ်ယာလုပ်ငန်းသုံးပစ္စည်းရောင်းချသူတွေ၊ နွားလှည်းအသုံးအဆောင်ပစ္စည်းတွေ ရောင်းချတဲ့ ဈေးသည်တွေလည်းရှိတယ်။ ရုပ်ရှင်မင်းသား မင်းသမီး ပိုစတာရောင်စုံတွေနဲ့ ရွှေစာရံရောက်အမှတ်တရ တံဆိပ်ရိုက် ထားတဲ့ တီရှပ်ဆိုင်၊ အမျိုးသမီး အဝတ်အထည်မျိုးစုံရောင်းတဲ့ဆိုင်တွေလည်း တွေ့ရတယ်။
ဘုရားဈေးသည်တွေက မနှစ်က ရှမ်းနှစ်ဖြစ်ခဲ့လို့ ဒီနှစ်ကို ဗမာနှစ်အဖြစ် ယုံကြည်ကြတယ်။ ရှမ်းနှစ်တလှည့် ဗမာနှစ် တ လှည့် ဖြစ်တဲ့ ပွဲတော်မှာ ရှမ်းနှစ်ဆိုရင် ရှမ်းကုန်စည်တွေ ရောင်းပန်းဝယ်ပန်းကောင်းမွန်ပြီး ဗမာနှစ်မှာ ဗမာကုန်စည်တွေ ရောင်းပန်းဝယ်ပန်း လှမယ်လို့ ဈေးသည်တွေက ယုံကြည်ကြတယ်။
ဒါရိုက်တာ မြို့တော် မောင်ယဉ်အောင်ရဲ့ ကိုးဆယ်ဆ သာလိမ့်မယ်ကို ကြည့်ဖူးသူတွေ ရွှေစာရံဘုရားပွဲကိုရောက်ခဲ့ရင် ရွာစားစိန်တင်ဟန်ရေးပြီး ရွှေမန်းသူ ညိုညိုစန်း သီဆိုခဲ့တဲ့ ထန်းရွက်ပုတီး သီချင်းကို ကြားယောင်နိုင်တယ်။
အသက်မကြီးသေးပေါင် xxx မောင်ရယ်
Xxx ထန်းရွက်ပုတီးလေး ဆွဲလို့ xxx ရွှေစာရံကို အရောက်သွားစို့ကွယ်
Xxx အဖော်တွေ ပျော်ပျော်ပါးပါး xxx မော်တော်ကားနဲ့ရယ် xxx
လက်ကိုင်ပုဝါ xxx ခေါင်းစီးလေးနဲ့ xxx
ပွဲတော်ရက်အတွင်း ဇာတ်သဘင်တွေ၊ မျက်လှည့်ပွဲတွေလည်း ပါဝင်ပါတယ်။ ဘုရားပွဲတော်ကိုလာကြသူတွေထဲမှာ မိဖုရား စောမွန်လှကို ယုံကြည်ကြသူတွေလည်းပါတယ်။ ဘုရားပုရဝုဏ်အတွင်းက စေတီတော် အနီးဝန်းကျင်မှာရှိတဲ့ သာသနိက အဆောက်အဦတွေမှာ အမတော် စောမွန်လှကို အမှူးထားတဲ့ အလှုရှင်တွေရဲ့ကမ္ပည်းတွေ ရေးထိုးထားတာ တွေ့နိုင် တယ်။ ရင်ပြင်တော် တောင်ဘက်စောင်းတန်းက ဆင်းရင် လှေဆိပ်ကို ရောက်ပါတယ်။
ရွှေစာရံစေတီက ဒုဌဝတီမြစ်ရဲ့မြောက်ဘက် ပုသိမ်ကြီးမြို့နယ်အတွင်းမှာရှိပြီး မြစ်ရဲ့တောင်ဘက်မှာ မီးသွေးဖုတ်ရွာ စဉ့်ကိုင်မြို့နယ် ရှိတယ်။ ဘုရားအနီးက ဒုဌဝတီမြစ်ရေဟာ ကြည်လင်သန့်စင်နေပြီး ရေအောက်ကြမ်းပြင်ကို ကြည့်လို့ရ တယ်။
ရွှေစာရံ ဘုရားအောက်ဘက် နားတောင်းကျချောင်းနဲ့ ဒုဌဝတီဆုံရာမှာ နားတောင်းကျစေတီ တည်ရှိတယ်။ မိဖုရားစောမွန် လှရဲ့နားတောင်းကျခဲ့တဲ့ ချောင်းအဖြစ် ဒေသခံတွေက ယုံကြည်ကြတယ်။ ရွှေစာရံဘုရားကနေ နားတောင်းကျ ဘုရား သွားဖူးချင်ရင် စက်လှေစီးပြီးသွားလို့ရတယ်။
စက်လှေတစီးလုံး စင်းလုံးငှားရင် အသွားအပြန် ကျပ်၅၀၀၀ ပေးရပြီး တယောက်ချင်းဆိုရင် တယောက် ကျပ်၁၀၀၀ (အသွားအပြန်) ကျသင့်တယ်။ စက်လှေခုတ်မောင်းချိန် ၁၀ မိနစ်မျှသာ ကြာပါတယ်။ နားတောင်းကျ ဘုရားအောက် ဘက်မှာရှိတဲ့ နဂါးရုံဘုရားသွားရင် စက်လှေခ ပိုပေးရမှာဖြစ်တယ်။ နဂါးရုံက နာရီဝက်လောက်ကြာအောင် ခုတ်မောင်း ရပါတယ်။ ဘုရားဖူးအများစုက နားတောင်းကျ ဘုရားအထိသာ သွားကြတယ်။
စက်လှေပိုင်ရှင်တွေက နန်းတော်ကျွန်း၊ မင်းကွန်း ဒေသခံတွေဖြစ်ကြပြီး ပွဲတော်ရက်မှာ မိသားစုလိုက် ရောက်လာကြ တာပါ။ ရွှေစာရံ ဘုရားတဖက်ကမ်း မီးသွေးဖုတ်ကျေးရွာ သောင်ပြင်မှာ ထီးရောင်စုံဖွင့် ခုံတွေ ချထားပြီး ဘုရားဖူးတွေ အနားယူ အပန်းဖြေနိုင်အောင် လုပ်ပေးထားတယ်။
လက်ဖက်သုပ်၊ ခရမ်းချဉ်သီးသုပ်၊ ပဲကြော်သုပ်၊ ထမင်းသုပ်၊ ငါးကြော်၊ ကြက်ကြော်၊ အချိုရည်၊ အခါးရည်၊ ရေသန့်ဘူး တွေမှာ ယူစားသောက်လို့ ရတယ်။ အသုပ်တပွဲ ကျပ် ၅၀၀၊ ငါးကြော်တ ကောင် ကျပ်၅၀၀၊ ဘောကွင်းငှားပြီး ရေချိုးလို့ လည်း ရတယ်။ ဘောကွင်းငှားရမ်းခက တနာရီ ကျပ် ၅၀၀ ဖြစ်ပါတယ်။ ဘုရားပွဲတော်လာသူအချို့ ဒုဌဝတီမြစ်အတွင်း ရေချိုးဆင်းကြတယ်။
မြို့ပြရဲ့ မွန်းကျပ်မှုတွေ (ခဏတာဖြစ်ဖြစ်)ဖြေဖျောက်ချင်ရင် မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အတွင်းက ကျန်ကောင်း ကျန်ရာ တောရိပ်တောင်ရိပ်တွေရှိနေသေးတဲ့ ဒုဌဝတီမြစ်ကမ်းနံဘေးက ရွှေစာရံဘုရားပွဲတော်ကို အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်ပြီး ဇော်ဇော်သည် မန္တလေးအခြေစိုက် ဧရာဝတီ ဓာတ်ပုံသတင်းထောက်ဖြစ်သည်)