ကင်ဆာဖြစ်စေနိုင်တဲ့ သင့်ဝန်းကျင်က အမွှေးတိုင်မီးခိုးများ
This article has been converted from Zawgyi One to Unicode
အမွှေးတိုင်တွေက ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေဟာ စီးကရက် သောက်တာထက် ပိုမိုပြီး ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တွေကို အဆိပ်ဖြစ်စေနိုင်ကြောင်း၊ ယင်း အဆိပ်ဖြစ်မှုတွေဟာ မျိုးရိုးဗီဇဆိုင်ရာ သန္ဓေပြောင်းလဲခြင်းတွေနဲ့ DNA ဆဲလ်မှာ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပြီးနောက် ကင်ဆာဆဲလ်တွေကို ဖြစ်ပေါ်လာစေနိုင်ကြောင်း တရုတ်နိုင်ငံ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ကုမ္ပဏီဖြစ်တဲ့ China Tobacco Guangdong Industrial Company ရဲ့ သုတေသနပြုချက်မှာ ဖော်ပြထားပါတယ်။
ယင်းသုတေသနပြုချက်ကို Environmental Chemistry Letters ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တာဖြစ်ပြီး၊ အာရှတိုက်ရှိ ဘုံကျောင်းများ၊ ဘုရားရှိခိုးကျောင်းများနဲ့ အနောက်တိုင်းရှိ လမ်းသရဲ တချို့ကြောင့် အမွှေးတိုင်တွေဟာ တကမ္ဘာလုံးမှာ မွှန်ထူနေအောင် လောင်ကျွမ်းနေကြောင်း၊ ယင်း အမွှေးတိုင် အနံ့ကို အဆုတ်နဲ့ပတ်သက်ပြီး ရောဂါအခံ ရှိသူတွေအနေနဲ့ ရှောင်ရှားတာဟာ အကောင်းဆုံး ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
တကယ်တော့ အမွှေးတိုင်ဆိုတာဟာ လွှစာမှုန့်တွေ ပါဝင်တဲ့ ဝါးချောင်းကို လိုအပ်တဲ့ အဆီတွေ သုတ်လိမ်းထားတာဖြစ်တဲ့အတွက် အမွှေးတိုင်တတိုင် လောင်ကျွမ်းတဲ့အခါ ထို ပါဝင်ပစ္စည်းတွေ အားလုံးဟာ လေထဲကို အခိုးအငွေ့အဖြစ် လွင့်ထွက်သွားပါတယ်။ အဲဒီလို အမွှေးတိုင်တွေက ထွက်တဲ့ အခိုးအငွေ့တွေဟာ လေထုညစ်ညမ်းမှု တခုတည်းကို ဖြစ်စေနိုင်တာမဟုတ်ဘဲ အဆုတ်ကင်ဆာ၊ လူကေးမီးယားနဲ့ ဦးနှောက် အသားပိုတွေကိုလည်း ဖြစ်ပေါ်လာစေနိုင်တယ် ဆိုတာကို China Tobacco Guangdong Industrial Company ရဲ့ လေ့လာမှုမှာ ဖော်ပြသတိပေးထားပါတယ်။
Ref: nhs.uk