တန်ကြေးသင့် ဆီဒင် အနေနဲ့ လူကြိုက် အများဆုံး မော်ဒယ် တစ်ခုဖြစ်တဲ့ Civicရဲ့ နောက်ဆက်တွဲ မော်ဒယ်ဖြစ်တဲ့ Type Rကတော့ နိုင်ငံတကာ ဈေးကွက်မှာ ရနေနိုင်ပြီ ဖြစ်ပေမယ့် Brand New ကားတွေပဲ ဈေးကွက်ခိုင်မာနေသေးတဲ့ အနေအထားအရ ပြည်တွင်းကို ဝင်ရောက်လာတာမျိုး မတွေ့ရသေးပါဘူး။
ပုံမှန်ထက် စွမ်းဆောင်ရည်ပိုင်း မြှင့်ပြီး ဖန်တီးထားတဲ့ မော်ဒယ် ဖြစ်ကာ ဈေးနှုန်းပိုင်းလည်း ဒီလောက်ကြီး မြင့်တက်မသွားအောင် ထိန်းထားတာာ တွေ့ရပါတယ်။ မော်ဒယ်ရဲ့ အားသာချက် အနေနဲ့ ဆိုရင် စွမ်းဆောင်ရည် အထူးမြင့်မားမှုနဲ့ အတူ မြင်းကောင်ရေ ၃၀၆ကောင် အားလောက်ထိအောင် အသုံးပြု မောင်းနှင်နိုင်မှာ ဖြစ်ပြီး Chassisပိုင်း အထိုင်ကျမှု၊ လမ်းကြောင်းပိုင်း တည်ငြိမ်မှု အပြည့်ရှိအောင် လက်ကိုင်နဲ့ ကိုယ်ထည်ပိုင်း ဟန်ချက်ညီအောင် ဖန်တီးထားမှုတွေက စိတ်ကြိုက်ဖြစ်စရာပါ။ ပြီးတော့ လေခွင်းစနစ်မှာ အမြန်နှုန်း မြှင့်တင်မှု အတွက်တင် မဟုတ်ပဲ မြေဆွဲအား လျော့နည်းစေမှု အတွက်ပါ ကူညီပေးနိုင်အောင် ဖန်တီးထားတာကလည်း နည်းပညာပိုင်း မြင့်မားမှုကို ပြသပေးနေနိုင်တာလဲ ဖြစ်ပါတယ်။
ဒါပေမယ့် မော်ဒယ်ရဲ့ လက်ကိုင်ပိုင်းမှာ လေးချင်တာ မဟုတ်သလို လားရာ စိတ်ကြိုက် ပြောင်းလဲ မောင်း နှင်နိုင်မှု အားနည်းတာလည်း မဟုတ်ပေမယ့် မောင်းနှင်ရသူအတွက် စိတ်ကျေနပ်မှု အပြည့် မပေးနိုင်တာမျိုး တွေ့ရပါတယ်။ ပြီးတော့ +R Modeနဲ့ မောင်းနှင်နိုင်အောင် ဖန်တီးထားပေမယ့် အဆိုပါ စနစ်နဲ့ မောင်းနှင်တဲ့ အချိန်မှာ မော်ဒယ်က သိသာတဲ့၊ ကွဲပြားတဲ့ စွမ်းဆောင်ရည် ပြသနိုင်မှု မရှိပြန်တာ တွေ့ရပါတယ်။
နည်းပညာပိုင်း ဆန်းသစ်မှု အနေနဲ့ Hondaရဲ့ နောက်ဆုံးထုတ် ဖျော်ဖြေရေးနဲ့ အချက်အလက်ပြစနစ် i-MID စနစ်ကို ထည့်သွင်းထားတယ်၊ Timerစနစ်ထည့်ထားသလို သူက ပတ်လမ်းမောင်းနှင်ချိန် အတွက်ရော တစ်နာရီ မိုင် ၆၀နှုန်း မြှင့်တင်မှု အတွက်ပါ အချိန်တွေကို မှတ်ထားပေးနိုင်မှာပါ။ ထိုင်ခုံပိုင်းမှာက Sportထိုင်ခုံတွေ ဖြစ်ပြီး Exhaustစနစ်ကို နှစ်ပေါက်စနစ်နဲ့ ထည့်ထားတာက အင်ဂျင်သံ ပိုပြီး တည်ငြိမ်နေစေပါတယ်။ မော်ဒယ်ရဲ့ အင်ဂျင်စနစ်ကို ကြည့်မယ် ဆိုရင် ၂.ဝလီတာသုံး VTECဖြစ်ပြီး ဓါတ်ဆီသုံး ဖြစ်ကာ ပုံမှန် လေးလုံးထိုး တန်းဝင် ဖြစ်ပါတယ်။ အင်ဂျင်က အခြေခံ လည်ပတ်အား တစ်မိနစ် အပတ်ရေ ၂၅၀၀-၄၅၀၀မှာ ရုန်းအား ၂၉၅ပေါင်-ပေထိအောင် ရှိမှာ ဖြစ်ပြီး စွမ်းအင် ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၃၀၆ကောင်အားထိအောင် ရှိနေတာပါ။
ဂီယာချက် ၆ချက်ကို Manualစနစ်နဲ့ မောင်းနှင်နိုင်မှာ ဖြစ်ပြီး ရှေ့ဘီးယက်စနစ်နဲ့ ဖြစ်တာကြောင့် မြန်နှုန်း မြှင့်တင်နိုင်မှု အပိုင်းမှာ သင့်ပေမယ့် လမ်းကြောင်းပေါ်မှာ တည်ငြိမ်မှု အတွက်တော့ နောက်ဘီးယက်စနစ်နဲ့ ဆိုရင် ပိုပြီး ကောင်းမယ်လို့ ထင်မိပါတယ်။ မော်ဒယ်ရဲ့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုကတော့ တစ်နာရီ မိုင် ၆၀နှုန်းအတွက် အချိန် ၅ ဒသမ ၅ စက္ကန့်ပဲ ဖြစ်ပြီး တစ်နာရီ မိုင် ၁၄၀နှုန်းအတွက် ဆိုရင် အချိန် ၃၀ ဒသမ ၃ စက္ကန့်တည်းနဲ့ ရောက်ရှိမှာ ဖြစ်လို့ အရမ်းကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်လို့ ဆိုရမှာပါ။ အင်ဂျင်ပိုင်း အရွယ် ဒီလောက်မကြီးမားပေမယ့် Turboစနစ်ထည့်ထားတာရယ်၊ ရှေ့ဘီးယက်စနစ်လည်း ဖြစ်၊ Manualလည်း ဖြစ်၊ လည်ပတ်အားလည်း နည်းတာကြောင့် ဆီစားလည်း ချိုသာတာ တွေ့ရပြီး ပျမ်းမျှ ဆီတစ်ဂါလံကို ၃၁ ဒသမ ၈မိုင်ထိအောင် စီးနင်းနိုင်မှာပါ။
လုံခြုံစိတ်ချရမှု အပိုင်းမှာ ဆိုရင်လည်း အရွယ်ရောက် ခရီးသည်တွေ အတွက် ၉၄ရာခိုင်နှုန်း၊ ကလေးငယ်တွေ အတွက် ၈၃ရာခိုင်နှုန်း၊ သက်ကြီးပိုင်းတွေ အတွက် ၆၉ရာခိုင်နှုန်းနဲ့ အကူစနစ်တွေရဲ့စိတ်ချရမှု ၈၆ရာခိုင်နှုန်း ရှိတာ တွေ့ရပြီး Civicနဲ့လည်း ဈေးနှုန်း သိပ်မကွာတာကြောင့် လမ်းကြောင်း အနေအထားပါ အဆင်ပြေမယ် ဆိုရင်တော့ ရွေးချယ်ဖို့ကောင်းတဲ့ မော်ဒယ် တစ်ခု ဖြစ်လာမှာပါနော်။