မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်ရဲ့ ဂျော့ဂျ် တောင်း (Gorge Town) မြို့ က ကမ္ဘာလှည့် ခရီးသွား ဧည့်သည်တွေကို စိတ်ဝင်စားမှုများစွာ ပေးနိုင်တဲ့ မြို့တမြို့ ဖြစ်ပါတယ်။
ဂျော့ဂျ် တောင်းမှာ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများ၊ အာရှ အကောင်းဆုံး လမ်းဘေး အစားအစာ စာရင်းဝင်လို့ သတ်မှတ်ထားတဲ့ လမ်းဘေး အစားအသောက်ဆိုင်များ၊ ပြတိုက်နဲ့ ပန်းချီပြခန်းများ၊ ရိုးရာကုန်သွယ်မှု လက်မှု အနုပညာပစ္စည်းတွေ စတဲ့ ရှေးဟောင်းအနုပညာ လက်ရာများစွာ အပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ အရာမျိုးစုံကို တွေ့နိုင်မှာ ဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ ကောင်းသလို အပန်းပြေမှုကို ပေးနိုင်တဲ့ နံရံပန်းချီများ၊ ဖန်တီးပုံဖော်ထားတဲ့ ပန်းချီများ၊ လက်မှုနဲ့ စက်မှုပစ္စည်းပုံစံ တွေက ဂျော့ဂျ် တောင်းရဲ့ လမ်းမများစွာမှာ နေရာယူနေတာ တွေ့ရပါတယ်။
အဲဒီလို စိတ်ဝင်စားမှုတွေ ပြည့်နှက်နေတဲ့ ကမ္ဘာ့အံ့ဖွယ် စာရင်းဝင် ဂျော့ဂျ် တောင်း အပါအဝင် ပီနန်ပြည်နယ် ခရီးစဉ်ကို လေ့လာဖို့ AirAsia က ဖိတ်ခေါ်တာကြောင့် သွားရောက် လေ့လာ လည်ပတ်ခွင့် ရခဲ့ပါတယ်။

မလေးရှားနိုင်ငံရဲ့ ရိုးရာ အစားအသောက်များ၊ လူကြိုက်များတဲ့ အစားအစာများကို တကယ့် စားသောက်ဖွယ်ရာ ပုံစံတွေအတိုင်း ဖန်တီးပုံဖော်ထားတဲ့ နေရာကတော့ WonderFood ပြတိုက် ဖြစ်ပါတယ်။ အဲဒီပြတိုက်မှာ ဆိုရင် မလေးရှားရဲ့ အထင်ကရ အစားအသောက်တွေကို ဆန်းသစ်ဖန်တီး ပုံဖော်ထားတာ တွေ့ရမှာပါ။

WonderFood ပြတိုက်မှာ ပြသထားတဲ့ အစားအသောက် ပုံစံတူတွေကို ဖန်တီးခဲ့သူကတော့ Sean Lau လို့ ခေါ်တဲ့ လူငယ်တယောက် ဖြစ်ပါတယ်။ သူက မလေးရှား နိုင်ငံရဲ့ ရိုးရာ အစားအသောက် ပုံစံကို တုပပြီး လူ့ခန္ဓာကိုယ်ထက် အဆမတန်ကြီးမားတဲ့ ဟင်းပွဲအတုတွေကို ဟာသဉာဏ်နဲ့ ဖန်တီးမှု စွမ်းရည်တွေ ပေါင်းပြီး တီထွင်ခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘာ့အံ့ဖွယ် စာရင်းဝင်မြို့ ဂျော့ဂျ် တောင်းမြို့ ရဲ့ နောက်ထပ် နေရာတခုကတော့ လမ်းဘေး အစားအသောက်မျိုးစုံကို သန့်ရှင်း သပ်ရပ်စွာနဲ့ စားသောက်လို့ ရနိုင်မယ့် Red Garden Food Paradise လို့ ခေါ်တဲ့ စားသောက်ဆိုင်တန်း ဖြစ်ပါတယ်။

အာရှအကောင်းဆုံး စာရင်းဝင် လမ်းဘေး အစားအသောက်များ ဖြစ်တဲ့ မလေးရှားခေါက်ဆွဲကြော်၊ အသားကင်မျိုးစုံ၊ ပင်လယ်စာမျိုးစုံ၊ Nasi Lemak ၊ Hokkien Mee စတဲ့ အစားအသောက် မျိုးစုံကို ဈေးနှုန်းသက်သာစွာနဲ့ စိတ်ကြိုက်မှာယူ စားသောက်လို့ ရမှာပါ။

ဒါ့အပြင် 3D ပုံဖော်ပန်းချီ တွေကို ပြသထားတဲ့ MADE IN PENANG Interactive Museum ကလည်း စိတ်ဝင်စားစရာ နေရာတခုပါပဲ။
လက်ရာမြောက်တဲ့ 3D ပန်းချီ ပေါင်း ၂၀ ကျော်ကို ပြသထားပြီး ဓာတ်ပုံရိုက်ရင်း စိတ်အပန်းဖြေလို့ ကောင်းတဲ့ ပြတိုက်တခု ဖြစ်ပါတယ်။

ရှေးဟောင်း တရုတ်လူမျိုးတွေရဲ့ ဝတ်စားဆင်ယင် နေထိုင်မှု၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း နဲ့ လက်ဝတ်ရတနာ စတာတွေကို ပြသထားတဲ့ Straits Chinese Jewelery Museum လည်း ရှိပါတယ်။
ရှေးခေတ် ဘုရင်လက်ထက် ကစလို့ ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့တဲ့ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု နဲ့ ဓလေ့ထုံးတမ်း စတာတွေကို သေချာစွာ လေ့လာမှတ်သားလို့ ရနိုင်မယ့် ပြတိုက်တခုဖြစ်ပါတယ်။
ပီနန်မြို့ရဲ့ လမ်းမတိုင်းမှာ ဈေးနှုန်း သက်သာတဲ့ လမ်းဘေး အစားအသောက်တွေ၊ မလေးရှားရဲ့ ပြယုဂ်တခု ဖြစ်တဲ့ လန်ချားတွေ နဲ့ ရှေးဟောင်း အဆောက်အအုံ များစွာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
Street Art တွေကို သဘောကျသလို ဓာတ်ပုံ ရိုက်ရတာ ဝါသနာပါသူ တွေကတော့ ဂျော့ဂျ် တောင်းမြို့ထဲက လမ်းမများစွာမှာ ရှိတဲ့ Street Art တွေကို သွားရောက် လေ့လာ ကြည့်နိုင်မှာ ဖြစ်ပါတယ်။
တိရိစ္ဆာန်တွေကို ညှင်းပန်းနှိပ်စက်မှုနဲ့ ခွဲခြား ဆက်ဆံမှု မလုပ်ဖို့ သရုပ်ဖော်ထားတဲ့ပုံ၊ မိသားစု အချင်းချင်း ညီညွတ်ဖို့၊ ကာတွန်း ဇာတ်ကောင်များ၊ စက်မှုလက်မှု ပစ္စည်းဟောင်းများ အပြင် နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင် Bruce Lee ရဲ့ ပုံစံတွေကိုပါ Street Art အနေနဲ့ ရေးဆွဲကာ ဆွဲဆောင်ထားပါတယ်။
ပီနန်ပြည်နယ်ကို သွားရောက် လေ့လာလည်ပတ်ချင်သူတွေ အတွက် ယခင်က ရန်ကုန်- ပီနန် တိုက်ရိုက် ခရီးစဉ် မရှိခဲ့ပါဘူး။ ဒါပေမယ့် မတ်လ ၂၂ ရက် က စလို့ AirAsia က တိုက်ရိုက်ခရီးစဉ် စတင် ပြေးဆွဲပေးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
AirAsia က လာမယ့် မတ်လ ၂၇ ရက်နေ့ အထိ အထူးဈေးနှုန်း လက်မှတ် အနေနဲ့ ရန်ကုန်-ပီနန် တိုက်ရိုက် ခရီးစဉ်အတွက် တယောက်ကို အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာနဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။