မြောက်ဒဂုံဖက်မှာ နေထိုင်ပြီး သင်းဝင်မုန့်ဟင်းခါးဆိုင် မရောက်ဘူးရင်မြောက်ဒဂုံသားမပီသဘူးရယ်လို့ အသိအမှတ်ပြုကြရလောက်အောင် နာမည်ကြီးလှပါတယ်။ တက္ကသိုလ်ကျောင်းပြီးစ အမျိုးသမီးငယ်တဦးဟာ ရုံးဝန်ထမ်းနှင့်ကိုယ်ပိုင်အလုပ်ကို ရွေးချယ်ရာမှာ မိမိရဲ့စိတ်ကူးကိုသာအကောင်အထည်ဖော်မယ်ဆိုပြီး ရွေးချယ်ခဲ့တာ အခုဆိုရင် ၁၇ နှစ်ကျော်လာခဲ့ပါပြီ။
“ကျမစရောင်းတော့ ဒီလမ်းကျဉ်းလေးထဲမှာပဲ။ မြို့သစ်တည်စဆိုတော့ လူလည်းသိပ်ရှိသေးတာ မဟုတ်ဘူး။ စိတ်ကူးကိုအကောင်အထည်ဖော်ချင်လို့သာ ဇွဲနဲ့ကြိုးစားခဲ့တယ်။ ဆိုင်နာမည်လည်းကျမ ရွေးချယ်ခဲ့တာ မဟုတ်ဘူး။ စားသုံးသူတွေ သတင်းဆောင်ကြရင်းသင်းဝင်မုန့်ဟင်းခါးဆိုပြီး ဖြစ်လာခဲ့တာ”တဲ့။ ဒါကဆိုင်လေးရဲ့နိဒါန်းအစ။
မြန်မာနိုင်ငံမှာ ရန်ကုန်မုန့်ဟင်းခါး၊ ပုသိမ်မုန့်ဟင်းခါး၊မြောင်းမြမုန့်ဟင်းခါး၊ ဝါးခယ်မမုန့်ဟင်းခါးရယ်လို့ အမျိုးအမည်များစွာထဲကမှ ဘယ်ချက်နည်းကိုမှ အခြေမခံပဲ မိမိကိုယ်ပိုင်ဟန်နဲ့ စမ်းသပ်တီထွင်ရောင်းချရင်းက လူတွေပါးစပ်ဖျားမှာ စွဲတသသဖြစ်ခဲ့ရင်းက ဒီအခြေအနေကို ရောက်ရှိစေခဲ့တယ်လို့ ဆိုပါတယ်။ ဒီအခြေအနေကို မရောက်မီ ကိုယ်ပိုင်ဟန်ကို စတင်ပုံဖော်ချိန်က အကြိမ်ကြိမ်လက်တွေ့စမ်းသပ်ပြီး အခက်အခဲများစွာလည်းရှိခဲ့၊ ကျော်ဖြတ်ခဲ့ရတယ်လို့ သင်းဝင်မုန့်ဟင်းခါးမိသားစုရဲ့ ရင်ဖွင့်စကားသံလေးကိုလည်း ကြားခဲ့ရပါတယ်။
ပုံမှန်မုန့်ဟင်းခါးတွေနဲ့ အဓိကကွာခြားချက်ကတော့ ငှက်ပျောအူ လုံးဝ အသုံးမပြုထားပါဘူး။ “စတင်စမ်းသပ်ကတည်းကကိုယ်ပိုင်ဟန်လေးရှိချင်တယ်။ ဒါကြောင့်လည်းငှက်ပျောအူ မသုံးပဲ မုန့်ဟင်းခါးအမည်တွင်ရအောင်ကြိုးစားခဲ့တယ်။ အခုတော့လည်း ငှက်ပျောအူမပါတဲ့ မုန့်ဟင်းခါးကို စားသုံးသူတွေဆီက အသိအမှတ်ပြုခြင်းခံရတဲ့အတွက် ကျေနပ်မိပါတယ်”လို့ အမှတ်တရစကား ဆိုပါတယ်။
အဓိကက မုန့်ဟင်းခါဟင်းရည်ပါ။ ငါးကြင်း၊ ငါးငံပြာရည်၊ ဆန်အကျက်မှုန့်၊ရွှေကြည်၊ ကုလားပဲအနှစ်စတဲ့ အမြဲရနိုင်မယ့် ကုန်ကြမ်းကို အဓိကတွက်ချက်ပြီး ကိုယ်ပိုင်နည်း၊ ကိုယ်ပိုင်ဟန်နဲ့ အဓိကဟင်းရည်တွေကိုကိုယ်တိုင်တဦးတည်း ဒိုင်ခံချက်တဲ့အပြင် အသုပ်တွေသုပ်ရာမှာလည်း အသုပ်ဇလုံ ၃ ခုနဲ့ လက်မလည်အောင် နယ်ပေးပါတယ်။
“ဆိုင်ကလက်ရာကို ကြိုက်လို့ စားသုံးသူတွေအထဲမှာ ကျမကိုယ်တိုင်ပြင်ဆင်ပေးမှလို့ စွဲတဲ့သူတွေလည်းရှိတယ်။ ကျမ မပြင်ဆင်ပေးရင် ကောင်းပါ့မလားလို့ စိုးရိမ်စိတ်ရှိတဲ့သူတွေရှိတယ်။ ကျမရဲ့စားသုံးသူတွေကို စိတ်ချမ်းသာစေချင်တာကြောင့် ကျမကိုယ်တိုင် အပင်ပန်းခံပြီး အားလုံးအတွက် ပြင်ဆင်ပေးပါတယ်။ စားသုံးသူအတော်များများကိုကျမမှတ်မိနေပါပြီ။ ဒါပေမယ့် သူတို့ကညွှန်းလို့ကျမဆိုင်ကိုလာအားပေးတဲ့ စားသုံးသူအသစ်တွေရဲ့သဘောထားကို အမြဲလေ့လာပြီး စိတ်ကျေနပ်အောင် ပြင်ဆင်ပေးပါတယ်”လို့လည်း
စားသုံးသူအပေါ်ထားတဲ့ ယုံကြည်မှုကို ပြောပါတယ်။
အသုပ်မျိုးစုံရဲ့ အဓိကဖြစ်တဲ့ ငရုတ်ဆီ ရွေးချယ်မှုမှာလည်း သူမရဲ့စေတနာကို အသိအမှတ်ပြုနိုင်ပါတယ်။
“ကျမက ကျမအသုံးပြုမယ့် ကုလားပဲကအစ ငရုတ်ဆီအဆုံးထိ ရွေးချယ်ပါတယ်။ ဒီကုန်ကြမ်းကို အကြိမ်ကြိမ်စမ်းသပ်ပြီး ယုံကြည်စိတ်ချရမှသာ စားသုံးသူတွေဆီ လက်ဆင့်ကမ်းပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်အောင် နနွင်းမှုန့်ကို အဓိကထားပြီးသုံးပေးထားပါတယ်။
အသုပ်ရဲ့အရောင်ကိုကြည့်ပြီး ကျမလက်ရာကို အမြဲတမ်း စမ်းစစ်ပါတယ်။ ပြီးတော့ ကျမပွဲအော်ဒါလက်မခံပါဘူး။ အော်ဒါပွဲလက်ခံတာများရင် ကျမဆိုင်ထွက်နိုင်မှာမဟုတ်ဘူး။ ကျမဆိုင်ကို ခရီးအဝေးကနေ တကူးတကလာရောက်စားသုံးသူတွေကို ကျမပိုပြီး အလေးထားပါတယ်”တဲ့။
သင်းဝင်မုန့်ဟင်းခါးနှင့် အသုပ်စုံဆိုင်မှာ ရနိုင်တာကတော့ မုန့်ဟင်းခါး၊ အုန်းနိူ့ခေါက်ဆွဲ၊ ရခိုင်မုန့်တီ၊ ကြာဇံဟင်း၊ ပဲပြားသုပ်၊ ငါးဖယ်သုပ်၊ ပဲပြားအစာသွပ်၊ ငါးဖယ်အစာသွပ်၊ ခေါက်ဆွဲသုပ်၊ ကြာဇံသုပ်၊ နန်းကြီးသုပ်၊ ညှပ်ခေါက်ဆွဲသုပ် အစရှိသည်တို့ကို အကြော်မျိုးစုံ၊ ငါးဖယ်၊ ဘဲဥ၊ ပဲသွေးစသည်တို့နှင့် တွဲဖက်ရောင်းချပေးပါတယ်။
နေ့ခင်း၂ နာရီကနေ ညနေ ၆ နာရီအတွင်းသာရရှိနိုင်ပြီးဥပုသ်နေ့တိုင်းလည်း ဆိုင်ပိတ်ပါတယ်ဆိုတဲ့အကြောင်းလေး သတင်းကောင်းပါးလိုက်ရပါတယ်။ သွားရောက်မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ပင်လုံလမ်းမကြီးပေါ်မှာရှိတဲ့ Capital Mart အရှေ့တည့်တည့်လမ်းသွယ်လေးထဲကို ချိုးဝင်ရတဲ့ သင်းဝင်လမ်းမှာ ဖွင့်လစ်ရောင်းချလျက်ရှိပါကြောင်းညွှန်းဆိုပေးလိုက်ရပါတယ်။