ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ ကျင်းပတဲ့အခါမှာ အကယ်ဒမီရရှိတဲ့ အနုပညာရှင်များပြီးရင် ဒုတိယ စိတ်ဝင်စားခြင်း ခံရသူတွေကတော့ အကယ်ဒမီ ဗန်းကိုင်တွေပဲ ဖြစ်ပါတယ်။
အဲဒီလို စိတ်ဝင်စားခံရလောက်အောင်လည်း ဗန်းကိုင်တွေက အရည်အချင်းရော ရုပ်ရည်ရော ချောမော လှပကြပါတယ်။ ဒီနေ့ အနုပညာလောကမှာ အောင်မြင်စွာ ရပ်တည်နေနိုင်တဲ့ နာမည်ကြီး မင်းသမီးတချို့ဟာလည်း အကယ်ဒမီ ဗန်းကိုင်များအဖြစ် တချိန်က ဆောင်ရွက်ခဲ့ကြသူတွေ ရှိပါတယ်။
ဒီလို အများစိတ်ဝင်စားခံရတဲ့ အကယ်ဒမီ ဗန်းကိုင်များကို ၂၀၁၄ ခုနှစ်က ပြုလုပ်တဲ့ မြန်မာရုပ်ရှင် ထူးချွန်ဆု ချီးမြင့်တဲ့ အခမ်းအနားမှာတော့ “ရွှေကြို” များအဖြစ် ပြောင်းလဲ ခေါ်ဆိိုခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသမီးများ သာမက အမျိုးသားများကိုပါ ပွဲထုတ်လာခဲ့ပါတယ်။ အကယ်ဒမီ ဗန်းကိုင်ဖြစ်တလဲ ရွှေကြိုတွေ အပေါ် ပရိသတ် စိတ်ဝင်စားမှုကတော့ အမြဲရှိနေပါတယ်။
ဒီနှစ်ကျင်းပမယ့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးအပ်ပွဲ အခမ်းအနားအတွက် ရုပ်ရှင်အစည်းအရုံးက ကြီးမှူးပြီး ကျင်းပမှာဖြစ်သလို ရွှေကြိုအမျိုးသားများနဲ့ အမျိုးသမီးများကိုလည်း ရွေးချယ်ပြီးဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ ရွှေကြို အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၁၀ ဦးကိုလည်း ပွဲအခမ်းအနားအတွက် ကြိုတင်လေ့ကျင့်ပြင်ဆင်မှုများ လုပ်ပေးနေပြီဖြစ်ပါတယ်။ ပရိသတ် စိတ်ဝင်စားကြတဲ့ ရွှေကြိုမောင်မယ်များထဲက တချို့ကို ဧရာဝတီက ဆက်သွယ်မေးမြန်းပြီး ဖော်ပြပေးလိုက်ပါတယ်။
ရွှေသွန်းခ
ညီမ နာမည်က ရွှေသွန်းခပါ။ အသက်က ၂၁ နှစ်ပါ ပညာအရည်အချင်းက အင်္ဂလိပ်ဘာသာ နောက်ဆုံးနှစ်ပါ။ ညီမ ရွှေကြို ဝင်လျှောက်ဖြစ်တာက ညီမက ရှေ့လျှောက် အနုပညာအလုပ်တွေ လုပ်ဖို့ရှိပါတယ်။ ရှေ့ဆက်ပြီး ကိုယ်လျှောက်ခဲ့တဲ့ အနုပညာလမ်းမှာ ရွှေကြိုတယောက် ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ အမှတ်တရလေးလည်း ရှိချင်လို့ပါ။
အခုလို ရွှေကြိုတယောက် ဖြစ်ချင်တဲ့အချိန်မှာ ဖြစ်ခွင့်ရတဲ့အတွက် ပျော်ပါတယ်။ ဒီမတိုင်ခင်က ညီမ ကြော်ငြာလေးတွေ ရိုက်ဖြစ်တယ် ။ ရိုက်ထားတာလေးတွေ ရှိပါတယ်။ ရွှေကြိုမပြိုင်ခင် ကိုယ့်ဘက်က ရုပ်ရှင်နဲ့ ပတ်သက်ပြီး လေ့လာစရာရှိတာတွေကို လေ့လာတယ်။ စာတွေလည်း အများကြီး ဖတ်ခဲ့ရပါတယ်။
အခု အကယ်ဒမီပေးပွဲမှာ ရွှေကြိုလုပ်ပြီးသွားရင် ညီမအနေနဲ့က ရှေ့ဆက်ပြီး အနုပညာလှုပ်ရှားမှု အနေနဲ့ သရုပ်ဆောင်တာနဲ့ ကြော်ငြာတွေ ရိုက်ကူးသွားမှာပါ။
စိုင်းဝဏ္ဏအောင်
ကျနော့် နာမည်ကတော့ စိုင်းဝဏ္ဏအောင်ပါ။ အသက်ကတော့ ၂၂ နှစ်ပါ။ ပြီးခဲ့တဲ့ ၂ လပိုင်းတုန်းက ကျနော်က BE (Civil) နဲ့ ကျောင်းပြီးထားပါတယ်။ ကျနော် ရွှေကြိုပြိုင်ပွဲက ိုဝင်ပြိုင်ဖြစ်တာက ကျနော်က အခု ကျောင်းလည်းပြီးတဲ့အချိန်၊ နောက်ပြီး ကျနော် သရုပ်ဆောင်လောကထဲကို ဝင်ချင်တယ်လေ။ အဲဒီအတွက် ရွှေကြိုက ကျနော်ကို အထောက်အကူလည်း ဖြစ်နိုင်တယ်။ ပြီးတော့ ကျနော့်ရဲ့ ပထမဦးဆုံး ရုပ်ရှင်လောကအတွက် လှုပ်ရှားတဲ့ ပထမခြေလှမ်းလည်း ဖြစ်နိုင်တဲ့အတွက် ကျနော်ဝင်ပြိုင်ဖြစ်တာပါ။
နောက်ပြီး ဒီလိုအခွင့်အရေးဆိုတာက ငယ်ရွယ်တုန်းမှာပဲ ရရှိနိုင်တာလေ။ နောက်တချိန် ကျနော်တို့ အသက်ကြီးလာတဲ့အချိန်မှာ ရွှေကြိုလုပ်ချင်ရင်တောင်မှ လုပ်ခွင့် မရနိုင်တော့ဘူးပေါ့နော်။ အခု ဘာကြောင့် အရွေးခံရတယ်လို့ မြင်မိလဲဆိုရင် သူတို့က ကိုယ့်ရဲ့ အရည်အချင်းကိုလည်း စစ်တယ်လေ။ အရည်အချင်းဆိုတာ ကိုယ့်ရဲ့ ယုံကြည်မှုရှိတာတွေရော၊ မေးတဲ့မေးခွန်းကို ယုံကြည်မှု ရှိရှိနဲ့ တုန့်ပြန်မှု ကောင်းတဲ့အတွက် ရွေးချယ်ခံရတယ်လို့ မြင်ပါတယ်။
ကျနော်က အရင် မော်ဒယ်လ်လုပ်တုန်းက ကျနော်ကို ပရိသတ်တချို့က ကိုးရီးယားမင်းသား လီမင်ဟိုနဲ့ ဆင်တယ်လို့ ပြောပါတယ်။ ဒါက ပရိသတ်တွေ သတိထားမိတာလေးပါ။ ကျနော် ဒီရွှေကြိုပွဲပြီးရင် သရုပ်ဆောင်အလုပ်ကို ဆက်လုပ်မှာပါ။ ဒီနှစ်အတွင်းမှာ ဇာတ်ကားတွေ ရိုက်နိုင်အောင် အတတ်နိုင်ဆုံးကြိုးစားမှာပါ။ တခြားပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့ကတော့ မသေချာတော့ပါဘူး။
ထူးမြတ်
ကျနော်နာမည်က ထူးမြတ်ပါ။ အသက်ကတော့ ၂၃ နှစ်ပါ။ ပညာအရည်အချင်းက UFL (နိုင်ငံခြား ဘာသာ တက္ကသိုလ်) ကို အင်္ဂလိပ် ဒီပလိုမာ တက်နေပါတယ်။ ကျနော်က ရွှေကြိုကို ပြီးခဲ့တဲ့နှစ်တုန်းက တခေါက် ပြိုင်ခဲ့ဖူးပါတယ်။ ဒါက ကျနော်ရဲ့ ဒုတိယ တခေါက် ထပ်ပြိုင်မှုပါ။ ကျနော်က ၂၀၁၀ ခုနှစ်လောက်ကတည်းက မော်ဒယ်လ် စလုပ်ခဲ့တာပါ။ ကြားထဲမှာ ကျနော် ရုပ်ရှင် ၃ ကားမှာလည်း ဒုတိယနေရာကနေ ရိုက်ဖူးပါတယ်။ ဇာတ်လမ်းတွဲတွေလည်း ရိုက်ထားဖူးပါတယ်။ ကျနော်က အဓိက သရုပ်ဆောင်တာကို ဝါသနာပါတာပါ။
ကျနော် ရွှေကြိုဝင်ပြိုင်ဖြစ်တာက ကျနော်ရှေ့လျှောက်မယ့် အနုပညာ ခရီးလမ်းမှာ အများကြီး အထောက်အကူ ဖြစ်မယ်ထင်လို့ ဝင်ပြိုင်ဖြစ်တာပါ။ အပြင်လူတွေ အနေနဲ့ကတော့ ရွှေကြိုဆိုတာ သိပ်ပြီး သတိမထားကြပေမယ့် အဓိက အနုပညာရပ်ဝန်းက လူတွေနဲ့ လူငယ်တွေကြားမှာ ပိုသိကြမယ်လို့ ထင်ပါတယ်။ ရွှေကြိုဆိုတာက ကျနော်တို့အတွက် အထောက်အကူ ကောင်းကောင်းပေးနိုင်တဲ့ နေရာလေးတခုပါပဲ။ အခုဆို ကျနော်တို့ကို လေ့ကျင့်ပေးနေတာ ၃ ရက်ရှိနေပါပြီ။ အဖွင့်သီချင်းရယ်၊ လမ်းလျှောက်တာတွေ လေ့ကျင့်နေပါပြီ။ ကျနော်က ရွှေသွန်းခနဲ့ တွဲရပါတယ်။ ကျနော်တို့ အကောင်းဆုံး လေ့ကျင့်မှုတွေ လုပ်နေပါတယ်။
မီချီကို
ညီမနာမည်က မီချီကိုပါ။ ပညာအရည်အချင်းက တတိယနှစ် အင်္ဂလိပ်စာပါ။ အသက်က ၂၂ နှစ်ပါ။ ညီမက အရင်က အနုပညာ အလုပ်လေးတွေ လုပ်ခဲ့ဖူးပါတယ်။ ညီမ အရင်က မော်ဒယ်လ်လုပ်ခဲ့ဖူးပါတယ်။ ကလေးကတည်းက ညီမက မော်ဒယ်လ် လုပ်ခဲ့ဖူးပါတယ်။ အနုပညာနဲ့ ပတ်သက်ရင်တော့ မစိမ်းဘူးပေါ့နော်။ သရုပ်ဆောင်တာကိုတော့ သရုပ်ဆောင် သင်တန်းလည်း မတက်ထားတော့ အဲဒီအပိုင်းကို နည်းနည်းလေ့ကျင့်ဖို့တော့ လိုမယ်။
အခု ဘာဖြစ်လို့ ရွှေကြိုကို လျှောက်ဖြစ်တာလဲဆိုတော့ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ရင် ရွှေကြိုကလည်း အများကြီး အထောက်အပံ့ဖြစ်မယ် ထင်လို့ပါ။ ကိုယ်ကလည်း တကယ် သရုပ်ဆောင်ဖြစ်ချင်တဲ့ စိတ်ကလည်း ဝင်လာပြီဆိုတော့ ရွှေကြိုကို ဝင်လျှောက်ဖြစ်တာပါ ။ မနှစ်ကလည်း ရွှေကြို ဝင်လျှောက်ဖူးတယ်။ ဒါပေမယ့် သေချာ မပြင်ဆင်ဖြစ်ခဲ့တော့ အရွေးမခံခဲ့ရဘူး။ ညီမကို ပရိသတ်က ကိုရဲလေးရဲ့ တတိယကာရန် အခွေထဲက MTV ရိုက်တုန်းက “သိစေချင်တယ်” ဆိုတဲ့ MTV မှာ သတိထားမိကြပါတယ်။ နောက်ပြီး ကိုယ်က မီချီကို၊ ပင်ကီကို ၊ ဆွီတီကို ဆိုပြီး ညီအစ်မ ၃ ယောက်ရှိတော့ သတိထားမိကြတာလည်း ပါတယ်။
အခုရွှေကြိုလုပ်ပြီးရင် သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ကမ်းလှမ်းလာရင် သရုပ်ဆောင်လုပ်ဖြစ်ပါမယ်။
အေးငြိမ်းဖြူ
ညီမက အသက် ၂၀ ပါ။ ပညာအရည်အချင်းက အင်္ဂလန်ကပေးတဲ့ အနုပညာကျောင်းက ဒီပလိုမာဘွဲ့လည်း ရထားဖူးပါတယ်။ အခုလက်ရှိကတော့ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်မှာ ပထမနှစ် တက်နေပါတယ်။
ရွှေကြိုကို ဝင်ပြိုင်ဖြစ်တာက ဟိုးအရင်နှစ်တုန်းက ဗန်းကိုင်တုန်းက ညီမ လျှောက်ခဲ့ဖူးသေးတယ်လေ။ အဲဒီတုန်းက မပါခဲ့ဘူး။ မနှစ်တုန်းကလည်း လျှောက်မလို့ပဲ၊ မလျှောက်ဖြစ်ဘဲ ဒီနှစ်မှ ပြန်လျှောက်ဖြစ်ခဲ့တာပါ။ ရွှေကြိုကတော့ ညီမအရင်ထဲက ဖြစ်ချင်ခဲ့တာပါ။ ညီမက ရွှေကြိုကို မင်းခန့်ညီနဲ့ တွဲရမှာပါ။
ညီမ ဘာကြောင့် ရွေးချယ်ခံရတယ်လို့ ထင်မိလဲဆိုရင် ညီမက အကောင်းဆုံး ကြိုးစားခဲ့တယ်။ ဒိုင်တွေ လုပ်ခိုင်းတဲ့ Talent တွေ အပေါ်ရော စကားပုံတွေ အပေါ်မှာရော အကုန်လုံး ဖြေနိုင်ခဲ့လို့ ထင်မိပါတယ်။ အခုဆိုရင် ညီမတို့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာပဲ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ Training ဆင်းနေပါတယ်။ ကြိုတင်လေ့ကျင့်မှုတွေ လုပ်နေပါတယ်။
ညီမရဲ့ အနုပညာလှုပ်ရှားမှုဆိုရင် Laurel Art က လုပ်တဲ့ မြန်မာ့အသံမှာပြနေတဲ့ ရေဒီယိုနောက်ခံစကားပြောတွေနဲ့ ဇာတ်လမ်းကို ရိုက်ကူးနေပါတယ်။ အခုဆိုရင် “ဘာတဲ့လဲဟေ့” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရိုက်ကူးနေပါတယ်။ အခု ရွှေကြိုလုပ်ပြီးသွားရင်လည်း ရှေ့ဆက်ပြီးတော့ အနုပညာလှုပ်ရှားမှုတွေကို လုပ်နေဦးမှာပါပဲ။