မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ် ပီနန်မြို့ ပေါ် မှာ နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်း ရှိပြီဖြစ်တဲ့ ဓမိ္မကာရာမ မြန်မာဘုန်းကြီးကျောင်း (Dhammikarama Burmese Buddhist Temple) ရှိပါတယ်။
အဲဒီ ဘုန်းကြီးကျောင်း ကို ၁၈၀၃ ခုနှစ် မှာ စတင် တည်ထောင်ခဲ့တာကြောင့် သက်တမ်းအားဖြင့် ၂၁၃ နှစ် ရှိပြီဖြစ်သလို ပီနန်မြို့ရဲ့ ပထမဆုံး မြန်မာဘုန်းကြီးကျောင်း ဖြစ်ပါတယ်။
ဓမိ္မကာရာမ မြန်မာဘုန်းကြီးကျောင်းဟာ ပီနန်မြို့ရဲ့ World Heritage Site လို့ သတ်မှတ်ခံထားရတဲ့ Gorge Town ရဲ့ the enclave of Burmah Lane မှာ တည်ရှိတာ ဖြစ်ပါတယ်။
ကျောင်းထိုင်ဆရာတော်အဖြစ် ပီနန်ဆရာတော်လို့ လူသိများတဲ့ ဆရာတော် ဦးပညာဝံသက ဦးစီးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ဆရာတော် ဦးပညာဝံသဟာ ရန်ကုန်မြို့က မဟာသန္တိသုခ ဘုန်းတော်ကြီးကျောင်းကို ဦးစီးတည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဓမိ္မကာရာမ ဘုန်းကြီးကျောင်းဝန်းထဲကို လာရောက် လေ့လာကြတဲ့ ခရီးသွား ဧည့်သည်တွေကို ပရိတ်ကြိုးများ ပေးသလို ပရိတ်ရေများ ပက်ဖျန်းပေးပြီး အန္တရာယ်ကင်း ပရိတ်တရား ရွတ်ဖတ်ပေးတာမျိုးလည်း တွေ့ခဲ့ရပါတယ်။
ဓမိ္မကာရာမ မြန်မာဘုန်းကြီးကျောင်းကို ကမ္ဘာလှည့် ခရီးသွား အများစု က စိတ်ဝင်တစား လာရောက် လေ့လာကြတာကြောင့် ပီနန်မြို့ရဲ့ ခရီးသွားလာမှု အကောင်းဆုံး စာရင်းထဲမှာ ထည့်သွင်း ဖော်ပြထားတယ်လို့ သိရပါတယ်။
ဘုန်းကြီးကျောင်းဝန်းထဲ မှာတော့ ဘုရား ဆင်းတုတော်များ၊ ရုပ်ပုံကားချပ်များ၊ ဘာသာရေးဆိုင်ရာ စာအုပ်စာတမ်းများ အပြင် သိမ်ကျောင်းတော်၊ ရှင်ဥပဂုတ္တ ကျောင်းတော်၊ လိပ်နှင့်ငါးကန် စတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အထိမ်းအမှတ် ပစ္စည်များစွာလည်း ရှိပါတယ်။