ပြည်တွင်းရဲ့ Superminiလောကမှာတော့ Swiftကို ဈေးကွက်ယှဉ်နိုင်တဲ့ မော်ဒယ် မရှိသလောက်ပါပဲ။ ရုပ်ထွက်ပိုင်း ဆွဲဆောင်မှု အားကောင်းတာကြောင့် ဖြစ်ပြီး အထူးသဖြင့် လူငယ်ကြိုက် ရုပ်ထွက်မျိုး ဖြစ်ပါတယ်။ ဂျပန် အခြေစိုက် မော်တော်ကား ကုမ္ဗဏီ Suzukiရဲ့ ထုတ်လုပ်မှု ဖြစ်ပြီးတော့ ၁၉၈၃ခုနှစ်ကတည်းက ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကုမ္ဗဏီရဲ့ သတ်မှတ်ချက်အရပဲ ၁၉၈၃ခုနှစ်ကတည်းက Swiftတွေ ထုတ်လုပ်နေတာ ဖြစ်ပေမယ့် အဆိုပါ အချိန်ကတော့ မော်ဒယ်ရဲ့ နာမည်က Swiftမဟုတ်သေးတာကြောင့် ကျွန်တော်ကတော့ Swiftရယ်လို့ ခေါ်လာတဲ့ အချိန်က စပြီးတော့ပဲ Swift လို့ ဆိုချင်ပါတယ်နော်။ မြို့တွင်းသုံး မော်ဒယ် အနေနဲ့ ဖန်တီးထားတာ ဖြစ်သလို အင်ဂျင် အရှေ့ထိုင်စနစ်နဲ့ ရှေ့ဘီးယက်စနစ်သုံး မော်ဒယ် အနေနဲ့ပဲ ထွက်ရှိပါတယ်။
ဒါနဲ့ အရှေ့မှာ ပြောခဲ့တဲ့ Swiftအမည် မတွင်ခင် မော်ဒယ်ရဲ့ နာမည်ကတော့ Cultusဖြစ်ပြီး နိုင်ငံပေါင်းများစွာကို တင်ပို့ရောင်းချခဲ့သလို ၂၀၀၀ပြည့်နှစ်မှာမှ ဂျပန်မှာ Swiftနာမည်နဲ့ ပြောင်းလဲ ထုတ်လုပ်ရောင်းချလာတာ ဖြစ်ပါတယ်။ ဒီလိုမျိုး Cultusအမည်နဲ့ မော်ဒယ်တွေ ထုတ်လုပ်ချိန်က Swiftအနေနဲ့ အခုလို Superminiအဖြစ် မဟုတ်ဘဲ ကိုယ်ထည် ပုံစံ ၄ မျိုးတောင်မှ ရနိုင်တာပါ။
တံခါးသုံးပေါက်စနစ် Hatchbackရယ်၊ တံခါးလေးပေါက်စနစ် ဆီဒင်ရယ်၊ တံခါးငါးပေါက်စနစ် Hatchbackရယ်နဲ့ တံခါးနှစ်ပေါက်စနစ် အမိုးဖွင့် မော်ဒယ်တွေပဲ ဖြစ်ပါတယ်။ Swiftရဲ့ ပထမ မျိုးဆက်ကိုတော့ Cultusမျိုးဆက်ကနေ Swiftအဖြစ်နဲ့ ပြောင်းလဲ ထုတ်လုပ်ခဲ့တဲ့ ၂၀၀၀ပြည့်နှစ်ထုတ် မော်ဒယ်တွေကနေ စပြောရမှာ ဖြစ်ပြီး Platform စနစ် ၄ မျိုးနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ HT51Sနဲ့ HT81Sတွေကိုတော့ ၂၀၀၀ခုနှစ်ကနေ ၂၀၀၆ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေမှာ သုံးပြီးတော့ HR51Sနဲ့ HR81Sတွေကိုတော့ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၈ခုနှစ်အတွင်း ထုတ်လုပ်ခဲ့တဲ့ မော်ဒယ် တွေမှာ သုံးခဲ့ပါတယ်။
ပထမမျိုးဆက်မှာတော့ တံခါးသုံးပေါက်စနစ်နဲ့ တံခါး ငါးပေါက်စနစ် Hatchbackပုံစံ နှစ်မျိုးပဲ ထုတ်လုပ်ပြီး ရှေ့ဘီး ယက်စနစ် နဲ့လည်း ရနိုင်သလို လေးဘီးယက်စနစ်နဲ့လည်း ထုတ်လုပ်ပါတယ်။ ဒီမျိုးဆက်မှာ အင်ဂျင်စနစ် သုံးမျိုးထိအောင် ထုတ်လုပ်ပြီး ၁ ဒသမ ၃လီတာသုံး ဓါတ်ဆီအင်ဂျင်စနစ်နဲ့ ၁.၅လီတာသုံး ဓါတ်ဆီ၊ ဒီဇယ် အင်ဂျင်စနစ်တွေ ဖြစ်ပါတယ်။
Transmission ပိုင်းမှာတော့ နှစ်မျိုးပဲ ရသေးပြီးတော့ ၄ချက် Autoစနစ်နဲ့ ၅ချက် Manualစနစ်တွေ တွေ့ရသလို အဆိုပါ အချိန်ကတော့ Manualစနစ်တွေ အားကောင်းသလို လူကြိုက်များခဲ့ပါသေးတယ်။ ဒီနေရာမှာ မှတ်စရာ တစ်ခု ရှိတာက ပထမ မျိုးဆက် အနေနဲ့ Swiftကို ထုတ်လုပ်ချိန်မှာ Cultusမော်ဒယ်ကို ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်သလို ဂျပန် ပြည်တွင်းမှာပဲ Swift အမည်နဲ့ မော်ဒယ်ကို ထုတ်လုပ်ပြီးတော့ ပြည်ပ ဈေးကွက်အတွက်ကိုတော့ Ignisအမည်နဲ့ တင်ပို့ရောင်းချတာ တွေ့ရတာပါပဲ။
မော်ဒယ်ရဲ့ ဒုတိယ မျိုးဆက်ကိုတော့ ၂၀၀၄ခုနှစ်ကနေ ၂၀၁၀ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် Suzukiရဲ့ လက်ခွဲ ကုမဏီ Maruti Suzukiရှိတဲ့ အိန္ဒိယမှာတော့ ၂၀၀၄ခုနှစ်ကနေ ၂၀၁၁ခုနှစ်ထိအောင် ဒုတိယ မျိုးဆက် အနေနဲ့ ထုတ်လုပ်သလို ပါကစ္စတန်မှာ ဆိုရင် ၂၀၁၀ခုနှစ်မှာ ဒုတိယ မျိုးဆက်ကို စတင် ထုတ်လုပ်ပြီး လက်ရှိ အချိန်ထိအောင် ဒုတိယ မျိုးဆက် တန်းဝင် မော်ဒယ်တွေပဲ ထုတ်လုပ်နေဆဲပါ။ ကိုယ်ထည်ပိုင်းမှာ ပထမမျိုးဆက်က ကိုယ်ထည် ပုံစံ နှစ်မျိုးအပြင် နောက်ထပ် တံခါးလေးပေါက်စနစ် ဆီဒင်ကိုပါ တိုးမြှင့်ထုတ်လုပ်လာပေမယ့် လေးဘီးယက်စနစ် မော်ဒယ်တွေကိုတော့ နားလိုက်ပါတယ်။
အင်ဂျင်ပိုင်းမှာ ၁ ဒသမ ၂လီတာသုံး ဓါတ်ဆီအင်ဂျင်၊ ၁ ဒသမ ၃လီတာသုံး ဓါတ်ဆီအင်ဂျင်၊ ၁ ဒသမ ၅လီတာသုံး ဓါတ်ဆီ အင်ဂျင်၊ ၁ ဒသမ ၆လီတာသုံး ဓါတ်ဆီအင်ဂျင်နဲ့ ၁ ဒသမ ၃လီတာသုံး ဒီဇယ်အင်ဂျင်စနစ်တွေကို တိုးမြှင့်ထုတ်လုပ်လာတာပါ။ Transmissionပိုင်းမှာတော့ Autoစနစ်တွေ လူကြိုက်များလာပြီး ၅ချက် Manualစနစ်နဲ့ ၄ချက် Auto မော်ဒယ်တွေကို ထုတ်လုပ်တာ တွေ့ရပါတယ်။
မော်ဒယ်ရဲ့ တတိယမျိုးဆက်ကိုတော့ Swiftအနေနဲ့တင် မဟုတ်တော့ပဲ Maruti Suzuki Swift Dzireအမည် အနေနဲ့ပါ လူသိများလာပါတယ်။ ၂၀၁၀ခုနှစ်ကနေ မျိုးဆက် ပြောင်းလဲ ထုတ်လုပ်လာတာ ဖြစ်ပြီးတော့ လက်ရှိ အချိန်ထိအောင် တတိယမျိုးဆက် အနေနဲ့ပဲ တွေ့ရပါသေးတယ်။ ဂျပန်၊ ဟန်ဂေရီ၊ အိန္ဒိယ၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာ မော်ဒယ်တွေကို တပ်ဆင်ထုတ်လုပ်ပြီးတော့ ကိုယ်ထည်ပိုင်းကလည်း ဒုတိယမျိုးဆက်က အတိုင်း သုံးမျိုးဆက်လက် ထုတ်လုပ်နေတာ ဖြစ်ပေမယ့် ကျွန်တော်တို့ ပြည်တွင်းမှာတော့ ဆီဒင် တန်းဝင် မော်ဒယ်တွေ မတွေ့ရပါဘူး။ နောက်ဆုံးမျိုးဆက်မှာတော့ Suzuki Ertigaမော်ဒယ်နဲ့ ဖန်တီးမှုချင်း ဆင်တူလာသလို အင်ဂျင်စနစ်မှာ ၁ ဒသမ ၂လီတာသုံး၊ ၁ ဒသမ ၄လီတာသုံး၊ ၁ ဒသမ ၆လီတာသုံး ဓါတ်ဆီအင်ဂျင်စနစ်တွေနဲ့ ၁.၃လီတာသုံး ဒီဇယ် အင်ဂျင်စနစ်တွေကို တွေ့ရပါတယ်။
Transmission ပိုင်းရဲ့ Manual စနစ်မှာ ဂီယာချက် တိုးမြှင့်ထုတ်လုပ်လာပြီးတော့ ၅ချက်နဲ့ ၆ချက်တွေ တွေ့ရသလို Autoမှာတော့ ၄ချက်တည်းပါပဲ။ ဒါပေမယ့် CVTပုံစံနဲ့ ဂီယာ ၇ချက်သုံး Manual Modeနဲ့ မော်ဒယ်တွေလည်း တွေ့ရပါသေးတယ်။
နောက်ဆုံး မော်ဒယ်နဲ့ ပတ်သတ်တဲ့ လုံခြုံစိတ်ချရမှု စစ်ဆေးချက်မှာတော့ Superminiတန်းဝင်ထဲမှာ တစ်စီးလုံး အတိုင်းအတာ ကြယ်ငါးပွင့်ရသလို၊ အရွယ်ရောက် ခရီးသည် လုံခြုံစိတ်ချရမှုအတွက် ရာခိုင်နှုန်း ၉၄၊ ကလေးငယ်တွေ အတွက် ရာခိုင်နှုန်း ၈၂၊ အသက်ကယ် အကူစနစ်အတွက် ရာခိုင်နှုန်း ၇၁နဲ့ ရလဒ်ကောင်းတွေ ရထားပါတယ်။
Swiftအမည်နဲ့ အစီးရေ တစ်သန်းမြောက်ကို ၂၀၁၄ခုနှစ် သြဂုတ်လမှာ ရောင်းချထားနိုင်ခဲ့သလို အဆိုပါ အစီးရေရဲ့ ထက်ဝက်လောက်က အိန္ဒိယမှာ ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် Swiftအနေနဲ့သာ အစီးရေ တစ်သန်းက ၂၀၁၄ခုနှစ်အတွင်းရောင်းနိုင်ခဲ့တာ ဖြစ်ပေမယ့် နာမည်မပြောင်းခင် အချိန်ကတည်းက ရောင်းချရမှုမှာတော့ အစီးရေ တစ်သန်းကို ၂၀၁၈ခုနှစ်ကတည်းက ပြည့်မီအောင် ရောင်းချနိုင်ခဲ့တာ ဖြစ်သလို ၂၀၁၁ခုနှစ်မှာ အစီးရေ ၂သန်း ရောင်းချနိုင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။