ဒီနှစ် မဟာသင်္ကြန် ပွဲတော်ရက်ကြီးက တဖြည်းဖြည်း နီးလာပါပြီ။ သင်္ကြန်မှာ ကဲမယ့်လူငယ်တွေ၊ ကိုကို မမတွေ အားလုံး အဆင်သင့် ဖြစ်နေကြပြီ ထင်ပါတယ်။
သင်္ကြန်ရောက်ပြီဆိုရင် ပျော်တတ်တဲ့လူငယ်တွေ သင်္ကြန်ကို ဘယ်လို ဖြတ်သန်းမယ်၊ ဘယ်လို ကုန်ဆုံးမယ်ဆိုတာ ခုကတည်းက အစီအစဉ်တွေ ဆွဲနေလောက်ပြီ မဟုတ်လား။ သင်္ကြန်ဆို မဏ္ဍပ် ထိုင်မယ်၊ မဏ္ဍပ်ဆောက်မယ်၊ လည်မယ်ပတ်မယ်၊ အိမ်တွင်းပုန်းမယ် စသဖြင့် ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှိကြမှာပါ။
ရန်ကုန်သင်္ကြန်မှာဆို မဏ္ဍပ်တွေမှာ ဖျော်ဖြေမှုထက်ကို မဏ္ဍပ်တွေမှာ ဖွင့်တဲ့ မြူးကြွတဲ့ Electro Music တွေ၊ DJ တီးခတ်မှုတွေက လူငယ်တွေကို ပိုပြီး ဆွဲဆောင်နိုင်ပါတယ်။
သင်္ကြန်မှာ ကဲကြနွှဲကြမယ့် လူငယ်တွေအတွက် အခု လတ်တလော Facebook မှာ ရေပန်းစားနေတဲ့ ၂၀၁၆ ခုနှစ်ရဲ့ ရန်ကုန်သင်္ကြန် မဏ္ဍပ်တချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
လတ်တလော လူငယ်တွေကြားမှာ ခေတ်စားနေတဲ့ ရန်ကုန်မြို့၊ ပြည်လမ်း၊ ကမ္ဘာအေး ဘုရားလမ်း နဲ့ ကန်တော်ကြီး ပတ်လမ်းပေါ်က ရေကစား မဏ္ဍပ်တွေကတော့ Thingyan Music Festival (TMF), Barrack, Black Jack, Project X, Exodus, Overdose, OMG, RAVE F7, Poseidon, ရုပ်သေး စတဲ့ မဏ္ဍပ်တွေပဲ ဖြစ်ပါတယ်။
မဏ္ဍပ်တွေရဲ့ လက်မှတ်ဈေးနှုန်းတွေကတော့ အစားစားပါပဲ။ ပထမရက် သင်္ကြန်အကြိုနေ့၊ Day1 ကို ကျပ် တသောင်းကျော်ကနေ အကြို၊ အကျ၊ အကြတ်၊ အတက် All Day ရေကစားမယ် ဆိုရင် ၅ သောင်း၊ ၆ သောင်း၊ ၇ သောင်းထိ အမျိုးမျိုး ရှိပါတယ်။
“ညီမတို့ မဏ္ဍပ်မှာ Facilities အနေနဲ့က နေ့လည်စာပါမယ်။ Beer Free Flow ပါမယ်။ ပြီးတော့ CCTV အပြည့် 24 hours ထားထားပေးမယ်။ Security အပြည့်လည်း ထားထားပေးပါတယ်။ လက်မှတ်က မတ်လမှာ ဝယ်ရင် ၄ သောင်းခွဲပါ။ ဧပြီမှာဝယ်ရင် ၆ သောင်းပါ။ VIP Ticket အနေနဲ့က ၈ သိန်းကို ၅ ယောက်လာလို့ရတယ်။ ဒါက မတ်လဈေးပါ။ ဧပြီ ဈေးကျတော့ ၁၀ သိန်းပါ။ VIP အတွက်က Blue Label တနေ့တလုံး ဖောက်ပေးမှာပါ” လို့ ရုပ်သေး မဏ္ဍပ်ရဲ့ Organizer တဦးဖြစ်သူ မော်ဒယ် ခိုင်သဇင်ငုဝါက ဧရာဝတီကို ပြောပါတယ်။
သူက ဆက်ပြီး “ညီမတို့က မဏ္ဍပ်ဒီဇိုင်းကို အမြင်ဆန်းအောင် လုပ်ဖို့ရှိပါတယ်။ ဒီဇိုင်းကတော့ မပြောသေးဘူး။ မဏ္ဍပ် ထွက်လာမှပဲ စောင့်ကြည့်ကြပါလို့ ပြောချင်ပါတယ်။ ညီမတို့ ရုပ်သေးမဏ္ဍပ်မှာ ‘ရုပ်သေး’ ရုပ်တွေကတော့ ပါမှာပါ။ ဖျော်ဖြေရေး ကတော့ မပါဘူး။ ညီမတို့က DJ တွေနဲ့ပဲ သွားမှာ။ DJ သမား ၇ ယောက်ပါပါတယ်” လို့ ဆိုပါတယ်။
ဒီနှစ်ကတော့ ရာသီဥတု အပူရှိန် အရမ်းပြင်းလို့ ရေကစားတဲ့အခါ အယ်လ်နီညို အန္တရာယ် အပူဒဏ်ကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ သင်္ကြန်မှာ ကဲဖို့ စိတ်ကူးထားတယ်ဆိုရင် ခုကတည်းက ကိုယ်ထိုင်ချင်တဲ့ မဏ္ဍပ်လက်မှတ်တွေ ကြိုဝယ်လို့ ရနေပါပြီ။ လက်မှတ်တွေက မတ်လ ဈေးနှုန်းနဲ့ ဧပြီလဈေးနှုန်း မတူတာကြောင့် သင်္ကြန်မတိုင်ခင် ခုကတည်းက ဝယ်ထားဖို့ လက်တို့ လိုက်ပါတယ်။