အိပ်မက်လှလှတွေက မွှေးပျံ့တဲ့ရနံ့နဲ့မှ အလည်လာတတ်တယ်လို့ သုတေသနတွေအရ သိရပါတယ်။ အနံ့ဆိုးတွေကျတော့ အဆင်မပြေပါဘူးတဲ့။ လေ့လာချက်တွေအရ နှင်းဆီပန်းရနံ့လေးတွေနဲ့ အခန်းမှာ အိပ်စက်တာက ချိုမြိန်စရာ အိပ်မက်ကောင်းတွေ ပိုမက်ပါသတဲ့။ ကြက်ဥပုပ်နံ့ရနေတဲ့ အခန်းထဲက လူတွေတော့ အိပ်မက်ဆိုးသာ မက်ကြပါသတဲ့။ အိပ်မက်ဆိုင်ရာဦးနှောက် အစိတ်အပိုင်းတွေက ရနံ့နဲ့ ဆက်နွှယ်နေတာကို ပြပါတယ်။
မှတ်ဉာဏ်ဆိုင်ရာ
တချို့ သုတေသနတွေ အလိုအရ အိပ်မက်က မှတ်ဉာဏ်ကောင်းဖို့ အထောက်အကူလို့ ဆိုပါတယ်။ မှတ်ဉာဏ်တွေ သိမ်းဆည်း၊ ပြဿနာတွေဖြေရှင်း၊ စိတ်ခံစားမှုတွေ ထိန်းချုပ်နိုင်စွမ်းတွေကို အိပ်မက် မက်တာကနေ ရတတ်ပါသတဲ့။
ဆေးဝါးတွေ
တချို့ဆေးဝါးတွေက အာရုံကြောစနစ်ကို ထိပါးပြီး အိပ်မက်ဆိုးတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် စိတ်ကျရောဂါ သက်သာစေတဲ့ ဆေးတွေ၊ မူးယစ်ဆေးဝါးတွေနဲ့ အိပ်ဆေးတွေပါ။
ကျား/မ နဲ့ အိပ်မက်
အမျိုးသမီးတွေက အမျိုးသားတွေထက် အိပ်မက်ဆိုးတွေ ပိုမက်တတ်ပါသတဲ့။ အမျိုးသမီးတွေက အိပ်မက်ကို ပိုပြီး ပြန်မှတ်မိတတ်တာကြောင့်လည်း အိပ်မက်ဆိုးတွေကို ပြန်ပြောပြနိုင်ကြတာပါ။
အိပ်မက်အဓိပ္ပါယ်
တချို့က အိပ်မက်တွေကို အဓိပ္ပါယ်ဖွင့်ဖို့ ဝါသနာပါကြပါတယ်။ တကယ်တော့ အိပ်မက်ဆိုတာက ခံစားချက်တခုခု ဘယ်လောက် ပြင်းထန်နေလဲ၊ စိတ်ဖိစီးမှု ဘယ်လောက်များနေလဲ ဆိုတာကို ညွှန်းတာပါ။ တချို့ကလည်း လူတွေရဲ့ အားနည်းချက်ကို တွေ့မြင်ရာက အိပ်မက်တိတ္တုံတွေ လုပ်လာကြတာလို့ဆိုပါတယ်။ ကိုယ် အိပ်မက် မက်ခဲ့တာ ဘာအဓိပ္ပါယ်ရှိလဲ ကိုယ့်ဖာသာ ပြန်ဆန်းစစ်လို့ ရတာပါ။
အိပ်မက်ကိုမှတ်မိတာကောင်းလား
အိပ်မက်ဆိုတာ မှတ်မိဖို့ ခက်ပါတယ်။ တချို့တော့လည်း နိုးတာနဲ့ပြန်ရေးမှတ်လေ့ ရှိကြသတဲ့။ တချို့လည်း ပြန်စဉ်းစားလို့ လုံးဝ မထွက်ပေမယ့် နောက်မှ တဖြည်းဖြည်း ပြန်မှတ်မိလာတတ်ပါသတဲ့။ ဒါကိုကောင်းတဲ့ လက္ခဏာလို့ ဆိုကြပါတယ်။
မတူရင် မတူဘူး
နိုင်ငံတူ၊ ယဉ်ကျေးမှု တူသူတွေမှာ ဆင်တူ အိပ်မက်တွေ မက်ပါတယ်တဲ့။ တချို့ ချွင်းချက်တွေရှိပေမယ့် အများစုမှာတော့ ဒီအတိုင်းပဲလို့ ဆိုပါတယ်။
ကင်းတဲ့သူရှိသလား
လူမှန်ရင် အိပ်မက် မမက်တာ မရှိပါဘူးတဲ့။ မမှတ်မိတာသာ ဖြစ်ပါလိမ့်မယ်။အများအားဖြင့်တော့ မနက်ရောက်ရင် အိပ်မက်တွေကို တကူးတက ပြန်တွေးလို့တောင် မရတတ်ဘူးမဟုတ်လား။
မွေးရာပါ အမြင်အာရုံ ချို့တဲ့သူတွေ
မွေးရာပါ အမြင်အာရုံ ချို့တဲ့သူတွေအဖို့ အိပ်မက်တွေမှာလည်း အမြင်အာရုံနဲ့ ပတ်သက်တာကို မမက်ကြပါဘူးလို့ သုတေသနတွေက ဆိုပါတယ်။ ငယ်ငယ်ကလေး ကတည်းက မျက်စိကွယ်သွားရင်လည်း အမြင်အာရုံဆိုင်ရာ အိပ်မက်တွေ ရှားပါးတတ်ပါတယ်။ ကြီးမှ မျက်စိကွယ်သူတွေကတော့ အမြင်အာရုံ အိပ်မက်တွေ မက်ကြပါတယ်။
အိပ်မက်တွေဟာ အိပ်မပျော်တပျော် ကာလမှာရော၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေစဉ်မှာရော မက်တတ်ပါတယ်။ အိပ်မက်ဆိုတဲ့ သဘာဝ လက်ဆောင်ကိုပဲ အနုပညာဖွဲ့၊ နိမိတ်ကောက်တွေ လုပ်ရင်း လူတွေကတော့ အိပ်မက်တောမှာ ပျော်မောလေ့ရှိတာ အမှန်ပါ။