“Good Doctor” ၊ “Yong-pal” စတဲ့ ရုပ်သံဇာတ်လမ်းများနဲ့ အောင်မြင်ကျော်ကြားလာတဲ့ ကိုရီးယားသရုပ်ဆောင် ဂျိုဝမ် (Joo Won) ဟာ မကြာခင်မှာ စစ်မှုတာဝန် ထမ်းဆောင်ရတော့မယ်လို့ သူ့ရဲ့အနုပညာအေဂျင်စီ Sim Entertainment မှ သတင်း ထုတ်ပြန်ထားပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ အခြေခံဥပဒေအရ အမျိုးသားတိုင်းဟာ အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်းမှာ စစ်မှုတာဝန် ၂ နှစ် တိတိ ထမ်းဆောင်ရပါတယ်။ အခုလည်း ကိုရီးယားမင်းသား ဂျိုဝမ်ဟာ သူ့နိုင်ငံရဲ့ အခြေခံဥပဒေအရ စစ်မှုထမ်းရတော့မှာ ဖြစ်ပါတယ်။ ဂျိုဝမ်ဟာ တာဝန် မထမ်းဆောင်ခင်မှာ “My Sassy Girl” လို့ ယာယီနာမည်ပေးထားတဲ့ ရုပ်သံဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ပြီးမှ တာဝန်ထမ်းဆောင်မှုကို စတင်မယ်လို့ ဆိုပါတယ်။
ယခင်က “My Sassy Girl” နာမည်နဲ့ ချားထယ်ဟွန်းနဲ့ ဂျန်ဂျီဟွန်းတို့ သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ဟာလည်း အာရှဒေသမှာ အောင်မြင်တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ခဲ့ဖူးပါတယ်။ အခု ဂျိုဝမ် ပါဝင်သရုပ်ဆောင်မယ့် My Sassy Girl ရုပ်သံဇာတ်လမ်း ကတော့ ယခင်ရုပ်ရှင်ကို အခြေခံပြီး ဇာတ်ညွှန်း ခွဲထားတယ်လို့ သိရပါတယ်။
အတူတွဲသရုပ်ဆောင်မယ့် မင်းသမီးကို အနုပညာအေဂျင်စီမှ ထုတ်ဖော်ခြင်းမရှိသေးပေမယ့် ဒီရုပ်သံဇာတ်လမ်းကို ကိုရီးယားနိုင်ငံတွင်းက ရုပ်သံလိုင်းများသာမက၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံများမှာရှိတဲ့ ရုပ်သံလိုင်းတွေမှာပါ တပြိုင်နက် ထုတ်လွှင့်ပြသနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဂျိုဝမ်ဟာ သရုပ်ဆောင်လောကထဲကို သာမန် ဇာတ်ပို့အနေနဲ့ ဝင်ရောက်လာခဲ့သူတဦးပါ။ သူ အသက် ၁၉ နှစ်မှာ Music Video တခုမှာ သရုပ်ဆောင်ရင်းနဲ့ သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။ အဲဒီနောက် ရုပ်သံဇာတ်လမ်း တွေမှာ ဇာတ်ပို့အဖြစ်နဲ့ အချိန်ကာလအတော်ကြာ သရုပ်ဆောင်ခဲ့ရပြီး ယခုအခါမှာတော့ ဂျိုဝမ်ဟာ ကိုရီးယား သရုပ်ဆောင် စာရင်းမှာ A- List စာရင်းဝင်တဦးဖြစ်လို့နေပါပြီ။
သာမန် ဇာတ်ပို့အဖြစ်နဲ့ သရုပ်ဆောင်ခဲ့ရတဲ့ ဂျိုဝမ်ဟာ ၂၀၁၃ ခုနှစ်က MBC ရုပ်သံက ထုတ်လွှင့်ပြသခဲ့တဲ့ “7th Grade Civil Servant” ဆိုတဲ့ ရုပ်သံဇာတ်လမ်းမှာ ပရိသတ်အားပေးမှုများစွာ ရရှိခဲ့ပြီး၊ မွန်းချေဝမ်နဲ့ တွဲဖက်ကာ “Good Doctor” ရုပ်သံဇာတ်လမ်းကို သရုပ်ဆောင်ခဲ့ရာမှာ သရုပ်ဆောင်ထူးချွန်ဆုများစွာကို ပိုင်ဆိုင်နိုင်ခဲ့ပြီး ထိပ်တန်း သရုပ်ဆောင် စာရင်းနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။
အဲ့ဒီနောက်တော့ ကိုရီးယား A- List စာရင်းဝင် မင်းသမီးဖြစ်တဲ့ ကင်ထယ်ဟီးနဲ့ တွဲဖက်ကာ “Yong-pal” ရုပ်သံ ဇာတ်လမ်းမှာ သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်ထူးချွန်များသာမက ပရိသတ်တွေက သတ်မှတ်ပေးတဲ့ A- List စာရင်းဝင် သရုပ်ဆောင်တဦး ဖြစ်လာခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိုဝမ်ဟာ စစ်မှုတာဝန်ထမ်းဆောင်ရန်အတွက် နောက်ဆုံးကာလသတ်မှတ်ခံထားပြီး ဆင့်ခေါ်စာပါ လက်ခံရရှိပြီးဖြစ်နေပါပြီ။ ဒါပေမဲ့ ပရိသတ်အားပေးမှု အရှိန်အဟုန် ကောင်းနေတာကြောင့် စစ်မှုမထမ်းခင်မှာ သူ့ကို ကမ်းလှမ်းထားတဲ့ အနုပညာလုပ်ငန်းတွေကို အပြီးသတ်လုပ်ကိုင်နေပါတယ်။ “My Sassy Girl” ရုပ်သံဇာတ်လမ်း ကတော့ သူစစ်မှုတာဝန်မထမ်းခင်မှာ နောက်ဆုံးအနေနဲ့ ရိုက်ကူးသွားမယ့် ရုပ်သံဇာတ်လမ်း ဖြစ်ပါတယ်။