ဧပြီလ ၁ ရက်နေ့ဟာ April Fools’ Day အဖြစ်အများက သိထားကြပြီး အဲ့ဒီနေ့ဆိုရင် အချင်းချင်း ဖုန်းဆက်ပြီး အရူးလုပ်ကြ၊ စနောက်ကြတဲ့နေ့၊ တကယ်မဟုတ်တဲ့သတင်း အကြောင်းအရာတွေနဲ့ အံ့သြအထိတ်တလန့်ဖြစ်အောင် စနောက်ကြတဲ့နေ့တနေ့လည်း ဖြစ်ပါတယ်။
April Fools’ Day ဟာ တရားဝင် ရုံးပိတ်ရက်တော့မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီနေ့ဟာ တခြား ရုံးပိတ်ရက် တွေလိုပဲ လူသိများတဲ့နေ့ရက်တရက်ဖြစ်လို့ နေပါတယ်။ အဲဒီနေ့မှာ အချင်းချင်းဟာသလုပ် နောက်ပြောင် ကြပြီး အဲလိုအလုပ်ခံရသူူကို April Fool လို့ ခေါ်ကြပါတယ်။ April Fools’ Day ကို စတင်လာတာ ၁၉ ရာစု လောက်ကတည်းကလို့သိရပြီး နှစ်ဟောင်းပြက္ခဒိန်တွေအရ ဧပရယ် ၁ ရက်နေ့က နှစ်ဆန်း ၁ ရက်နေ့ ဖြစ်တဲ့အတွက် အဲဒီနေ့မှာ ပျော်ရွှင်ဖွယ်ရာအဖြစ် စနောက်ကြတယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံ မှာလည်း April Fools’ Day မှာ အချင်းချင်း စနောက်တဲ့ အလေ့အကျင့်တခု ရှိလာပါတယ်။ အဲ့ဒီလိုနေ့မျိုး ဆို ဘယ်လောက်ပဲ သတိထားပြီးနေနေ ရုတ်တရက်ချက်ခြင်းဆိုသလို အဲဒီနေ့ကိုမေ့ပြီး အငိုက်မိသွား ကြတဲ့သူတွေ အများကြီးပါပဲ။
April Fools’ Day နဲ့ပတ်သက်ပြီး အနုပညာရှင်တွေထဲကရော ဘယ်သူတွေက စနောက်ခဲ့ဖူးတယ် ဘယ်သူတွေက အနောက်ခံခဲ့ရတယ်ဆိုတာကို ပျော်စရာအဖြစ် ဧရာဝတီက ဆက်သွယ်မေးမြန်းပြီး ပြန်လည် ဖော်ပြချင်ပါတယ်။
စိုင်းစိုင်းခမ်းလှိုင်
April Fools’ day ဆိုရင် ကျောင်းတုန်းကတော့ အရမ်းနောက်ခဲ့တယ်။ မျိုးစုံကိုနောက်ဖူးတယ် ကျနော်ကိုလည်း တခြားသူတွေက မျိုးစုံပြန်နောက်ဖူးကြတယ်။ မှတ်မှတ်ရရ နောက်ဖူးတာဆိုရင် ကျနော်စာရေးဆရာမကြီးတဦးကို ဖုန်းထဲကနေ ရည်းစားစကားပြောဖူးတယ်။ သူလည်း စိတ်ဆိုးသွားမှာပေါ့နော်။ ဒါပေမယ့် ကျနော် ပြန်ပြီးတော့ သူကို April Fool လို့ ပြောလိုက်ပါတယ်။ အဲဒီတော့မှ ပိုစိတ်ဆိုးသွားတာပေါ့။
ဒီနှစ်သင်္ကြန်နဲ့ပတ်သက်ပြီး ခံစားချက်က ဒီနှစ်သင်္ကြန်က ငါးရက်တောင်မှလေ ။ ဒီလိုသင်္ကြန်ငါးရက်ကျတဲ့ နှစ်ဆိုရင် ကျနော်တို့အတွက် အပိုဆု တရက်ရတဲ့နှစ်လို့ ခံစားရပါတယ်။
ဇော်ဇော်အောင်
အဲဒီနေ့ဆိုရင် သူများကိုနောက်တာ လုပ်တော့လုပ်ဖူးပါတယ် သူငယ်ချင်းတွေကို၊ ဒါပေမယ့် သူတို့က လုပ်မှန်းသိကြတာ
များတယ်။ အနုပညာရှင်ထဲက နောက်ခဲ့ဖူးတာဆိုရင် ရဲမွန်တို့ပေါ့။ သူတို့ကို အဲဒီနေ့မှာ ဘယ်ဆိုင်ကိုလာခဲ့ကြ ငါအဝကျွေးမယ် ဘာ ညာနဲ့ခေါ်ဖူးတယ်။ အဲ့မှာရောက်လာကြတယ် စားကြတယ် ကျနော်ရောက်မလာတော့ သူတို့ဘာသာရှင်းပြီး ပြန်သွားကြတာလေ။ အဲဒါလေးကတော့ အမှတ်တရပါပဲ။ နောက်ရင်လည်း သူများသည်းခံနိုင်သလောက်ပဲပေါ့။ သိပ်ဆိုးဆိုးဝါးဝါးကြီးနောက်ခဲ့တာတွေတော့ မရှိပါဘူး။ ကျနော်တို့ဆိုရင်လည်း သူငယ်ချင်းအချင်းချင်းတွေနောက်ပြီး သူတို့သိပ်စိတ်ဆိုးသွားရင်လည်း ပြန်ချော့လိုက်ရင် ပြီးသွားတာပဲပေါ့။
ကျနော် ဒီနှစ်အကယ်ဒမီပေးပွဲတက်မှာပါ။ အရင်နှစ်တုန်းက စင်မြင့်ပေါ်မှာ ကျနော် ရေသန့်ဗူးသွား ပေးတာက အကယ်ဒမီပွဲမှာ အရမ်းပျော်ကြတော့ ဒီလိုပဲ လုပ်လိုက်တာပါပဲ။
ဒီနှစ်သင်္ကြန်ကို ကျနော် မန္တလေးသင်္ကြန် MMM မဏ္ဍပ်မှာ ရှိပါမယ်။ မြန်မာနှစ်သစ်မှာ အကုန်လုံးက အသစ်တွေစမှာလေ။ စီးပွားရေးအသစ်တွေ ငွေရေးကြေးရေးအသစ်တွေ ကျန်းမာရေးဝန်ဆောင်မှု အသစ်တွေ အကုန်လုံးအသစ်တွေရမယ်ဆိုတော့ နှစ်သစ်မှာ အသစ်တွေနဲ့ပေါ့ဗျာ ။
ကျော်ထွဋ်ဆွေ
အဲဒီနေ့ဆိုရင် ကျနော်က တခါမှ သူများကို မနောက်ဖူးဘူး။ ကျနော်ကတော့ အလုပ်ခံရသူပေါ့။ ဘယ်လိုအလုပ်ခံရလဲဆိုရင် ဟိုတနှစ်ကဆိုရင် ကျနော့်သူငယ်ချင်းတွေက ဖုန်းဆက်တယ်။ သူတို့ Junction Square မှာ ထမင်းသွားစားကြမယ်ဆိုပြီး ပြောတယ်။ ကိုယ်က အဟုတ်ထင်ပြီး အဲဒီကိုတယောက်ထဲ ရောက်သွားတယ်။ အဲဒီမှာ ဘယ်သူမှမရောက်လာကြဘူး။ နောက်ကျတာက အပြင်က သူငယ်ချင်းတွေပါ။ ပြီးတော့မှ ကိုယ်က ဆိုင်မှာ တယောက်ထဲ ကြာလာတော့မှ သူတို့က ထွက်လာကြပြီး ရုပ်ရှင်ပြမယ် ဆိုပြီး ရုပ်ရှင်လက်မှတ်ဝယ်ပြီး ထွက်လာကြတယ်။ ဒီလိုစနောက်ခံရတော့ စိတ်တော့မဆိုးပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီလိုနေ့က တနှစ်မှာမှ တရက်ပဲ ရှိတာကိုး။ အဲဒီနေ့မှ ကိုယ့်ကိုနောက်တာဆိုတော့ ကိုယ်က ထူးထူးခြာခြား ရှိတဲ့လူလို့ပဲ မှတ်လိုက်ပါတယ်။ ဖုန်းနဲ့လည်း ခနခနအနောက်ခံရဖူးတယ်။ ချစ်သူကအစ ကျနော်ကို ဖုန်းဆက်ပြီး ကွိုင်ရှာတာ၊ ကိုယ်လဲ ဘာမှမလုပ်ဘဲဆိုတော့ ဘာများလဲပေါ့ နောက်တော့မှ နောက်မှန်းသိတယ်။
နှစ်သစ်မှာ ပရိသတ်တွေအားလုံးဝင်ငွေတွေ အဆတရာလောက်တိုးပြီး ပျော်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။
ရွှေရည်သုန်သုန်
အဲဒီနေ့ဆိုရင် ညီမက သူများကိုလည်း နောက်ဖူးတယ် ကိုယ်လည်းအနောက်ခံရဖူးတယ်။ ကိုယ်က နောက်တာက ဘယ်လိုလဲဆိုတော့ အဲဒီနေ့ရောက်ရင် Facebook မှာ Relationship တင်ပြီး နောက်တာ။ သူငယ်ချင်းတွေက ယုံရခက်ဖြစ်နေတာပေါ့။ တကယ်ထင်ကြတာလည်း ရှိတယ်။ ဘာလဲ ဘယ်သူနဲ့လည်း မေးတော့မှ နောက်တာလို့ ပြောရတယ် ။ ကိုယ်က ခံရတာက မန္တလေးက သူငယ်ချင်းတယောက်က ဖုန်းဆက်တယ်။သူ အိမ်နဲ့ပြသနာဖြစ်ပြီး လျှောက်သွားနေတယ်တဲ့ ကိုယ် ရန်ကုန်ရောက်နေတော့ အရမ်းစိတ်ပူနေတာ သူကလည်း ဖုန်းတွေဆက်ပြီး လျှောက်သွားနေတယ်။ လုပ်ချင်ရာလုပ်နေတယ် ပြောနေတော့ ကိုယ်မှာတနေကုန် စိတ်ပူနေရတာ နောက်မှ သူက ဖုန်းဆက်ပြီးပြောတော့ ကိုယ်မှာ တနေကုန် အရူးလုပ်ခံနေရတာ သိတယ်။
အဲလိုနေ့ဆို သူငယ်ချင်းတွေက ဖုန်းဆက်ပြီး နောက်တတ်တော့ ကိုယ်က မနက်မိုးလင်းထဲက သတိနဲ့ကို နေနေတာ။ ဒါတောင် အဲ့နေ့ကျော်ပြီး ည ၁၂ နာရီအချိန်တောင် သူတို့က စောင့်ပြီးနောက်ကြတာ။ ကိုယ်က သတိမထားမိတော့တဲ့အချိန်လေ။ သူငယ်ချင်းတွေ နောက်တာဆိုတော့ စိတ်တော့မဆိုးပါဘူး။ ကိုယ်လည်းကိုယ်ဦးရင် ကိုယ်အရင်နောက် ၊ သူတို့လည်းသူတို့ဦးရင် သူတို့နောက်နဲ့ ပြီးသွားတာပါပဲ။ ကိုယ်က နောက်ရင် ပါးပါးလေးပဲ နောက်တာပါ။