မြန်မာ့ရုပ်ရှင်ကြည့်ပရိသတ်တွေစောင့်စားနေရတဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးအပ်ပွဲအခမ်းအနားကို မကြာခင် ဧပြီ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒီနှစ်က ၂၀၁၄ ခုနှစ် နဲ့ ၂၀၁၅ ခုနှစ် နှစ်နှစ်စာပေါင်းပေးမှာ ဖြစ်တဲ့အတွက် ရုပ်ရှင်ပရိသတ်များ တဝကြီးစောင့်ကြည့်ရမယ့်ပွဲလည်း ဖြစ်ပါတယ်။
ဒီနှစ် အကယ်ဒမီပွဲကို မြန်မာ့နိုင်ငံရုပ်ရှင်အစည်းအရုံးမှဦးစီးပြီး ကျင်းပပြုလုပ်မယ့် ဒုတိယအကြိမ်မြောက်လည်း ဖြစ်ပါတယ်။ ဒီနှစ် အကယ်ဒမီပေးပွဲမှာ အကယ်ဒမီ စာရင်းဝင်ပြီး ရရှိမယ့် ရေပန်းစားနေတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ ရှိနေပါတယ်။ သူတို့ကတော့ အကယ်ဒမီ တခါမှ မရရှိသေးတဲ့ ဇာတ်ပို့နေရာနဲ့ အထူးဆုအဖြစ် ရေပန်းစားနေတဲ့ သရုပ်ဆောင်တွေပါ။ အကယ်ဒမီရရှိဖို့ ထင်ကြေးပေးခံရပြီး ရေပန်းစားနေတဲ့ ဇာတ်ပို့၊ ဇာတ်ဆောင်များကို ပြောပြချင် ပါတယ်။
၂၀၁၅ ခုနှစ်အတွက် အကယ်ဒမီရရှိဖို့ ရေပန်းစားနေတဲ့ ဇာတ်ပို့တွေကတော့ “အောင်ဘာလေ” ဇာတ်ကားနဲ့ အမျိုးသားဇာတ်ပို့ ခင်လှိုင်နဲ့ “ဤအရာကို အချစ်ဟုခေါ်သလား” ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ပို့ တက္ကသိုလ် ဂွမ်းပုံတို့ပဲ ဖြစ်ပါတယ်။
အဓိက ဇာတ်ဆောင်အတွက် အကယ်ဒမီရရှိဖို့ တစ်ကြိုပြေးနေသူတွေကတော့ “နက္ခတ်မှားတဲ့တိုက်ပွဲ” ဇာတ်ကားနဲ့ လေးကိုယ်ခွဲ သရုပ်ဆောင်ထားတဲ့ နေတိုး၊ “မောင့်အိမ်သူ”ဇာတ်ကားနဲ့ အိန္ဒြာကျော်ဇင် တို့ပါပဲ။ ဒါ့အပြင် “ကျမက နှင်းဆီပါမောင်” ဇာတ်ကားနဲ့ သရုပ်ဆောင် ဟဲဗီးဖြိုးလည်း အထူးဆု ရရှိမယ်လို့ နာမည်ထွက်နေပါတယ်။
ဒါ့အပြင်၂၀၁၄ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆု ရရှိဖို့ ရေပန်းစားနေတဲ့ သရုပ်ဆောင်တွေလည်း ရှိနေပါသေး တယ်။
ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးထားတဲ့ “တိုက်ဆိုင်မှုရှိလျှင်” ဇာတ်ကားမှာ သရုပ်ဆောင် ပြေတီဦးက အမျိုးသားဇာတ်ဆောင်ဆု၊ သရုပ်ဆောင် မိုးဟေကို က အမျိုးသမီးဇာတ်ဆောင်ဆု နဲ့ လိုင်လာခမ်းကတော့ အမျိုးသမီးဇာတ်ပို့ဆုတွေ ရရှိနိုင်တယ်လို့လည်း ထင်ကြေးပေးခံနေရပါသေးတယ်။
အဲဒီဇာတ်ကားထဲက သရုပ်ဆောင် လိုင်လာခမ်းရဲ့ဇာတ်ရုပ်ကတော့ ကာမပိုင်ရှိတဲ့ ယောက်ျားကို မြူဆွယ်ကာ ဗီလိန်ဆန်ဆန် သရုပ်ဆောင်ခဲ့တာမို့ ပရိသတ်များက သူရဲ့သရုပ်ဆောင်မှုကို သဘောကျနှစ်ခြိုက်ခဲ့ကြတာပါ။
ဒါ့အပြင် သဘာဝကျကျဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဟာသပေါင်းစပ်ထားတဲ့ “ကိုတင့်တို့ စူပါရပ်ကွက်”ဇာတ်ကားနဲ့ သရုပ်ဆောင် အရိုင်းကလည်း အမျိုးသားဇာတ်ဆောင်ဆု ရရှိဖို့ ထင်ကြေးပေးခံထားရပါတယ်။
နောက်ထပ် ဒါရိုက်တာ ဇေပါ ရိုက်ကူးထားတဲ့ ခန့်စည်သူနဲ့ ခိုင်သင်းကြည်တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ “ကောင်းကျိုးကိုယ်၌ တည်စေမင်း” ဇာတ်ကားနဲ့ သရုပ်ဆောင် ခိုင်သင်းကြည် က အမျိုးသမီးဇာတ်ဆောင်ဆု ရရှိဖို့ ထင်ကြေးပေးခံနေရပြန်ပါတယ်။
ဒါရိုက်တာ ဝိုင်း ရိုက်ကူးတဲ့ “နှလုံးသားဖြင့် ပြုလုပ်သည်” ဇာတ်ကားနဲ့ ဇင်ဝိုင်း နဲ့ ဝတ်မှုံရွှေရည် တို့လည်း ဇာတ်ပို့ဆု အသီးသီး ရရှိနိုင်တယ်လို့ ထွက်ပေါ်နေပါတယ်။
ဒါတွေကတော့ ၂၀၁၄-၂၀၁၅ ခုနှစ်အတွက် အကယ်ဒမီရရှိဖို့ ရေပန်းစားနေတဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ အကယ်ဒမီဆုနဲ့ လွဲချော်ခဲ့ဦးတော့ သူတို့တွေဟာ အကောင်းဆုံး အပြောင်မြောက်ဆုံး သရုပ်ဆောင်ထားနိုင်ကြတဲ့ အနုပညာရှင်တွေအဖြစ် သူတို့ပါဝင်ထားသော ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်ပြသခဲ့တဲ့အချိန်မှာ ကြည့်ရှူ့သူ ပရိသတ်များကပေးတဲ့ ရင်ထဲက အကယ်ဒမီထူးချွန်ဆုတွေကိုတော့ ရရှိထားကြပြီးဖြစ်ပါတယ်။
၂၀၁၄-၂၀၁၅ ခုနှစ် ၂ နှစ်စာ ပေါင်းပေးမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲကြီးကိုတော့ လာမယ့် ဧပြီ ၃ ရက်နေ့မှာ Myanmar Event Park တွင် ညနေ ၃နာရီကစတင်ပြီး ကျင်းပတော့မှာ ဖြစ်တဲ့အတွက် အဲဒီနေ့မှာတော့ အကယ်ဒမီထူးချွန်ဆုရရှိတဲ့သူတွေနဲ့ ထင်ကြေးပေးခံရသူတွေ ဘယ်သူတွေ မှန်မလဲဆိုတာ စောင့်ကြည့်ရအောင်ပါ။