Lifestyle

စနေ၊ တနင်္ဂနွေမှာ သွားစရာကြည့်စရာ၊ လည်ပတ်စရာ

This article has been converted from Zawgyi One to Unicode

ဒီတပတ် စနေ၊ တနင်္ဂနွေက ဧပြီလရဲ့ ပထမဆုံး လဆန်းပိုင်းဖြစ်တာကြောင့် သွားစရာ၊ လာစရာပွဲတွေ ပြည့်နှက်နေပါတယ်။ ရာသီဥတုက ပူတာကြောင့် အပြင်ထွက်ရင် အယ်လ်နီညို နေပူဒဏ်ကို အထူး သတိထား ဂရုစိုက်ဖို့လည်း မှာချင်ပါတယ်။

လစာ ပူပူနွေးနွေးထုတ်ထားသူတွေ အတွက်ကတော့ လည်စရာ၊ ပတ်စရာ ရက်သတ္တပတ် အားလပ်ရက်လေး ဖြစ်မယ် ထင်ပါတယ်။ ပထမဆုံး သွားစရာပွဲတွေ၊ နေရာတွေ မပြောပြခင် ရုပ်ရှင်ရုံမှာ ဘာကားတွေ တင်ထားသလဲ၊ ဘာကားတွေ ကြည့်ရမလဲဆိုတာ ညွှန်းပေးချင်ပါတယ်။

အခုချိန်ကာလက သင်္ကြန်ကာလလည်း နီးပြီဆိုတော့ သင်္ကြန်ရဲ့ အငွေ့အသက်တွေ ပြည့်နေတဲ့ သင်္ကြန်စစ်စစ်မှာ ရိုက်ကူးထားတဲ့ သင်္ကြန်ဇာတ်ကား “သင်္ကြန်ပြတိုက်” ကို သမ္မတ၊ မင်္ဂလာ၊ စံပြ၊ Top Royal၊ Junction Square၊ Junction Mawtin၊ နဝဒေး စတဲ့ ရုပ်ရှင်ရုံတွေမှာ တင်ထားပါတယ်။

ဒီဇာတ်ကားကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ရိုက်ကူးပြီး သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ ခင်ဝင့်ဝါ၊ နန်းဆုဦးတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ သင်္ကြန်ချိန်မီ ထွက်ရှိ လာတဲ့ ဇာတ်ကားမို့ သင်္ကြန်ဇာတ်ကားကြည့်ချင်တဲ့ မြန်မာကားပရိသတ်တွေအတွက် သွားကြည့်ဖို့ လက်တို့ချင်ပါတယ်။

နောက်ထပ် Facebook အသုံးပြု လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ ဇာတ်ကားတခုနဲ့ မိတ်ဆက် ပြောပြ ပေးချင်ပါတယ်။ အဲဒီဇာတ်ကားက “Friend Request” ဆိုတဲ့ နိုင်ငံခြားသရဲဇာတ်ကားပါ။ ဒီဇာတ်ကားက ၂၀၁၆ ခုနှစ်မှာ ထွက်ရှိလာတဲ့ ဂျာမန် Horror-thriller ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး Facebook မှာ Friend Request (သူငယ်ချင်းဖြစ်ခွင့်) ပို့ရာကစလို့ ကြောက်စရာကောင်းအောင် ရိုက်ကူးထားတဲ့ သဲထိတ်ရင်ဖို သရဲကားပါ။

လူငယ်တွေကြားမှာ လတ်တလော ရေပန်းစားနေတဲ့ ကြောက်စရာအကောင်းဆုံး ဇာတ်ကားတကား ဖြစ်တာကြောင့် သရဲကား ကြိုက်သူတွေ သွားကြည့်ဖို့ သတင်း ပေးချင်ပါတယ်။ ဒါကတော့ စနေ၊ တနင်္ဂနွေမှာ သွားကြည့်စရာ ရုပ်ရှင်ဇာတ်ကားတွေပါ။

စနေ၊ တနင်္ဂနွေ နှစ်ရက်မှာ အပြင်ထွက် အလည်အပတ် သွားကြမယ့်သူတွေအတွက် စိတ်ဝင်စားစရာ ပွဲတခုနဲ့ မိတ်ဆက်ပေးချင်ပါသေးတယ်။ အဲဒါကတော့ နိုင်ငံတကာဆပ်ကပ် အထိမ်းအမှတ်အဖြစ် ရန်ကုန် ဆိုရှယ်ဆပ်ကပ်အဖွဲ့က တင်ဆက်တဲ့ “ဆိုရှယ်ဆပ်ကပ်နဲ့ စနေ၊တနင်္ဂနွေ” ပွဲပဲ ဖြစ်ပါတယ်။ ဒီပွဲက ဝင်ကြေးအခမဲ့ပွဲ ဖြစ်ပြီး ပြုလုပ်မယ့်နေရာက ရန်ကုန်မြို့၊ အလုံလမ်းပေါ်မှာရှိတဲ့၊ ပြည်သူ့ရင်ပြင် ဝန်းထဲက The Yangon Gallery မှာပဲ ဖြစ်ပါတယ်။

စနေ၊ တနင်္ဂနွေ နှစ်ရက်တာ ပြုလုပ်မှာဖြစ်ပြီး ဆပ်ကပ် ကစားနည်း သင်တန်းများကို စနေ၊ တနင်္ဂနွေ နေ့လည် ၂နာရီမှ ညနေ ၅ နာရီ၊ မီးဖြင့် ဆပ်ကပ် ကစားပြခြင်းကို စနေနေ့ ညနေ ၆ နာရီခွဲတို့မှာ ပြုလုပ်သွားမှာပါ။

ရန်ကုန်မြို့က ဆပ်ကပ်ချစ်သူတွေ စိတ်ဝင်စားသူတွေ သွားကြည့်ဖို့ လက်တို့ပေးလိုက်ပါတယ်။ ရန်ကုန် ဆိုရှယ်ဆပ်ကပ်ပွဲမှာ ဆပ်ကပ်ပညာကို စိတ်ဝင်စားတဲ့ လူငယ်လူရွယ်တွေ ကိုယ်တိုင်သွားကြည့်ရင်း သွားရောက်လေ့လာ သင်ယူနိုင်ပါတယ်။

နေ့လည်၊ နေ့ခင်းဘက် နေပူပူအချိန်မှာ နေပူထဲ မထွက်ချင်သူတွေ အတွက် သွားစရာနေရာ နောက်တနေရာ ရှိပါသေးတယ်။ အဲဒါကတော့ ရန်ကုန်မြို့၊ ဦးဝိစာရလမ်းပေါ်က တပ်မတော်ခန်းမမှာ မနက် ၉ နာရီခွဲကနေ ညနေ ၅ နာရီခွဲအထိ ၊ ဧပြီ ၁ ရက်နေ့ကနေ ၄ ရက်နေ့ထိ ပြုလုပ်နေတဲ့ “Vietnam, Ho Chi Min City Trade, Services & Tourism Expo 2016” ပြပွဲ ဖြစ်ပါတယ်။

အဲဒီပွဲမှာဆိုရင် ဗီယက်နမ်နိုင်ငံရဲ့ ကုန်စည်လုပ်ငန်း၊ ဝန်ဆောင်မှုနဲ့ ခရီးသွားလုပ်ငန်းတွေကို လေ့လာခွင့်ရမှာဖြစ်ပြီး ဒီပွဲကို ဗီယက်နမ်လေကြောင်းလိုင်း Vietjet Airline က စပွန်ဆာပေး ပြုလုပ်တာပါ။

ဧပြီလ ၃ ရက်နေ့၊ တနင်္ဂနွေနေ့မှာတော့ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲကြီးကို ညနေ ၃ နာရီက စလို့ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းပေါ်က Myanmar Event Park (M.E.P) မှာ ပြုလုပ်သွားမှာပါ။

ရုပ်ရှင်ချစ်သူတွေ၊ မြန်မာရုပ်ရှင် ဇာတ်ကား ပရိသတ်တွေအတွက် အကယ်ဒမီဆုချီးမြှင့်ပွဲကြီး ရုပ်သံလိုင်းတွေကနေ တဆင့် အချိန်နဲ့ တပြေးညီ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာဖြစ်တာကြောင့် အိမ်မှာ TV ကနေ အကယ်ဒမီပေးပွဲကို စောင့်ကြည့်နိုင်ပါတယ်လို့ သတင်းပေးလိုက်ပါတယ်။

Loading