မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုရွေးချယ်ပွဲအခမ်းအနားကို လာမယ့် ဧပြီ ၃ ရက်နေ့မှာကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒီနှစ်အကယ်ဒမီပေးပွဲက ၂ နှစ်စာပေါင်းပေးမှာဖြစ်ပြီး အကယ်ဒမီပွဲကိုတက်ရောက် သတင်းယူကြမယ့် မီဒီယာများကိုတော့ ကန့်သတ်ချက်တွေနဲ့ တက်ရောက်ပြီးသတင်းယူခွင့်ပြုလုပ်ထားပါတယ်။
အကယ်ဒမီပွဲကို တက်ရောက်သတင်းယူကြမယ့် ရုပ်သံမီဒီယာ၊ FM မီဒီယာများကို ခါတိုင်းနှစ်များနဲ့မတူ အခကြေးငွေပေးပြီးမှ သတင်းယူခွင့်ပြုမယ်လို့သိရပါတယ်။ ပုံနှိပ်မီဒီယာများကိုတော့ အခကြေးငွေမယူဘဲ တခြား ရုပ်သံမီဒီယာများနဲ့ FM များ အွန်လိုင်းမီဒီယာများကိုတော့ အခကြေးငွေသတ်မှတ်ပေးထားပြီး သတင်းယူ ခွင့်ပေးထားတာဖြစ်ပါတယ်။ သတင်းယူခွင့်အတွက် သတ်မှတ်ထားတဲ့ အခကြေးငွေ နှုန်းထားကတော့ ရုပ်သံမီဒီယာများကို ကျပ် သိန်း ၁၅၀၊ FM များကို ၃ သိန်းစီ နဲ့ Online မီဒီယာများကိုတော့ ကျပ်၁၀ သိန်း သတ်မှတ်ထားတာပါ။
ပုံနှိပ်မီဒီယာ ဓာတ်ပုံဆရာများအနေနဲ့လည်း သတ်မှတ်ထားတဲ့ နေရာမှာသာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးနိုင်ပြီး ပွဲပြီးလျှင် လိုအပ်တဲ့ဓာတ်ပုံများကိုတော့ ရုပ်ရှင်အစည်းအရုံးက မှတ်တမ်းတင်ဓာတ်ပုံဆရာများဆီက CD ကူးယူ ပေးမှာဖြစ်တယ်လို့ ရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။ ဒီလိုသတ်မှတ်လိုက်တာဟာ အကယ်ဒမီပွဲကိုတက်ရောက်လာမယ့် အနုပညာရှင်များ ပွဲကို အိန္ဒြေရရဖြင့် သီးသန့််လျှောက်လမ်းမှတဆင့် အခမ်းအနား ပွဲတက်ရောက်နိုင်ဖို့ ဖြစ် တယ်လို့ မီဒီယာများနဲ့ ရုပ်ရှင်အစည်းအရုံးက အကယ်ဒမီပွဲ တက်ရောက်ဖို့ပြုလုပ်တဲ့ အစည်းအဝေးမှာ ဥက္ကဌဦးလူမင်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ Online မီဒီယာများကိုပါ အခကြေးငွေကောက်ခံရခြင်းမှာ ရုပ်သံမီဒီယာများအနေနဲ့ အဆင်မပြေမှုများ ရှိနေသဖြင့် ကောက်ခံရတာလို့လည်း ရုပ်ရှင်အစည်းအရုံးရဲ့ တာဝန်ရှိသူတဦးကပြောပြပါတယ်။
ဒီလို မီဒီယာများကို အခကြေးငွေသတ်မှတ်လိုက်တဲ့အပေါ် ပုံနှိပ်မီဒီယာတခုကတော့ “အခုက ပုံနှိပ်အတွက် ဆိုပေမယ့် ပွဲရောက်ရင် ဓာတ်ပုံတွေကို Online လည်း တင်ကြမှာပဲလေ။ ပုံနှိပ်မီဒီယာတွေကလည်း Online မှာ Online Page တခုဆီကတော့ အားလုံးရှိနေကြတာပဲ တင်ကြမှာပါပဲ” လို့ ပြောပြထားပါတယ်။
မြန်မာရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲအခမ်းအနားကို ရုပ်ရှင်အစည်းအရုံးက ဦးစီးကျင်းပနေတာဟာ ယခုနှစ်နဲ့ဆို နှစ်ကြိမ်မြောက်ဖြစ်ပါတယ်။