နေ့စဉ် မဖြစ်မနေ စားသောက်နေရတဲ့ အစားအသောက်တွေဟာ သန့်ရှင်းဘေးဥပါဒ်ကင်းနေမှ ကျန်းမာသန်စွမ်းတဲ့ နိုင်ငံသားတွေ ဖြစ်လာမှပါ။ ကျန်းမာသန်စွမ်းတဲ့ နိုင်ငံသားတွေ ရှိမှသာလျှင် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ဆီ သွားလို့ရမှာပါ။
စားသောက်နေတဲ့ အစားအစာတွေထဲမှာ လူကို အန္တရာယ်ဖြစ်စေတဲ့ ဘေးဥပါဒ်တွေပါနေရင် အဲဒီလူမျိုး ရေရှည်ကျန်းမာ ဖွံ့ဖြိုးဖို့ မပြောနဲ့။ သက်တမ်းစေ့ နေနိုင်ဖို့ပင် မလွယ်ကူတော့ပါ။
နေ့စဉ်နဲ့အမျှ ကြားနေရတဲ့ သတင်းတွေထဲမှာ နှလုံး၊ ကျောက်ကပ်၊ သွေးတိုး၊ အသည်းနဲ့ သေဆုံးတဲ့သူတွေအနက် အရက် သေစာ၊ ဆေးလိပ်၊ ကွမ်းစတဲ့ အရာများ မသုံးစွဲသူများလည်း ပါဝင်နေတတ်ပါတယ်။ ထိုသူတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာကြောင့် ကွယ်လွန်ကြသလဲဆိုတော့ အစားအသောက်ကြောင့် အများဆုံးလို့ မိတ်ဆွေ ဆရာဝန်တယောက်က မှတ်ချက်ပြုပါတယ်။
သားစိမ်းငါးစိမ်းများနဲ့ မုန့်ဟင်းခါးထဲမှာ ထည့်စားတဲ့မုန့်ဖတ်မှာ ဖော်မလင်ဆေး တွေ့ရှိဆိုတဲ့ သတင်းတပုဒ်ကို ၂၀၁၅ သြဂုတ်လတွင်းက MRTV-4 ရုပ်သံကနေ ကြားလိုက်ရပါတယ်။ ရေရှည်ခံစေရန် ရည်ရွယ်သုံးသည်ပဲ ထားဦး။ ဖော်မလင်ဆေးရည်ဟာ ဘယ်လောက် အန္တရာယ်ရှိတာကို အမှန်တကယ် မသိတာလား။ သိသိကြီးနဲ့ ငါစီးပွားဖြစ် ပြီးပြီးရောလားဆိုတာ ကာယကံရှင်များမှ သိပါလိမ့်မယ်။ ဖော်မလင်ဆေးဆိုတာ လူသေအလောင်းများမှာ မပုပ်မသိုးစေဖို့ ထည့်တဲ့ ဓာတုဗေဒဆေး ဖြစ်ပါတယ်။
ငါးခြောက်များမှာ ဓာတုပိုးသတ်ဆေး တမျိုးဖြစ်တဲ့ ကလိုရိုဖောင်းခေါ် ယင်မနားဆေးတွေ တွေ့ရှိတယ်လို့ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌနဲ့ မေးမြန်းထားတဲ့ သတင်းတွေဖတ်ရ၊ ကွမ်းသီးများတွင်လည်း ဖလင်ချွတ်ဆေး၊ ကန့်တို့ဖြင့် ပြုပြင်ထားခြင်းကြောင့် အသက်အန္တရာယ် ထိခိုက်နိုင်လို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူ ပြောကြားဆိုတဲ့ သတင်းတွေဖတ်ရ ကြားရတော့ ကျနော်တို့မြန်မာနိုင်ငံမှာ သေခြင်းတရားဟာ လက်တကမ်း အနီးမှာပါလား ဆိုတာ သိရှိခံစားရပါတယ်။

ငှက်ပျောသီး၊ သရက်သီး၊ သင်္ဘောသီးစတဲ့ သစ်သီးဝလံများမှာလည်း အမြန်မှည့်ဆေးများ တို့တာ၊ ဆိုးတာတွေ တွေ့ရပါတယ်။ အဲ့ဒီ ဆိုးဆေး၊ မှည့်ဆေး၊ ပိုးသတ်ဆေးများရဲ့အကျိုးအပြစ်ဟာ ဘယ်လောက်ရှိတယ် ဆိုတာ အတိအကျ မသိပေမယ့် လူကို အန္တရာယ် ဖြစ်စေတတ်တယ်ဆိုတာ သိရပါမယ်။
ငရုတ်သီး အနုမှုန့်ထဲတွင် ဖွဲများရောစပ်ပြီး အကြမ်းမှုန့်များတွင် ဗန်ဒါရွက်ခြောက်ဖတ်များ တွေ့ရှိရကြောင်း မကြာခဏ ကြားရပါတယ်။ ကော်ဖီထုပ်တချို့တွင်လည်း မန်ကျည်းသီး အစေ့မှုန့်များ ရောနှောပါဝင်နေတာ ကြားရတွေ့ရတတ်ပါတယ်။
မကြာသေးမီ ဖေ့စ်ဘုတ်ပေါ်မှာ နှစ်ပြန်ကျော်ထဲတွင် ကြွပ်ရွနေအောင် ပလတ်စတစ် ရေသန့်ဘူးများ ထည့်ကြော်သည့် အကြောင်း စမ်းသပ်စစ်ဆေးမှုတခုကို ဓာတ်ပုံနဲ့တကွ တွေ့လိုက်ရပါတယ်။
အဲဒီ ပလတ်စတစ်များဟာ တနေ့ နည်းနည်းနဲ့ ရက်ပေါင်းများစွာ လူ့ခန္ဓာကိုယ်ထဲမှာ ဘယ်လောက်များ ရောက်နေသလဲ၊ ဘယ်အတိုင်းတာ အဆင့်ထိ ရောဂါရနေပြီလဲဆိုတာ လက်ဖက်၊ ပဲကြမ်းကြော် ကြိုက်တတ်တဲ့ မြန်မာလူမျိုးတွေအတွက် မတွေးရဲအောင်ပါဘဲ။
မနှစ်ပိုင်းကလည်း ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်တဲ့ ပဲဆီအတု လုပ်ငန်း ၁၀ ခုကို စစ်ဆေးထုတ်ပြန်ချက် တစောင် ဖတ်ရပါတယ်။ ပဲဆီဟု တံဆိပ်တပ်ပြီး စားအုန်းဆီ အရောအနှောများကို ဖော်ထုတ်လိုက်ခြင်း ဖြစ်ပါတယ်။ စားအုန်းဆီဟာ အေးတဲ့အချိန်မှာ ထားရင် ခဲသွားတတ်ပါတယ်။ အဲဒီလို စားအုန်းဆီများ ဝယ်ချက်ပြုတ် စားသောက်နေကြတဲ့ မိသားစုများစွာ နှလုံး အဆီပိတ်၊ အသည်းခြောက်၊ ကင်ဆာရောဂါတွေ ဖြစ်နေမလားဆိုတာ တွေးပင် မတွေးရဲအောင်ပင်။
မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA Myanmar ဖေ့စ်ဘုတ် စာမျက်နှာတွင်တော့ “သင့်ကျန်းမာရေးအတွက် သင်သည် စားအုန်းဆီကို ရှောင်ကျဉ်သည် ဆိုပါစို့။ သင်သောက်နေသော လက်ဖက်ရည် ရှယ်တွင် အသုံးပြုနေသော နို့ဆီများတွင် စားအုန်းဆီ ၈ ရာခိုင်နှုန်းခန့် ပါဝင်သည်ကို သင်သိပါသလား။ သင် သောက်နေသော ကော်ဖီမစ်များတွင်ပါသော Creamer အမှုန့်သည် စားအုန်းဆီကို အခြေခံ ထုတ်လုပ်ထားသည်ကို သင်သိပါသလား” လို့ တင်ထားတာကို တွေ့ရပါတယ်။
ဒါက ကျန်းမာရေးဦးစီးဌာနက စစ်ဆေးတွေ့ရှိ ထုတ်ပြန်ချက်မို့။ မစစ်ဆေးရသေးသော အစားအသောက် အသီးအနှံများမှာရော လူကို အန္တရာယ်ဖြစ်စေတဲ့ ဓာတုဗေဒဆေးများ ဘယ်လောက်ရှိနေမလဲ။ ကလေး၊ လူကြီး လူလတ် အစုံတို့ရဲ့ အစားအသောက်တွေဟာ အာမခံချက်ရှိရှိ သက်တမ်း ကုန်ဆုံးရက်အပြင် ကျန်းမာရေးဦးစီးဌာနရဲ့ စစ်ဆေးပြီး အသိအမှတ်ပြု အာမခံတံဆိပ်ပါ လိုအပ်နေပါတယ်။
၂၀၁၆ ဇန်နဝါရီ ၁၄ ရက် ဧရာဝတီသတင်းဌာန သတင်းစာမျက်နှာတွင်လည်း မန္တလေးမှာ ဓာတုဗေဒပစ္စည်းတွေ၊ PVC ပိုက်တွေသုံးပြီး ငရုတ်ဆီ ထုတ်လုပ်နေတဲ့ ငုံးမင်း ငရုတ်ဆီလုပ်ငန်းကို စစ်ဆေးတွေ့ရှိ ၊ ပိတ်သိမ်းရန် အကြောင်းကြားထား ဟုဆိုတဲ့ သတင်းတပုဒ် ဖတ်လိုက်ရပြန်ပါတယ်။ ငရုတ်ဆီဆိုတာ မြန်မာလူမျိုးတိုင်း မကင်းတဲ့ အစားအသောက် တခုဆိုတော့ ရလာမယ့် အကျိုးဆက်ကိုတော့ တွေးမကြည့်ဝံ့အောင်ပါဘဲ။
နိုင်ငံခြားတိုင်းပြည်များလို စားသုံးသူ အခွင့်အရေးတို့ ဘာတို့ဆိုတာလည်း ဘယ်ဆီနေမှန်းမသိ။ သေသွားမှ သြော် … ဘာရောဂါနဲ့ သေသွားတာပဲဆိုပြီး နေလိုက်ကြတာ များပါတယ်။ သေသင့်လို့ သေတာလားဆိုတာပင် မတွေးမိကြ။
မကြာခဏလည်း ဆွမ်းကျွေးတို့ အလှူတို့မှာ စားသောက်ပြီး အစာအဆိပ်သင့်လို့ ဆေးရုံပို့လိုက်ရတာတွေ ကြားနေ တွေ့နေရတတ်ပါတယ်။ ကျနော့် သူငယ်ချင်းတယောက် တခါက ဟာသလုပ်ပြောတဲ့ စကားတခွန်းကို အမှတ်ရလိုက်မိပါတယ်။ သူပြောတာက “စားစရာမရှိလို့ ကန်စွန်းရွက်ကြော်စားပါတယ်၊ ပိုးသတ်ဆေးနဲ့မိပြီး သေပါလေရော” တဲ့။ သူက အရွှန်းဖောက် လိုက်တာဖြစ်ပေမယ့် ကျနော်တော့ အနာဂတ်ကို တွေးကြောက်မိတဲ့အထိ ဖြစ်ခဲ့ရပါတယ်။
ကျနော် အထက်က ရေးသားတဲ့ အစားအသောက်များမှာ အာဟာရအတွက် စားသော အစားအသောက် မဟုတ်သေးပါ။ လူတယောက် မဖြစ်မနေ စားသောက်နေရတဲ့ အစားအစာများသာ ဖြစ်ပါတယ်။
ပြုလုပ်ရောင်းချတဲ့သူ၊ လုပ်ငန်းပိုင်ရှင်များကို လုပ်ငန်းပိတ်သိမ်းခြင်း၊ ရပ်နားခိုင်းခြင်းတို့ ပြုလုပ်နေရုံဖြင့် ထိုအန္တရာယ်များ ကင်းစင်သွားမည် မဟုတ်ပါ။ တာဝန်ရှိသူများမှ ဈေးကွက်အတွင်း လိုက်လံစစ်ဆေး ဖော်ထုတ်ပြီး ဥပဒေအရ ထောင်ချ အပြစ်ပေး အရေးယူမှုများအထိ ပြုလုပ်မှသာလျှင် အစရှိ နောက်နောင် မဖြစ်မှာ ဖြစ်ပါတယ်။
မြေမျို၍ လူမျိုးမပြို၊ လူမျိုမှ လူမျိုးပြိုသည် ဟူသော ဆောင်ပုဒ်ကို တွေ့ဖူးပါတယ်။ ကိုယ့်လူမျိုးတွေ စားသောက်နေတဲ့ အစားအစာထဲ အဆိပ်အတောက်တွေ ထည့်ရောင်းချနေတာ မြင်ရကြားရတော့ ကိုယ့်လူမျိုးအချင်းချင်း ကိုယ်ပြန်သတ်နေတဲ့ အဖြစ်ပါလားဆိုတာ တွေးမိပါတယ်။
လစဉ် ကျန်းမာရေး စစ်ဆေးဖို့ ဆေးခန်းပြဖို့ဆိုတာ အများစုမှာ ငွေအားဖြင့် မတတ်နိုင်ကြပါ။ အရေးပေါ် ဖြစ်လာမှသာ ငါ့မှာ အသည်း မကောင်းပါလား၊ နှလုံးအဆီ ဖုံးနေပါလား၊ အသည်းခြောက်နေပါလား ဆိုတာ သိရတာ ဖြစ်ပါတယ်။ သိတော့လည်း ကုသဖို့ ဆေးဖိုးဝါးခ မတတ်နိုင်တော့ ဆေးမြီးတိုများနဲ့ ကုသရင်း အသက်ဆုံးရှုံးမှုအထိ ဖြစ်တာတွေ ပတ်ဝန်းကျင် အနှံ့အပြားမှာ ရှိနေပါတယ်။
ကျနော်တို့နိုင်ငံမှာ သူတပါး အသက်တချောင်းကို ရင်းပြီး စီးပွားရှာရလောက်အောင် အဝိဇ္ဖာအမှောင်ဖုံး လောဘတက်နေ ကြရအောင် ဖြစ်နေပြီလားလို့ မေးရမလို ဖြစ်နေပါတယ်။
လူတယောက်ကိုသတ်ရင် ဥပဒေအရ ရာဇဝတ်မှု မြောက်ပါတယ်။ လူပေါင်းများစွာ အသက်အန္တရာယ် ဖြစ်စေအောင် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ အစားအစာထဲမှာ အဆိပ်အတောက်ဖြစ်အောင် ပြုလုပ်ရောင်းချနေရင် ဒါတွေဟာ ကြီးမားတဲ့ လူသတ်မှုကြီးပဲလို့ ကျနော်တော့ စွပ်စွဲချင်ပါတယ်။