မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ် ပီနန်မြို့ရဲ့ ပြယုဂ်တခုအနေနဲ့ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နေတာကတော့ မြို့တွင်းက လမ်းတိုင်းမှာရနိုင်တဲ့ လမ်းဘေးအစားအသောက်တွေဖြစ်ပါတယ်။
အဲဒီ အစားအသောက်တွေက သန့်ရှင်းလတ်ဆတ်သလို အရသာလည်း ကောင်းမွန်ပြီးဈေးနှုန်းလည်း သက်သာတာကြောင့် ဒေသခံတွေအတွက်သာမက ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေကိုပါ ဆွဲဆောင်နိုင်ပါတယ်။
လမ်းဘေးအစားအသောက်ဆိုပြီး ဖုန်ထူတဲ့ ပလက်ဖောင်းပေါ်မှာ ဆီကြော်နံ့၊ အကင်နံ့တွေကြားစားရမှာလားလို့ စိတ်ထဲမှာတွေးမိလိုက်မယ်ဆိုရင်တော့ အတွေးချော်နေပြီလို့ ပြောရမှာပါ။
ပီနန်မြို့ရဲ့နေရာအများစုက လမ်းဘေးအစားအသောက်တွေဟာ စားသောက်ဆိုင်တန်းကြီးအနေနဲ့ ဆိုင်ခန်းပေါင်းများစွာ အတူတကွဖွင့်လှစ်ထားကြပြီး စားသုံးသူတွေအနေနဲ့ အဲဒီဆိုင်တန်းကြီးထဲမှာ မိမိနှစ်သက်တဲ့ဆိုင်က အစားအသောက်ကို စိတ်ကြိုက်မှာယူ စားသောက်နိုင်မှာ ဖြစ်ပါတယ်။
မလေးရှားရဲ့ နာမည်ကြီးလမ်းဘေးအစားအစာတွေထဲမှာ မလေးရှားခေါက်ဆွဲကြော်နဲ့ ဒံပေါက် ပါဝင်သလို NesiLemark လို့ခေါ်တဲ့ အစားအစာမှာတော့ ငါးနီတူကြော်၊ မြေပဲကြော်၊ မလေးစတိုင်ချက်ပြုတ်ထားတဲ့ ကြက်သားဟင်းနဲ့ အုန်း ထမင်းကို တွဲဖက်စားသုံးရတာဖြစ်ပြီးလူကြိုက်များတဲ့ ဒေသ အစားအစာတမျိုးဖြစ်တာ တွေ့ရပါတယ်။ အဲဒီ အစားအစာ တပွဲကို မလေးရှားငွေရင်းဂစ် ၂ ရင်းဂစ် (မြန်မာကျပ်ငွေ ၆၀၀ ) သာ ပေးရမှာဖြစ်ပါတယ်။
အဲဒီအပြင် NesiDagang လို့ခေါ်တဲ့ အစားအစာကတော့ ကောက်ညှင်းငချိတ်ကို ထမင်းနဲ့ ရောနှောထားပြီး အုန်းနိ့ုနဲ့ချက်ထားတဲ့ ကြက်သားဟင်း၊ အသီးအရွက်ကြော်နဲ့ တွဲဖက် စားသုံးရတာဖြစ်ပြီး အစပ်အရသာလည်း ပါဝင်ပါတယ်။
ပီနန်ဒေသခံတွေက သူတို့ရဲ့ အစားအသောက်တွေမှ ဟင်းခတ် အမွှေးအကြိုင်များစွာ ထည့်သွင်း ချက်ပြုတ်လေ့ ရှိကြတာကြောင့် ပြင်းပြတဲ့အနံ့တွေ ကြိုက်နှစ်သက်တဲ့သူတိုင်းအတွက် အဆင်ပြေပါလိမ့်မယ်။
အချိုပွဲအနေနဲ့ သာကူ၊ ကောက်ညှင်းကြို စတဲ့ အစားအသောက်တွေမှာ ချိုအီဆိမ့်တဲ့ အရသာပါဝင်တဲ့အပြင် အုန်းနို့ရည် ကိုလည်း ထပ်မံတွဲဖက်စားသုံးကြတာကြောင့် ဒေသခံတွေဟာ အချိုအဆိမ့်ကို အခြားအရသာတွေထက် ပိုပြီး စားသုံးကြတာ တွေ့ရပါတယ်။
ပီနန်မြို့ကိုအလည်အပတ်သွားဖို့ ကြုံကြိုက်လာပြီဆိုရင်တော့ ထူးခြားလှပတဲ့ နေရာတွေအပြင် ဈေးနှုန်းသက်သာပြီး အရသာကောင်းမွန်တဲ့ ခေါက်ဆွဲကြော်၊ ဒံပေါက်၊ အုန်းထမင်းနဲ့ သာကူစတဲ့ လမ်းဘေး အစားအသောက်တွေအပြင် ဒေသထွက်နာမည်ကြီး ဒူးရင်းသီးကိုလည်း စားသုံးကြည့်ရင်း ပျော်ရွှင်ဖွယ်ခရီးတခုရဲ့ အရသာကိုရှာဖွေတွေ့ရှိနိုင်မှာပါ။