မြန်မာ့ ပန်းချီလောကမှာ Contemporary Art (ခေတ်ပြိုင် အနုပညာ) လို့ အမည်တပ်သုံးနှုန်းကာ ပြိုင်ပွဲပြုလုပ်ခဲ့တာဟာ ၂၀၀၄ ခုနှစ်၊ မြန်မာတိုင်းမ်က ဦးစီးပြုလုပ်တဲ့ Myanmar Contemporary Art Awards (2004) ပန်းချီပြိုင်ပွဲမှ စတင်ခဲ့ပါတယ်။
အဲဒီနောက် ပန်းချီလောကမှာ ခေတ်ပြိုင်အနုပညာ ခေါင်းစဉ်နဲ့ ပြပွဲတချို့လည်း ၂၀၀၇-၂၀၀၈ လောက်အထိ ပြသလာခဲ့တာ တွေ့ရပြီး နောက်ပိုင်မှာတော့ ခေတ်ပြိုင် အနုပညာ ခေါင်းစဉ်နဲ့ ပြသတဲ့ ပြပွဲရယ်လို့ မတွေ့ရ သလောက် နည်းပါးသွားပါတယ်။ ခေတ်ပြိုင်အနုပညာ ဖန်တီးမှုကို ဦးတည်တဲ့ ဖန်တီးမှုလည်း အားနည်းနေခဲ့တာလည်း လေ့လာ သိရှိရပါတယ်။
အများအားဖြင့် ကျနော်တို့ ဆီက Artist တွေဟာ ခေတ်ပြိုင် ကာလထဲမှာ ရှိနေကြပေမယ့် သူတို့ရဲ့ အတွေးစိတ်ကူးနဲ့ ဖန်တီးမှုက ခေတ်ပြိုင်မှာ မရှိကြဘဲ ၁၉ ရာစုနဲ့ ၂၀ ရာစု အစောပိုင်း ကာလက အနုပညာ ဖန်တီးတင်ပြမှုတွေနဲ့ တဝဲ၀ဲလည်နေကြဆဲပါ။ ဘာဖြစ်လို့ အဲဒီလို ဖြစ်ရတာလဲ ဆိုတော့ မော်ဒန် အနုပညာနဲ့ ခေတ်ပြိုင် အနုပညာ (Modern Art & Contemporary Art) ကြား ကွားခြားချက်၊ ခြားနားချက်နဲ့ တခုချင်းစီးရဲ့ ဝိသေသ လက္ခဏာတွေကို ကွဲကွဲပြားပြား မသိကြ၊ မမြင်ကြတာကြောင့် ခေတ်ပြိုင်အနုပညာ ဖန်တီးမှု အားနည်းနေတာ ဖြစ်ပါတယ်။ ခေတ်ပြိုင် အနုပညာဖန်တီးမှု အတွက် အထောက်အကူ ဖြစ်စေရေး ရည်ရွယ်ပြီး မော်ဒန်နဲ့ ခေတ်ပြိုင်အနုပညာကြား ကွာခြားမှုတွေ အကြောင်းကို နှိုင်းယှဉ် တင်ပြလိုက်ပါတယ်။
အောင်မြင်သူနဲ့ မအောင်မြင်သူ အနုပညာရှင်တို့ကြား ကွာဟချက်
ဒီ အနုပညာ ၂ ရပ်ရဲ့ ကွာခြားချက်တွေကို မတင်ပြမီ ပထမဆုံး ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ရပ်တည်ချက်နဲ့ အနုပညာ လောကမှာ တစုံတရာ အသိအမှတ်ပြုခံနေရတဲ့ အနုပညာရှင် ပန်ချီဆရာနဲ့ အသိအမှတ်ပြု ခံရမှု နည်းပါးနေသေးတဲ့ အနုပညာရှင် ပန်းချီဆရာတို့ရဲ့ ကွာခြားမှု အကြောင်းက စတင် ပြောပြချင်ပါတယ်။ ဘာဖြစ်လို့ ဒီလို တဦးနဲ့ တဦး ကွာခြားနေရတာလဲ ဆိုတော့ သူတို့ ကိုယ်စီရဲ့ ကိုယ့်ပိုင် ဘဝအမြင် (Life Philosophy)၊ ကိုယ်ပိုင် ဖန်တီးမှု အတွေးစိတ်ကူး (Creative Ideology) အခြေမခိုင်တာရယ်ကြောင့်ပါ။
ခေတ်ပြိုင် အနုပညာ ဖန်တီးမှုမှာ မီဒီယံတခုတည်း သာမက အများအပြားကို အသုံးပြု ဖန်တီးနိုင်ပါတယ်။ ဖန်တီးထားတဲ့ လက်ရာကလည်း ခေတ်ပြိုင်လူမှုဘ၀ ခံစားချက် လိုလားဆာလောင်မှုကို ထင်ဟပ်တဲ့ ဖန်တီးမှု ဖြစ်ရပါတယ်။ ဒါဟာ ခေတ်ပြိုင်အနုပညာရဲ့ ဝိသေသ အကျဉ်းချုပ်လို့ ဆိုနိုင်ပါတယ်။
Modern Art နဲ့ Contemporary Art ကွာခြားချက်
အနုပညာလောကမှာ Modern Art ကို ဖွင့်ဆိုဖို့ မော်ဒန်ဝါဒ ဆိုတာ ရှိပါတယ်။ ကာလအနေနဲ့ ၁၈၉၀ လောက်ကနေ ၁၉၆၀ လောက်အထိ ကာလအတွင်း ဖန်တီးခဲ့တာတွေကို အကြမ်းအားဖြင့် မော်ဒန်အနုပညာ ဖန်တီးမှုလို့ သတ်မှတ်ကြပြီး၊ Impressionism, Post-Impressionism, Fauvism, Cubism, Expressionism, Dada, Surrealism, Pop Art တို့ ပါဝင် ပါတယ်။ အဲဒီကာလအတွင်း တခြား အနုပညာ လှုပ်ရှားမှုများဟာလည်း မော်ဒန်အနုပညာနဲ့ ဆက်စပ်နေတဲ့ လှုပ်ရှားမှု တွေပါ။ အာရှအနုပညာ၊ အာဖရီကန်အနုပညာ တွေလည်း မောင်ဒန်အနုပညာ ဖန်တီးတင်ပြမှုနဲ့ ဆက်စပ်ပါဝင် နေပါတယ်။ ထင်ရှားတဲ့ ပန်းချီကျော်တွေကတော့ ပီကာဆို (Picasso), မာတက်စီ (Matisse), ရေနွား (Renoir), မွန်ဒရီယန် (Mondrian), ကန်ဒင်စကီ (Kandinsky) တို့ ဖြစ်ပြီး သူတို့ဟာ မော်ဒန်ကို ဦးဆောင်တဲ့ ထင်ရှားတဲ့ အနုပညာရှင်တွေ အဖြစ် လက်ခံထားပါတယ်။
ခေတ်ပြိုင်အနုပညာကိုဖွင့်ဆိုကြတာကတော့ အကြမ်းအားဖြင့် ယနေ့ခေတ်ကာလမှာ ဖန်တီးလုပ်ဆောင်တာလို့ ဆိုကြပါတယ်။ တကယ်လို့ သင်ဟာ ခေတ်ပြိုင်အနုပညာရှင် တဦးဆိုပါတော့၊ သင် အခုဖန်တီးနေတာဟာ လွန်ခဲ့တဲ့ အတိတ်က အကြောင်းခြင်းရာနဲ့ စိတ်ခံစားချက်တွေရဲ့ လွှမ်းမိုးမှုတွေ ပါဝင်နေနိုင်ပါတယ်။ ခေတ်ပြိုင် အနုပညာ လက်ရာတွေ ဖန်တီးတဲ့ အခါ ကြားခံမီဒီယာ မျိုးစုံ၊ နည်းစနစ်ပေါင်းစုံ၊ ကွန်ပျူတာနည်းပညာ တွေအထိ ထည့်သွင်း ဖန်းတီးနိုင်ပါတယ်။
အနုပညာဖန်တီးမှုသစ် တခုတွေ့လိုက်တာနဲ့ လူအများက ဒါဟာ မော်ဒန် လက်ရာပဲလို့ ယူဆကြပါတယ်။ ဒါပေမယ့် အနုပညာ လောကမှာတော့ အထက်မှာ ဖော်ပြခဲ့သလို ကာလ အပိုင်းအခြားအရ မော်ဒန်လက်ရာလို့ ပြောတာထက် ခေတ်ပြိုင် အနုပညာလက်ရာ ဆိုတာက ပိုပြီး မှန်ကန်တဲ့ အသုံးအနှုန်းလို့ ဆိုနိုင်ပါတယ်။
မြန်မာလို ဒြပ်မဲ့ပန်းချီ (သို့မဟုတ်) စိတ္တဇပန်းချီ လို့ခေါ်တဲ့ Abstract Art ဖန်တီးတင်ပြမှုမှာက အကြောင်းအရာ ခေါင်းစဉ် မပါသလို အနုပညာရှင်က ဘာကို ဖမ်းဆုပ်သရုပ်ဖော် တင်ပြတယ် ဆိုတာ ဆုံးဖြတ်ဖို့ ခက်ခဲပါတယ်။ အလင်း ဒါမှမဟုတ် အရောင်၊ ဒါမှမဟုတ် ပစ္စည်းပစ္စယ၊ ဒါမှမဟုတ် နေရာ ဒါမှမဟုတ် ပုံသဏ္ဌာန် တခုခုကို စိတ်မြင်အာရုံမှာ ထင်ဟပ်တဲ့ အတိုင်း ရေးဆွဲဖန်တီးတဲ့ သဘော ရှိပါတယ်။ ခေတ်ပြိုင် အနုပညာ တင်ပြမှုမှာလည်း ဒြပ်မဲ့ပန်းချီရေးဆွဲတင်ပြမှုတွေ ပါဝင်နေတာလည်း ရှိပါတယ်။
ခေတ်ပြိုင် အနုပညာဆိုတာ ဖန်တီးဖို့ ရှိနေခဲ့ပြီး ဘ၀ တလျှောက် ဆက်လက်ဖန်တီးဖို့လည်း ရှိနေတဲ့ အနုပညာ တင်ပြမှုပါ။
ပန်းချီ ဇော်ဝင်းဖေ ပြောတဲ့ ခေတ်ပြိုင်အနုပညာ
“အခုနောက်ပိုင်း ခေတ်ပြိုင်ဆိုတာ ထပ်မံတွေ့ရှိတာတွေနဲ့ ရှိပြီးသား ဒဿနများကို ဟန်ချက်ညီအောင် ပေါင်းစပ်ပြီး အမြင်ပိုင်းနဲ့ အတွေးပိုင်းကို ပိုမိုဟန်ချက်ညီစေတာလို့ ယူဆပါတယ်။ အဲဒီ ဟန်ချက်က ဒီနေ့ လူ့လောကရဲ့ အတက် အကျ သံသရာနဲ့ ဆင်ခြင်မှု အခြေအနေသစ် တခု၊ ဒါမှမဟုတ် တွေးစေမှု၊ စဉ်းစားချင့်ချိန်မှု တန်ဖိုးတွေကို ဖြစ်စေ၊ တွန်းပို့ပေးစေ ငြင်းခုန်စေနိုင်တဲ့ စွမ်းအင်တွေပါရင်တော့ ခေတ်ပြိုင်ရဲ့ အရသာကို စမ်းနိုင် တွေ့နိုင်ပြီလို့ထင်ပါတယ်။ ဒါကလည်း ခေတ်ပြိုင်ရဲ့ ဒီနေ့သုံးသပ်မှု တခုပါပဲ။ ပြည့်စုံမှု မရှိတဲ့ လိုအပ်ချက် ဒဿနကပဲ ခေတ်ပြိုင်ကို လှုပ်ရှား သက်ဝင်စေတာ လို့လည်း ထင်မြင်မိပါတယ်” ပန်းချီ ဇော်ဝင်ဖေက ပြောပါတယ်။
ပန်းချီ ဖေညွန့်ဝေပြောတဲ့ ခေတ်ပြိုင်အနုပညာ
ပန်းချီ ဖေညွန့်ဝေသုံးသပ်တာက “စကားလုံးတွေနဲ့ ဖောင်းပွနေတယ်ဗျာ။ သေသေချာချာ ဖြစ်စေချင်တယ်။ ခေတ်ပြိုင် အကြောင်းအရာတွေ ကျတော့ လူတွေက မပြောဘဲနဲ့၊ မခံစားဘဲနဲ့၊ မတင်ပြဘဲနဲ့၊ ခေတ်ပြိုင် ခေတ်ပြိုင်လို့ ပြောနေတာ မဖြစ်နိုင်ဘူးလို့ ယူဆတယ်ဗျာ။ လွန်ခဲ့တဲ့ နှစ် ၂၀၊ ၃၀ လောက်တုန်းကလည်း လူအများ သုံးကြတယ်တယ်၊ ခေတ်သစ် ခေတ်သစ် ဆိုပြီးတော့ပေါ။ မော်ဒန်ပေါ့လေ။ ခေတ်ပြိုင်ဖြစ်ဖို့ဆိုရင် လုပ်ကိုင် ဖန်တီးတဲ့ သူအနေနဲ့ ခေတ်ပြိုင်ရဲ့ သဘောတရားကို သိရတယ်။ ခေတ်ကိုထင်ဟပ်တဲ့ အတွေးအခေါ် အယူအဆ၊ ပြောင်းလဲလာတဲ့ အရာတွေ၊ ခေတ်ပြိုင်တင်ပြမှုတွေနဲ့ တင်ပြမှ ခေတ်ပြိုင်အနုပညာလို့ ပြောလို့ရမယ်” လို့ ဆိုပါတယ်။
သုံးသပ်ချက်
အောင်မြင်ထင်ရှားတဲ့၊ အသိအမှတ်ပြုခံရတဲ့အနုပညာရှင်တွေကို လေ့လာတဲ့ အခါ သူတို့ဟာ သူတို့ ဘဝအမြင် နဲ့ သူတို့ရဲ့ ဖန်တီးမှု အတွေးစိတ်ကူး ပေါင်းစပ်ပြီး Concept ကို ပုံဖော်တင်ပြနိုင်ကြတာ တွေ့ရပါတယ်။ ဒါကြောင့် အနုပညာရှင် တဦးဟာ ကျွမ်းကျင်မှု သက်သက်နဲ့ ခေတ်ပြိုင် အနုပညာ ကို တင်ပြနိုင်မှာ မဟုတ်သလို လှပမှု သက်သက်နဲ့ ခေတ်ပြိုင်အနုပညာ တင်ပြမှု မဖြစ်နိုင်ပါ။ ခေတ်ပြိုင်ရဲ့ သဘော သဘာဝကို မရောက်နိုင်၊ မရနိုင်ပါ။ ကိုယ်ပိုင် ဘ၀ အမြင်နဲ့ ကိုယ်ပိုင်ဖန်တီးမှု အတွေးစိတ်ကူး ပေါင်းစပ်ပြီး ခေတ်အမြင်၊ ခေတ်အတွေး၊ ခေတ်ကာလရဲ့ လိုလား ဆာလောင်မှုကို ဖန်တီးတင်ပြဖို့ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။