Lifestyle

နယ်အကြိုက် Isuzu Hi-Lander

This article has been converted from Zawgyi One to Unicode

ပြည်တွင်း ဈေးကွက်မှာ Isuzuရဲ့ ဈေးကွက်နေရာရမှုက နည်းတယ်ဆိုပေမယ့် Pick-up Truck ဈေးကွက်မှာ တော့ နယ်ဝယ်လက်ထိအောင် လူကြိုက်များသလို လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် ကောင်းတာကြောင့် အရည်အသွေးက စိတ်ကြိုက်ဖြစ်စရာပါ။ Vigoလို မော်ဒယ်တွေက ရုပ်ထွက်လှတယ်၊ စွမ်းဆောင်ရည် ကောင်းတယ်၊ ဒါပေမယ့် ဆီစားနည်းနည်းများချင်တယ်၊ ပြီးတော့ ဈေးလည်း မြောက်တယ်။

အဲဒီအတွက် Nissan Navaraလို မော်ဒယ်တွေ ဈေးကွက် အဝယ်လိုက်လာသလို အခုလို Hi-Lander ဆိုရင်လည်း လက်ခံနိုင်စရာ အနေအထား တစ်ခုပါ။ မော်ဒယ်က ရုပ်ထွက်ပိုင်းလည်း ဆွဲဆောင်မှု ကောင်းတယ်၊ ကြွတယ်၊ လမ်းကြမ်းပိုင်းနဲ့ အတူ လမ်းစုံမောင်းနိုင်မယ်၊ ဝန်တင်ဆောင်ခန်း ကျယ်တယ်၊  ကိုယ်ထည်ကလည်း  အလျား မရှည်လို့ မြို့တွင်းလမ်းတွေမှာပါ အဆင်ပြေစေနိုင်မယ်။

နောက်ပြီးတော့ Ext-Cabပုံစံနဲ့ လာပေမယ့် နောက်ဖက် ခရီးသည်ခန်းကို အိပ်စင် ပုံစံနဲ့ရော နောက်ပါ ထိုင်ခုံ အနေနဲ့ပါ အသုံးပြုနိုင်အောင် ဖန်တီးထားတာ တစ်ခုက နောက်ဖက် ဝန်တင်ခန်းကိုလည်း Double-Cab တွေထက် စာရင် ပိုမို ကျယ်ဝန်းသွားစေသလို Single-Cabတွေထက်လည်း ခရီးသည် လိုက်ပါ စီးနင်းနိုင်စေမှု အားကောင်းသွားစေတာပါ။

Hi-Landerနဲ့ ပတ်သက်တဲ့ သဘောကျစရာ တံခါးပေါက် စနစ်လည်း ရှိပါသေးတယ်။ ရင်ကွဲ တံခါးပုံစံပါ။ များသောအားဖြင့်တော့ Vauxhallရဲ့ မော်ဒယ်တွေမှာ အတွေ့ရများပြီးတော့ Pick-upတန်းဝင်တွေထဲမှာ ထုတ်လုပ်မှု နည်းပေမယ့် ဒီတံခါးစနစ်က ခရီးသည်ခန်းထဲကို ထုတ်ထည် ကြီးတဲ့ ဝန်တွေ တင်မယ် ဆိုရင် အခန်း၀ အပြည့် လှပ်ပြီး တင်ဆောင်နိုင်မှာ ဖြစ်လို့ စိတ်ကြိုက် ဖြစ်စရာပါ။ တချို့ကတော့ ရှေ့တံခါးနဲ့ နောက်တံခါးကြားမှာ ဘောင်မရှိတာကြောင့် သိပ်မကြိုက်ပေမယ့် နောက်ဖက်ခန်းက အဓိက မဟုတ်တဲ့ အနေအထားမှာ ရင်ကွဲတံခါးပုံစံက အဆင်ပြေပါတယ်။

နှစ်ဘီးယက်စနစ်နဲ့ ဖန်တီးထားတာ ဖြစ်ပြီး မော်ဒယ်မြင့်တွေ အနေနဲ့ပဲ ဈေးကွက်မှာ တွေ့ရပြီး ၂၀၁၂ခုနှစ် ဝန်းကျင်ထုတ်တွေ အနက်ရောင် အများစု ဈေးကွက်မှာ ရှိပါတယ်။ အင်ဂျင်က ၂ ဒသမ ၅လီတာသုံး အင်ဂျင် ဖြစ် လို့ နည်းနည်း ကြီးချင်ပေမယ့် ရန်ကုန် ဝယ်လက်အတွက်လည်း ဆီစားက ချိုသာတာ တွေ့ရသလို နယ်ဝယ်လက်အတွက်ကတော့ စွမ်းဆောင်ရည်ပိုင်း စိတ်ကြိုက်ဖြစ်စေမှုနဲ့တင် ဆီစားနှုန်းကို မေ့ထားနိုင် လောက်အောင် ကောင်းပါတယ်။

တကယ်တမ်း ဒီမော်ဒယ်လောက် Vigoဆိုရင် ဈေးက တော်တော်ကို မြောက်နေမှာ ဖြစ်ပေမယ့် အခု Hi-Lander ကတော့ Frameလည်း အမြင့် အနေအထား၊ အနက်ရောင်၊ Ext-Cab၊ ရှေ့ဘီးယက်၊ ၂၀၁၂ခုနှစ်ထုတ် မော်ဒယ်လောက်ကိုမှ သိန်း ၂၀၀လောက်ပဲ အခေါ်ရှိပြီးတော့  မောင်းနှင်ပြီး ကီလို အနည်း၊ အများ၊ နောက်ဖက် ဝန်တင်ခန်း Steelကိုင်းအနေအထားတွေကို ထောက်စစ်နိုင်မယ် ဆိုရင် ဈေးက အလျော့ဘက်မှာ ရှိနေတာ ဖြစ်လို့  မော်ဒယ်မြင့် အနေနဲ့ ရနိုင်မယ့် Hi-Landerကို သဘော ကျစရာပါပဲ။

Loading