ပြုလုပ်ပြီးစီးခဲ့တဲ့ အကယ်ဒမီထူးချွန်ဆုချီးမြင့်ပွဲမှာ အမျိုးသားဇာတ်ပို့ဆုနဲ့ ရေပန်းစားနေခဲ့တဲ့ သရုပ်ဆောင် ခင်လှိုင်တယောက် ဆုနဲ့ လွဲချော်ခဲ့ရပါတယ်။ သရုပ်ဆောင်ခင်လှိုင်ရဲ့ပရိသတ်တွေကြားမှာတော့ မကျေနပ်မှုများနဲ့ ဝေဖန်မှုများ ထွက်လာခဲ့ပါတယ်။
ဒါ့အပြင် ဟာသသရုပ်ဆောင်ခင်လှိုင်က မီဒီယာတခုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အကယ်ဒမီရရှိဖို့ ဟောပြောပွဲတွေမှာ လိုက်ပြောဖို့ ဘယ်တော့မှ မလုပ်ဘူး။ အနုပညာအလုပ်ကိုသာ လုပ်မယ်လို့ ပွင့်လင်းစွာပြောဆိုမှုအပေါ် ဝေဖန်မှုများရှိခဲ့တာပါ။
သရုပ်ဆောင် ခင်လှိုင်အနေနဲ့ အကယ်ဒမီနဲ့ လွဲချော်ခဲ့ရတဲ့အတွက် အားလုံးက စိတ်မကောင်းဖြစ်နေရပေမယ့် ဒီလိုပြောဆိုမှုမျိုးကိုတော့ မလုပ်သင့်ဘူးလို့ ဝေဖန်ခဲ့မှုအပေါ် သရုပ်ဆောင်ခင်လှိုင်ကို ဆက်သွယ် မေးမြန်းတဲ့အခါမှာတော့ “ကျနော်မလိမ်တတ်တော့ ဒီအတိုင်းပဲပြောလိုက်တာပါ။ အဲဒီအပေါ်မှာ ကြိုက်တဲ့သူလည်း ကြိုက်နိုင်ပါတယ်။ မကြိုက်တဲ့သူလည်း ရှိနိုင်ပါတယ်။ ပြသနာတော့မရှိပါဘူး။ အဲဒီအပေါ်မှာလည်း မခံစားပါဘူး။ အရေးကြီးတာက ကိုယ်ရင်ထဲမှာခံစားနေရတာကို ပြောခွင့်ရှိတယ်။ ကျေနပ်ခြင်း မကျေနပ်ခြင်းဆိုတာကတော့ ကိုယ့်လူ သူ့လူရှိမှာပါပဲ။ ကျနော်ကို ရေးကြတဲ့အပေါ်မှာလည်း ကျနော်မခံစားတော့ပါဘူး။ ပြန်လည်း ရေးမှာ မဟုတ်ပါဘူး” လို့ ပြောပြထားပါတယ်။
ဒါ့အပြင် သရုပ်ဆောင် ခင်လှိုင်က အကယ်ဒမီပေးပွဲမတိုင်ခင် ထပြန်သွားတာနဲ့ပတ်သက်ပြီး ၎င်းရဲ့သား ဆေးရုံတင်ထားရလို့ သူတို့အနေနဲ့ အကယ်ဒမီမရတဲ့အပေါ် စိတ်မကောင်းဖြစ်မှာဆိုးတဲ့အတွက် နှစ်သိမ့် အားပေးရဦးမှာမို့ ပြန်ဖြစ်ခဲ့ကြောင်းနှင့် အခု ၎င်းအနေနဲ့ အခြေအနေကောင်းကြောင်း “အာရကေ” ဆိုတဲ့ ဇာတ်ကား ရိုက်ကူးနေကြောင်း ဆက်ပြောပါတယ်။
အကယ်ဒမီနဲ့ ပတ်သက်လို့ ပရိသတ်ကိုပြောချင်တာတော့ “ကျနော်တာဝန်မကျေတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်” လို့ ခင်လှိုင်က သူ့ရဲ့ပရိသတ်တွေကို ပြောလိုက်ပါတယ်။