Myanmar Idol သီချင်းဆိုပြိုင်ပွဲရဲ့ နောက်ဆုံးအကြိမ် သီဆိုယှဉ်ပြိုင်ကြမယ့် Final ပွဲကို ဧပြီ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် ၃ ဦးဖြစ်တဲ့ M ဇော်ရိန်၊ စောလားထော်ဝါးနဲ့ နင်ဇီမေ (မေနှင်းဆီ) တို့ ၃ ယောက်ကတော့ ပြိုင်ပွဲမှာ သီချင်း ၃ ပုဒ်စီ သီဆိုပြီး ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။
သီဆိုရမယ့် သီချင်းတွေကတော့ အကဲဖြတ်ဒိုင်များ ရွေးပေးထားတဲ့ သီချင်းတပုဒ်၊ မိမိစိတ်ကြိုက် သီချင်းတပုဒ်နဲ့ တေးရေး ရဲလေး ရေးစပ်ပေးထားတဲ့ သီချင်းကို မိမိ Version နဲ့ ပြန်လည်သီဆိုရမယ့် သီချင်းတပုဒ်နဲ့ စုစုပေါင်း ၃ ပုဒ် ဖြစ်ပါတယ်။
Winner အဖြစ် နောက်ဆုံးတယောက်ကိုသာ ရွေးချယ်မှာဖြစ်တဲ့အတွက် ပြိုင်ပွဲဝင် ၃ ဦးထဲက တဦးကသာ ဆုကြေးငွေနဲ့ တေးစီးရီးထုတ်ဝေခွင့် ရရှိမှာ ဖြစ်ပါတယ်။ ယခုပြုလုပ်မယ့် နောက်ဆုံးပြိုင်ပွဲမှာတော့ ခါတိုင်းနဲ့မတူဘဲ မဲပေးရမယ့် အချိန်ကို နောက်ရက်မကူးဘဲ ပွဲပြုလုပ်နေတဲ့ အချိန်အတွင်းမှာ မဲပေးရမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲဝင် ၃ ဦးယှဉ်ပြိုင်ပြီးချိန် တခြား ဧည့်သည်အဆိုတော်များ ဖျော်ဖြေနေတဲ့အချိန်အတွင်းမှာ ပြိုင်ပွဲဝင်များကို Vote ပေးရမှာ ဖြစ်ပြီး တခါတည်း မဲအများဆုံး ပြိုင်ပွဲဝင်ကို ရွေးချယ်မယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။
ဘာကြောင့် ဒီလိုတခါတည်း မဲပေးပြီး ရွေးချယ်ဆုံးဖြတ်ဖြစ်တယ် ဆိုတဲ့အပေါ်ကို Myanmar Idol ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ Executive Producer ကိုစိုင်းက “ဒါက American Idol ပုံစံပဲပေါ့၊ နောက်ရက်ကို မကူးဘဲ တခါတည်း မဲပေးပြီး ဆုပေးတဲ့ပုံစံပါ။ ပြိုင်ပွဲဝင်တွေ ၃ ယောက် တယောက်ကို ၃ ပုဒ်စီဆိုကြရမယ်၊ အဲဒါက ၉ ပုဒ်ဆိုပြီးတော့ Part 1 ပြီးသွားမယ်ပေါ့။ ပြီးရင် ကျနော်တို့ ဖိတ်ကြားထားတဲ့ ဧည့်သည်အဆိုတော်တွေ ဖျော်ဖြေကြမယ်။ သူတို့က ဖျော်ဖြေမှက အနည်းဆုံးက ၂ နာရီကနေ ၃ နာရီကြားမှာ ဖြစ်လိမ့်မယ်။ အဲဒီအချိန်မှာ သူတို့ Voting လုပ်လို့ ရမယ့် အချိန်က၂ နာရီကနေ ၃ နာရီရှိမယ်။ ပွဲမပြီးခင် နာရီဝက်လောက်မှာ Voting ပေးတာကို ပိတ်လိုက်ပြီး အမှတ်တွေ သေချာပေါင်းပြီး ကြေညာပေးမယ်” လို့ ပြောပြပါတယ်။
ပြိုင်ပွဲကို ခါတိုင်းလို ည ၉နာရီမှာ ကျင်းပမှာ မဟုတ်ဘဲ ည ၇ နာရီအချိန်မှာ စတင် ကျင်းပမှာဖြစ်ပါတယ်။