နှစ်စဉ်ကျင်းပမြဲ အကယ်ဒမီဆုပေးပွဲဆိုရင် အကယ်ဒမီနဲ့အတူ ပရိသတ်တွေ အများဆုံး စိတ်ဝင်စား ကြတာက ဘယ်သူတွေ ဘာဆုတွေရကြမလဲဆိုတာနဲ့ ပွဲတက်ရောက်လာသူ မင်းသား၊ မင်းသမီး တွေရဲ့ အကယ်ဒမီပွဲတက် ဖက်ရှင်တွေပဲ ဖြစ်ပါတယ်။
အကယ်ဒမီ ပွဲတက်ဖက်ရှင်ဆိုရင် အရောင်၊ ဒီဇိုင်း ဆန်းဆန်းပြားပြားတွေ ဝတ်လေ့ရှိတာကြောင့် ပရိသတ်တွေ အထူးစိတ်ဝင်စားကြပြီး အနုပညာရှင်တွေရဲ့ အကယ်ဒမီဖက်ရှင်တွေကို သူတို့ ချစ်တဲ့ ပရိသတ်တွေက မင်္ဂလာဆောင်၊ ဘွဲ့၊ အလှူနဲ့ မြန်မာဝတ်စုံ ဝတ်ရတဲ့ ပွဲအခမ်းအနားတွေမှာ ပြန်လည် ဒီဇိုင်းထွင် ချုပ်လုပ်ပြီး ဝတ်ဆင်လေ့ရှိကြပါတယ်။
မင်းသား၊ မင်းသမီးတွေရဲ့ ပွဲတက်ဖက်ရှင်တွေကို ပိုးထည်တိုက်တွေ၊ ဒီဇိုင်နာတွေက အသီးသီး စပွန်ဆာပေးကြပြီး လက်ဝတ်ရတနာ၊ ဖိနပ်၊ မိတ်ကပ် ဆံပင်ဒီဇိုင်းတွေကလည်း ပွဲတက်ဖက်ရှင်တွေနဲ့ အတူ စိတ်ဝင်စားခြင်း ခံရပါတယ်။
ဒီနှစ် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က Myanmar Event Park (M.E.P) မှာ ကျင်းပပြုလုပ်ခဲ့တဲ့ “၂၀၁၄ – ၂၀၁၅ အကယ်ဒမီ ဆုချီးမြှင့်ပွဲကြီး” မှာ မင်းသမီးတွေ အများစု ဝတ်ဆင်လာကြတဲ့ ဖက်ရှင်ကို သုံးသပ်ရမယ်ဆိုရင် ဒီနှစ်က “Super Women တွေ တက်ရောက်ကြတဲ့ အကယ်ဒမီပွဲ” လို့ ဆိုရမလားပဲ။
Facebook အသုံးပြုသူ လူငယ်တွေကြားမှာလည်း မင်းသမီးတွေ ဝတ်ဆင်လာကြတဲ့ အကယ်ဒမီ ပွဲတက်ဖက်ရှင်တွေနဲ့ ပတ်သက်ပြီး ပုခုံးထက်ကနေ ဝဲကျနေတဲ့ ဝတ်ရုံရှည်ပုံစံ ဖက်ရှင်တွေကြောင့် “Super Women တွေ ပွဲတက်လာသလား” ဆိုပြီး မေးခွန်းတွေ ထုတ်နေကြပါတယ်။
အဲဒီလို ဝတ်လာကြတဲ့ ဝတ်စုံပိုင်ရှင်တွေထဲမှာ အကယ်ဒမီ ဝတ်မှုန်ရွှေရည်၊ အေးမြတ်သူ၊ နန်းဆုရတီစိုးနဲ့ အကယ်ဒမီများရှင် မင်းသမီးကြီး မို့မို့မြင့်အောင်တို့ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ကျော နောက်ဘက်နဲ့ လက်မောင်း ပုခုံးထက်ကနေ ဖားလျားချတဲ့ ဝတ်စုံဒီဇိုင်းတွေက အနောက်နိုင်ငံတွေက ဆုပေးပွဲတွေနဲ့ တရုတ်၊ ကိုရီးယားစတဲ့ အာရှကဆုပေးပွဲတွေမှာလည်း အနုပညာရှင်တွေ ဝတ်ဆင်တာမျိုး ရှိခဲ့ပါတယ်။
ဒါကြောင့် ဒီနှစ်ရဲ့ ပွဲတက်ဖက်ရှင်တွေက “Super Women တို့ရဲ့ ပွဲတက်ဖက်ရှင် ခေတ်စားတဲ့နှစ်” လို့ ဆိုချင်ပါတယ်။ နောက်ထပ် အရောင်ရိုးရိုးရှင်းရှင်းနဲ့ Classic ဆန်ဆန်လေးလှနေတဲ့ မင်းသမီးတွေ လည်းရှိပါသေးတယ်။ ကျနော် သဘောကျမိတဲ့ ဖက်ရှင်တွေကတော့ အနက်ရောင်လေးနဲ့ Elegant ဖြစ်ပြီး လှနေတဲ့ ဝါဆိုမိုးဦး၊ ပန်းရောင်ဖျော့လေးနဲ့ လှပကျော့ရှင်းနေတဲ့ မိုးဟေကို၊ ခရမ်းရောင် ဖျောေ့ဖျာ့လေးနဲ့ တော်ဝင်ဆန်ဆန် လှနေတဲ့ စံရတီမိုးမြင့်တို့ပဲ ဖြစ်ပါတယ်။
ပွဲမှာ ထူးထူးခြားခြားဆိုရင် နာဂတိုင်းရင်းသူ ဝတ်စုံနဲ့ ပွဲတက်လာတဲ့ နာဂတိုင်းရင်းသူလေး မော်ဒယ်လ် မာရီကိုးလ်ပဲ ဖြစ်ပါတယ်။ သူ့ဖက်ရှင်က မြန်မာဝတ်စုံတွေကြားမှာ သီးသန့်ခွဲထွက်နေတဲ့ ဖက်ရှင် ဖြစ်တာကြောင့် အမြင်ဆန်းပြီး Facebook အသုံးပြုတွေကြားမှာ လူပြောများနေပါတယ်။
မင်းသားတွေ ဝတ်လာကြတဲ့ အကယ်ဒမီ ပွဲတက်ဖက်ရှင်တွေကတော့ မင်းသမီးတွေရဲ့ ဖက်ရှင်တွေလို ပြောစမှတ် တွင်လောက်အောင် အရမ်းကြီး ထူးခြားတာမျိုး မတွေ့ရပါဘူး။ စုံတွဲတက်လာကြတဲ့ အမျိုးသားဝတ် အကယ်ဒမီ ဖက်ရှင်တွေကတော့ ပွဲအတူတက်လာတဲ့ အမျိုးသမီး၊ မိသားစုနဲ့အတူ လိုက်ဖက်တဲ့ အရောင်တွေ တွဲဝတ်လာတာ တွေ့ရပါတယ်။
မြန်မာပြည်ရဲ့ မင်းသားတွေထဲမှာ အမြဲတမ်း ဖက်ရှင် အလန်းစားတွေနဲ့ တွေ့ရတတ်တဲ့ ပျိုတိုင်းကြိုက် နှင်းဆီခိုင် မင်းသား အောင်ရဲလင်းကတော့ ခဲရောင်တိုက်ပုံကို ဒီဇိုင်းဆန်းဆန်းနဲ့ ဝတ်ဆင်လာတာ တွေ့ရပါတယ်။ အကယ်ဒမီဆုရရှိသွားတဲ့ အားလုံးချစ်တဲ့ မင်းသားချော နေတိုးကတော့ ရိုးရိုးရှင်းရှင်း အဖြူရောင်ကိုသာ ဝတ်ဆင်လာတာတွေ့ရပြီး သူနဲ့လည်း လိုက်ဖက်ကြည့်ကောင်းတယ်လို့ နေတိုး ပရိသတ်တွေက မှတ်ချက်ပြုကြပါတယ်။
စုံတွဲ ဝတ်စုံတွေထဲမှာ ထူးထူးခြားခြား ပြောစမှတ်ပြုကြတာကတော့ ပန်းရောင်ဆင်တူနဲ့ ပွဲတက်လာတဲ့ အဆိုတော် မြန်မာပြည် သိန်းတန်တို့ စုံတွဲနဲ့ ပြင်ဆင်လာတဲ့ ဆံပင်ပုံစံထဲမှာ ထူးခြားနေတာကတော့ ဘေးကို အပြောင်ရိတ်ထားပြီး တက်တူးထိုးထားတဲ့ ဆံပင်ဒီဇိုင်းနဲ့ ပွဲတက်လာတဲ့ ဟာသသရုပ်ဆောင် ခင်လှိုင်ရဲ့ ဇနီး ပြင်ဆင်ထားတဲ့ ဆံပင်ဒီဇိုင်းတို့ပဲ ဖြစ်ပါတယ်။
ဒါကတော့ ဒီနှစ် အကယ်ဒမီပေးပွဲရဲ့ ပရိသတ်တွေကြားမှာ ထင်ထင်ရှားရှားနဲ့ ပြောစမှတ်ပြု ထင်ကျန်ခဲ့တဲ့ မင်းသား၊ မင်းသမီးတွေရဲ့ အကယ်ဒမီ ပွဲတက်ဖက်ရှင်တွေအကြောင်း လက်လှမ်း မီသလောက် စုစည်းတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။