မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ဟာ ၂၀၁၆ သင်္ကြန်မှာ MPT ရေကစားမဏ္ဍပ်များတွင် ဆင်နွှဲရန် MPT ၏ တရားဝင် Facebook စာမျက်နှာမှ ကံထူးရှင် ၂၀၀ ကို ရွေးချယ်လိုက်ကြောင်း သိရပါတယ်။
ဧပြီလ ၁၃ရက်မှ ၁၆ရက်အထိ ကျင်းပမယ့် မဟာသင်္ကြန်နေ့များမှာ MPT ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာရှိ ပြိုင်ပွဲမှ အနိုင်ရရှိခဲ့သူများဟာ မန္တလေးမြို့ရှိ MPT မဏ္ဍပ်မှာ နာမည်ကျော် တေးဂီတအဖွဲ့ Iron Cross နဲ့ အတူ သီချင်းများကို နားဆင်ပြီး ရေကစားနိုင်မယ့် အခွင့်အရေးကို ရရှိမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ရှိ ကံထူးသူများ အနေနဲ့လည်း သင်္ကြန်အက၊ ခေတ်ပေါ် အကများနဲ့အတူ ပေါ့ခ်၊ ရော့ခ်နှင့် ရက်ဂေး စတဲ့ တေးသီချင်းများနဲ့ သီဆိုဖျော်ဖြေကြမယ့် အနုပညာရှင်များနဲ့အတူ မဟာသင်္ကြန်ကို ဆင်နွဲကြရမှာပါ။
ရန်ကုန်နဲ့ မန္တလေးမြို့များရှိ ပြိုင်ပွဲဝင်များဟာ MPT အမှတ်တံဆိပ်ပါ ဓာတ်ပုံကို ပြိုင်ပွဲဝင်များရဲ့ Facebook ပရိုဖိုင်ဓာတ်ပုံအဖြစ် ပြောင်းလဲခြင်း၊ ပြန်လည်မျှဝေခြင်း၊ Like လုပ်ခြင်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ထိုသူများထဲမှ ပြန်လည်ရွေးချယ်ကာ ရန်ကုန်နဲ့ မန္တလေးမြို့များအတွက် ကံထူးရှင် ၁၀၀ စီရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။
ဒီကံထူးရှင်စာရင်းကို မတ်လ ၃၀နှင့် ၃၁ရက်များက ကြေညာခဲ့ပြီး ရွေးချယ်ခြင်းခံရသူများမှာ သူငယ်ချင်းတဦးပါ ခေါ်ဆောင်ကာ သင်္ကြန်ကာလ ဧပြီ ၁၃ ရက်ကနေ ၁၆ ရက်အတွင်း မိမိလက်မှတ်ရရှိမယ့် တရက်မှာ MPT မဏ္ဍပ်များ၌ လာရောက် ပါဝင်ဆင်နွဲနိုင်မှာပါ။
“မဟာသင်္ကြန်ဆိုတာ မြန်မာ့ပြက္ခဒိန်မှာ အကြီးကျယ် အခမ်းနားဆုံး ပွဲတော် အခါသမယတစ်ခုပါ။ MPT က မိမိတို့ရဲ့ သုံးစွဲသူတွေကို ဘယ်လောက် တန်ဖိုးထားလဲဆိုတာကို ပြသချင်တဲ့အတွက် အကောင်းဆုံး တေးဂီတအဖွဲကိုလည်း စီစဉ်ထားပြီး ကျနော်တို့ရဲ့ မဏ္ဍပ်မှာ လာရောက်ပျော်ရွှင်တဲ့ သူတွေကိုလည်း ဘယ်တော့မှ မမေ့နိုင်တဲ့ နှစ်သစ်ကူး အချိန်အခါကာလကို ပိုင်ဆိုင်နိုင်အောင် စီစဉ်ထားပါတယ်” လို့ MPT-KSGM (KDDI Summit Global Myanmar Co. Ltd.) ရဲ့ CCO ဖြစ်သူ မစ္စတာ ကိုအိချိ ကာဝါစဲ (Koichi Kawase) က ပြောပါတယ်။
နာမည်ကျော် Iron Cross အဖွဲ့မှ ပင်တိုင် အဆိုတော်များဖြစ်တဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ အဆိုတော်သစ် လှိုင်လေးနဲ့ Easta တို့က မန္တလေးမြို့၊ ကျုံးမြောက်ဘက်၊ ရတနာပုံ တိရိစ္ဆာန်ရုံ အရှေ့ဘက်ရှိ MPT မဏ္ဍပ်မှာ ဖျော်ဖြေတင်ဆက်မှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ ပြည်လမ်းရှိ MPT မဏ္ဍပ်မှာလည်း နိုင်ငံကျော် အဆိုတော်များ ဖြစ်ကြတဲ့ ချစ်ကောင်း၊ မေခလာ၊ ဝိုင်းစုခိုင်သိန်း၊ အောင်ထက်၊ ဂရေဟမ်၊ ဂျီလတ်နဲ့ မနန်းနန်းစိန် စတဲ့ အဆိုတော်များက ‘Lucky Hand’ ဂီတအဖွဲ့နဲ့တွဲဖက်ပြီး လည်းကောင်း၊ အမျိုးသမီး အကအဖွဲ့ဖြစ်တဲ့ ‘Here & Now’, အမေများအဖွဲနဲ့ မမများ အကအဖွဲ့တို့ကလည်း သီဆိုဖျော်ဖြေသွားမှာဖြစ်ပါတယ်။