ပုံမှန်ဆို အာရှထုတ်ကားတွေက ဆီစားနည်းနည်းနဲ့ ဝန်တင်ဆောင်နိုင်အောင် ပေါ့ပေါ့ပါးပါးလောက်ပဲ ဖန်တီး ထားတတ်ကြပေမယ့် Toyota ကုမ္ဗဏီက ထုတ်တဲ့ Tacomaမှာတော့ အမေရိက ဈေးကွက်ကို ခြေဆန့် နိုင် အောင် ဝန်တင်ဆောင်နိုင်မှုနဲ့ အတူ အကြမ်းခံနိုင်ရည် မြင့်မားအောင် ထုတ်လုပ်ထားတာကြောင့် ဆီစား လည်း များလာသလို စွမ်းဆောင်ရည်လည်း သိသိသာသာကို တိုးတက်ကောင်းမွန်လာတာ တွေ့ရပါတယ်။ ဒါဆို ပုံမှန် မြင်နေကျ Toyotaမော်ဒယ်တွေနဲ့ ဘယ်လို ကွာခြားပါသလဲ။ Vigoလို မော်ဒယ်တွေထက် ဘာတွေ ထူးခြား သွားပါသလဲ။
မော်ဒယ်ရဲ့ အားသာချက် အနေနဲ့ စွမ်းဆောင်ရည်ပိုင်း ဦးစားပေး တည်ဆောက်လာတာကြောင့် မော်ဒယ်က V6အင်ဂျင်စနစ်လောက်ထိအောင် ရွေးချယ်နိုင်မှာ ဖြစ်သလို လမ်းကြမ်းပိုင်း မောင်းနှင်နိုင်မှု အတွက် Manual စနစ်ကိုလည်း ရွေးချယ်ရရှိနိုင်မှာ ဖြစ်ပါတယ်။ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် အထူးကောင်းမွန် ပြီးတော့ ထူးခြားချက် အနေနဲ့ အတွင်းခန်း တပ်ဆင် ထိန်းချုပ်နဲ့ ဖျော်ဖြေရေးစနစ် တွဲဖက်ထားတဲ့ Touch အပိုင်းက မထင်မှတ်လောက်အောင် တုံ့ပြန်မှု ကောင်းမွန်သလို မော်ဒယ်နဲ့ ပတ်သတ်ပြီး ဆက်စပ်နဲ့ အဆင့်မြှင့်နိုင်မှု အပိုင်းတွေ ရွေးချယ်နိုင်စရာ အများအပြား ရှိနေတာလည်း ဖြစ်ပါတယ်။
အားသာချက်တချက်ကတော့ လူတိုင်း နှစ်သက်မယ့်အချက် ဖြစ်ပြီး ဈေးနှုန်းပိုင်း အထူးချိုသာတာပဲ ဖြစ်ပါတယ်နော်။ အားနည်းချက် အနေနဲ့ လမ်းကြမ်းပိုင်းစွမ်းဆောင်ရည် ကောင်းမွန်အောင် ဖန်တီးထား တဲ့နေရာမှာ ယာဉ်မောင်းရဲ့ ထိုင်ခုံ အနေနဲ့က အပေါ်စီး အနေအထားကနေ မြင်တွေ့နိုင်အောင် ပုံမှန်ထက် မြှင့်ပြီးဖန်တီးထားဖို့ လိုအပ်ပေမယ့် အခုတော့ ထိုင်ခုံ အထိုင်က နည်းနည်း နိမ့်နေသလို အနိမ့်၊ အမြင့်ချိန်လို့ရတဲ့ စနစ် ထည့်မထားပြန်ပါဘူး။
နောက်တချက်ကတော့ V6အင်ဂျင်စနစ်က ရုန်းအားပိုင်းမှာ အထူးကောင်းမွန်ပေမယ့် မော်ဒယ်ကို လမ်းကြမ်း ပိုင်း အတွက် ရည်ရွယ်ထုတ်လုပ်ထားတာကြောင့် စွမ်းဆောင်ရည် အားနည်းသွားပြီး အမြန်နှုန်း မြှင့်တင်နိုင်မှု တော်တော်လေး အားနည်းသွားတာ တွေ့ရပါတယ်။
အမေရိကထုတ် မော်ဒယ်တွေရဲ့ ပုံစံကို လိုက်ပြီး ရုပ်ထွက် ဆန်းဆန်း၊ အရောင်ပိုင်း ရွေးချယ်နိုင်မှု နည်းနည်းနဲ့ Frameမြင့်မြင့် ဖန်တီးထားတာ တွေ့ရပါတယ်။ အကြီးစားတန်းဝင် Truckမော်ဒယ် ဖြစ်ပြီးတော့ အလျားက ၁၇ပေနဲ့ ၈ ဒသမ ၃လက်မထိအောင် ရှိနေမှာပါ။ လမ်းကျပ်ကျပ် မြို့တွင်း အနေအထားနဲ့တော့ အဆင်ပြေဖို့ မလွယ်ပဲ မျက်နှာစာ အကျယ်က ၆ပေနဲ့ ၂ ဒသမ ၄လက်မရှိသလို အမြင့်က ၅ပေနဲ့ ၁၀ ဒသမ ၆လက်မ ရှိမှာပါ။
V6 အင်ဂျင်စနစ်နဲ့ ရနိုင်တယ်လို့ ပြောခဲ့ပေမယ့် ဆီစားနည်းနည်း များတာကြောင့် ကျွန်တော်က ဆီစားသင့်မယ့် ၂ ဒသမ ၇လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်တပ် မော်ဒယ်ကိုပဲ ရွေးချယ် မိတ်ဆက်ချင်ပါတယ်နော်။ လေးလုံးထိုး အင်ဂျင်စနစ်တွေထဲမှာတော့ အကြီးဆုံး တန်းဝင် ဖြစ်ပြီးတော့ အင်ဂျင်က အခြေခံ လည်ပတ်အား တစ်မိနစ် အပတ်ရေ ၃၈၀၀မှာ ရုန်းအား ၁၈၀ပေါင်-ပေရှိမှာ ဖြစ်ပြီး စွမ်းအင် ထွက်ရှိမှုက မြင်းကောင်ရေ ၁၅၉ကောင်အား ဖြစ်ပါတယ်။ မော်ဒယ်ကို Autoစနစ်နဲ့ ဖန်တီးထားပြီး Manualစနစ်ကိုလည်း ရွေးချယ်နိုင်မှာပါ။ ဂီယာချက် ၆ချက်ထိအောင် အသုံးပြုမောင်းနှင်နိုင်မှာ ဖြစ်ပြီးတော့ နောက်ဘီးယက်စနစ်နဲ့ ဖြစ်ကာ အမြန်နှုန်း မြှင့်တင်နိုင်မှု အပိုင်းက တစ်နာရီ မိုင် ၆၀နှုန်းအတွက် ဆိုရင် အချိန် ၁၂စက္ကန့်ဝန်းကျင်လောက်ထိအောင် ယူမှာပါ။ တပ်ဆင် ဆီတိုင်ကီကတော့ ၂၁ ဒသမ ၁ဂါလံထိအောင် ဆံ့မှာ ဖြစ်ပြီး ဆီစားနှုန်းက ပုံမှန်ထက် များတာတွေ့ရပြီး ပျမ်းမျှ ဆီတစ်ဂါလံကို မြို့တွင်းတွေ အတွက် ၁၉မိုင်လောက်နဲ့ အဝေးပြေး လမ်းကြောင်း တွေမှာ ၂၃ မိုင် လောက် စီးနင်းနိုင်မှာပါ။
Tacomaအနေနဲ့ အမေရိက Truckတွေလို စွမ်းဆောင်ရည် ကောင်းအောင် ဖန်တီးထားတယ် ဆိုရင် သူတို့ ထက် အားသာအောင် ဆီစားနှုန်း အပိုင်းမှာ ချိုသာသင့်တယ်လို့ မြင်မိတာပါ။ အမေရိကထုတ်ပဲ ဖြစ်ဖြစ်၊ အာရှထုတ်ပဲ ဖြစ်ဖြစ်၊ စွမ်းဆောင်ရည် ဦးစားပေး ထုတ်လုပ်နိုင်မှာ မဆန်းပေမယ့် စွမ်းဆောင်ရည် မြင့်မား တာချင်း အတူတူ ဆီစားပါ သက်သာရင်တော့ မော်ဒယ်က အားသာချက် ကောင်းကောင်း ရနိုင်မှာ ဖြစ်ပေမယ့် အခုတော့ ပုံမှန် အားနည်းချက်ကို Tacomaမှာလည်း ဖျောက်ပစ်လိုက်နိုင်စွမ်း မရှိတာ တွေ့ရပါတယ်။
Tacomaကို စိတ်ကြိုက်မော်ဒယ် အဆင့်လောက်ထိအောင် မပြောချင်ပေမယ့် အကောင်းဆုံး မော်ဒယ်တန်းဝင် တခု အနေနဲ့တော့ သတ်မှတ်ရမှာပါ။