ပူပြင်းလွန်းတဲ့ နေရောင်အောက်မှာ ရေမကစားချင်သူတွေအတွက် ရန်ကုန်မြို့ပြင်ထွက်ပြီး ပေါ့ပေါ့ပါးပါး သွားလာနိုင်မယ့် သဘာ၀ အလှအပတွေရှိတဲ့ ဒေသနှစ်ခုနဲ့ ခရီးဝေးတွေ သွားလာချင်ပေမယ့် ခရီးစဉ်ကို ကိုယ်တိုင် မစီစဉ်ချင်ကြသူတွေအတွက် နည်းလမ်းလေးတွေကို ဧရာဝတီက ဖော်ပြပေးလိုက်ပါတယ်။
ကမ်းခြေသစ် ဂေါ်ရင်ဂျီကျွန်း
သဘာအလှအပတွေ ဝန်းရံတည်ရှိနေတဲ့ ဂေါ်ရင်ဂျီကျွန်းက ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အနီးက ကျွန်းတကျွန်းပဲ ဖြစ်ပါတယ်။ ဂေါ်ရင်ဂျီကျွန်းရဲ့ ကမ်းစပ်ကရေပြင်ဟာ ပင်လယ်ပြင်ထဲမှာရှိတဲ့ ရေပြင်လိုပဲ ပြာလဲ့နေလို့ သွားရောက် လည်ပတ်ကြမယ့်သူတွေအတွက် ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေတို့နဲ့ ခြားနားတဲ့ အမြင်အာရုံကို ခံစားရရှိစေမှာ ဖြစ်ပါတယ်။
ဂေါ်ရင်ဂျီကျွန်းကို ရန်ကုန်ကနေ သွားမယ်ဆိုရင် ပထမဦးဆုံး လှိုင်သာယာမြို့နယ် ဒဂုံဧရာ အဝေးပြေးကွင်းမှာရှိတဲ့ ဧရာဝတီတိုင်း၊ ငရုတ်ကောင်းမြို့ကိုရောက်တဲ့ အဝေးပြေးယာဉ်လိုင်းကို စီးနင်းရမှာ ဖြစ်ပါတယ်။ ငရုတ်ကောင်းမြို့ကို ရောက်တာနဲ့ ကြွေချိုင်ကျေးရွာကို စက်လှေနဲ့စီးသွားရင် ဂေါ်ရင်ဂျီကျွန်းကို ရောက်ရှိပြီ ဖြစ်ပါတယ်။
ဂေါ်ရင်ဂျီကျွန်းကို ရောက်ရှိချိန်မှာတော့ တခြားကမ်းခြေတွေလို ခရီးသွားသူများအတွက် စီးပွားဖြစ် ဟိုတယ်တွေ မရှိတာကြောင့် ကိုယ့်အားကိုယ်ကိုးပြီး တည်းခိုနိုင်မယ့်နေရာကို ရှာဖွေရမယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဂေါ်ရင်ဂျီကျွန်း ဒေသခံတွေကလည်း ကူညီပေးတတ်တဲ့ စိတ်အားထက်သန်ကြတာကြောင့် ကမ်းခြေက ရွာတွေမှာ တည်းခိုဖို့လည်း အဆင်ပြေပါတယ်။
ဒေသခံတွေရဲ့ အိမ်တွေမှာ မတည်းဘဲ လွတ်လွတ်လပ်လပ် နေချင်ကြသူတွေအတွက် တနိုင်တပိုင် ရွက်ဖျင်တဲလေးတွေ သယ်သွားပြီး ကမ်းခြေမှာပဲ အနားယူနိုင်ပါတယ်။ စားသောက်ကြဖို့ အတွက်ဆိုရင်လည်း လတ်လတ်ဆတ်ဆတ် ဖမ်းလို့ရလာတဲ့ ပင်လယ်စာတွေကို ဒေသခံတွေက ပူပူနွေးနွေး ချက်ပြုတ်ပြီး ဈေးသက်သက်သာသာနဲ့ ရောင်းချပေးတာကို ဝယ်ယူစားသုံးနိုင်ပါတယ်။
ဂေါ်ရင်ဂျီကျွန်းကို လှည့်လည် လည်ပတ်ရာမှာတော့ တခြားကမ်းခြေတွေနဲ့ မတူညီတဲ့ အလှအပတွေ၊ ပင်လယ်ပြာပြာထဲက ကျောက်ဆောင်တွေကို မြင်ရမှာဖြစ်ပြီး ပင်လယ်ကမ်းစပ်နားက ဒေသခံတွေရဲ့နေထိုင်မှု ဓလေ့စရိုက်တွေကိုလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။
သဘာဝအလှအပတွေ ရှိတဲ့ ဘားအံမြို့
သဘာဝအလှအပ ကျောက်ဂူတွေ၊ ရှေးဟောင်းဘုရားတွေကို ဖူးချင်တယ်၊ လေ့လာချင်တယ် ဆိုရင်တော့ ရန်ကုန်မြို့ကနေ ကုန်ကျစရိတ် သက်သက်သာသာနဲ့ သွားလာလည်ပတ်နိုင်တဲ့ ကရင်ပြည်နယ် ဘားအံမြို့ကို သွားပါလို့ လမ်းညွှန်ပေးချင်ပါတယ်။
ရန်ကုန်ကနေ ကားစီးပြီးသွားမယ်ဆိုရင် ၅ နာရီခွဲ ၆ နာရီလောက် ကားစီးသွားရင် ဘားအံမြို့ကို ရောက်ရှိပါပြီ။ ဘားအံမြို့မှာ တည်းခိုဖို့အတွက် ဟိုတယ်တွေရဲ့ ဈေးနှုန်းက ကျပ် ၂ သောင်းနဲ့ ကျပ် ၃ သောင်းကြားမှာ ရှိပါတယ်။ ပေါ့ပေါ့ပါးပါး မိုတယ်တွေမှာပဲ တည်းချင်တယ်ဆိုရင် မြို့လည်က နာရီစင်နားမှာ ကျပ် ၁ သောင်းဝန်းကျင်နဲ့ တည်းခိုနိုင်တဲ့ မိုတယ်သန့်သန့်လေးတွေ ရှိပါတယ်။
ဈေးသက်သာတဲ့ မိုတယ်တွေဆိုပေမယ့် အဲဒီမိုတယ်တွေက ခရီးသွားတည်းခိုသူတွေ အတွက်ပဲဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူတွေ၊ အပျော်အပါး လာတည်းကြတဲ့သူတွေကို လက်မခံတာကြောင့် သန့်သန့်ရှင်းရှင်း အေဆေးစွာ တည်းခိုလို့ ရနိုင်ပါတယ်။
ဘားအံမြို့မှာ အလည်အပတ်သွားသင့်တဲ့ နေရာတွေက ဆဒ္ဒန်ဂူ၊ ရသေ့ပျံဂူ၊ ကျောက်ကလပ်ဘုရားနဲ့ လင်းနို့ဂူနဲ့ ဇွဲကပင်တောင်ခြေတို့ပဲ ဖြစ်ပါတယ်။
ဆဒ္ဒန်ဂူက ကျောက်ဂူ အကြီးကြီးဖြစ်ပြီး ဂူအမိုးပေါ်မှာ ကြာပန်းကြာစွယ် ပုံစံဖြစ်နေတဲ့ ကျောက်စက်ပန်းဆွဲတွေကို မြင်တွေ့ရမှာပါ။ ဂူက အကျယ်ကြီးမို့ လမ်းလျှောက်ဝင်မယ်ဆို ၄၅ မိနစ်လောက် လျှောက်ရင် တဖက်ဂူအပြင် ရောက်အောင် လျှောက်ထွက်လို့ ရပါတယ်။ တဖက်အပြင်ကို ရောက်ရင်လည်း လှေကလေးစီးပြီး လာခဲ့တဲ့ နေရာကို ပြန်သွားလို့ရပါတယ်။
ဆန္ဒန်ဂူလိုပဲ ရသေ့ပျံဂူတို့၊ လင်းနို့ဂူတို့မှာ ထူးဆန်းတာတွေ ရှိပါတယ်။ ကျောက်ကလပ်မှာကတော့ ကရင်ရိုးရာ တာလဘောဟင်းနဲ့ သားသတ်လွတ်ဟင်း၊ ထမင်းကို နေ့စဉ်ကျွေးတာကြောင့် နေ့လည်စာအဖြစ် အခမဲ့ ဝင်စားနိုင်ပါတယ်။ အပြင်မှာ ဝယ်စားချင်ရင် ထိုင်းစာကောင်းကောင်းတွေ ဈေးသက်သက်သာသာနဲ့ ဝယ်စားလို့ ရနိုင်ပါတယ်။
တောင်တက်ရတာ ဝါသနာပါသူတွေ အတွက်လည်း ဇွဲကပင်တောင်ပေါ်တက်ပြီး တောင်ပေါ်က ဘုန်းကြီးကျောင်းမှာ ညအိပ် အနားယူနိုင်ပါတယ်။။ ဘားအံမြို့စွန်နားက ဘုရင့်ညီဂူကိုသွားပြီး ရေပူစမ်းမှာလည်း ရေချိုးလို့ ရပါတယ်။
အဲဒီနေရာတွေ အားလုံးကိုသွားဖို့ ၁၀ ယောက်လောက် စီးလို့ရတဲ့ သုံးဘီးကို တနေကုန်ငှားရင်လည်း ၃ သောင်းကျပ်ကနေ ၄ သောင်းကျပ် ဝန်းကျင်လောက်ပဲ ကုန်ကျတာမို့ ကုန်ကျစရိတ် သက်သက်သာသာနဲ့ ဘားအံမြို့ တမြို့တည်းမှာပဲ သဘာဝအလှအပတွေ ရှိရာနေရာ အများကြီးကို သွားလည်နိုင်မှာပဲ ဖြစ်ပါတယ်။ အချိန်ရသေးမယ် ဆိုရင်လည်း သဘာဝအလှအပ တခုဖြစ်တဲ့ ကျုံထော်ရေတံခွန်ကို သွားလို့ရမှာ ဖြစ်ပါတယ်။
ခရီးသွားလုပ်ငန်းတွေနဲ့ သွားမယ်
သင်္ကြန်တွင်း ခရီးလည်းသွားချင် ကိုယ်တိုင်လည်း ကားမစီစဉ်ချင်၊ တည်းမယ့်နေရာနဲ့ သွားလည်ပတ်မယ့် နေရာတွေကို မစီစဉ်ချင်ကြသူတွေအတွက် ပြည်တွင်းခရီးသွား လုပ်ငန်းတွေရဲ့အစီအစဉ်နဲ့ သင်္ကြန်တွင်း ခရီးထွက်ဖို့ လွယ်ကူမှာပဲ ဖြစ်ပါတယ်။ သွားလာမယ့် နေရာတွေနဲ့ တည်းခိုမယ့်နေရာ၊ အစားအသောက်တွေကို ခရီးသွား လုပ်ငန်းတွေက အကုန်စီစဉ်ပေးတာကြောင့် ကိုယ့်အိတ်ကိုယ် သယ်ပြီး ခရီးသွားလိုက်ရုံပါပဲ။
သင်္ကြန်တွင်းကာလအတွက် လတ်တလောမှာ ခရီးသွားလုပ်ငန်းက စီစဉ်နေတာတွေ့ရတဲ့ ခရီးစဉ်တွေကတော့ ပုဂံ၊ ပုပ္ပား၊ ရွှေစက်တော်၊ ပခုက္ကူ အစရှိတဲ့ အညာဒေသဘုရားဖူး ခရီးစဉ်တွေ မန္တလေး၊ စစ်ကိုင်း၊ ပြင်ဦးလွင် ခရီးစဉ်တွေနဲ့ တိုင်းရင်းသား သင်္ကြန်တွေကို လည်ပတ်ချင်သူတွေအတွက် ရှမ်းပြည်နယ် တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ လွိုင်ကော် ခရီးစဉ်တွေ ရှိပါတယ်။
ပြည်တွင်းခရီးသွား လုပ်ငန်းတွေရဲ့ စီစဉ်မှုနဲ့ သွားလာရတဲ့ အားသာချက်က ခရီးစဉ်တခုလုံးအတွက် ကျသင့်ငွေကို အပြတ် ပေးလိုက်ရတာကြောင့် သွားလည်ပတ်မယ့် နေရာတွေကို ရောက်ရှိရင် တည်းခိုမယ့်နေရာနဲ့ အစားအသောက်အတွက် ကိုယ်တိုင်စီစဉ်စရာ မလိုတော့တာဘဲ ဖြစ်ပါတယ်။ သင်္ကြန်အားလပ်ရက်မှာ မိသားစုတွေ စုံစုံလင်လင်နဲ့ ဘုရားစုံဖူးချင်တဲ့ လူကြီးတွေအတွက်တော့ ဒီခရီးစဉ်တွေက အဆင်ပြေပါတယ်။
ခရီးသွားလုပ်ငန်းတွေနဲ့ သွားတာက ကိုယ်မသိတဲ့သူတွေနဲ့လည်း အတူတူခရီးသွားရမှာမို့ မိတ်ဆွေသစ်တွေလည်း တိုးနိုင်ပေမယ့် လွတ်လွတ်လပ်လပ်သွားချင်တဲ့ မိသားစုတွေ လူငယ်တွေအတွက်က အထက်မှာ ဖော်ပြခဲ့သလို ကိုယ်ပိုင်စီစဉ်ရတဲ့ ခရီးစဉ်တွေက ပိုပြီးပျော်စရာ ကောင်းလိမ့်မယ်လို့ ထင်မြင်ရပါတယ်။