ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ Insa Art Centre မှာ ဧပြီ ၁၃ က ၁၉ ရက်နေ့အထိ ပန်းချီမင်းဝေအောင်ရဲ့ Reflection of Beauty (အလှတရားရဲ့ ရောင်ပြန်) လို့ အမည်ပေးထားတဲ့ တကိုယ်တော် ပန်းချီပြပွဲကို ကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ယင်း ပြပွဲမှာ ပန်းချီကားပေါင်း ၂၃ ကား ပြသသွားမှာ ဖြစ်ကြောင်း၊ ရေးဆွဲတင်ပြထားတဲ့ ပန်းချီကားတွေက မြန်မာ့ ရှုခင်းပုံများ ဖြစ်ပေမယ့် မြန်မာနိုင်ငံ အတွင်း လူသိများပြီး နိုင်ငံခြားသား ခရီးသွားများ ရောက်ဖူးတွေ့ဖူးတဲ့ နေရာများ မဟုတ်ကြောင်း အသက် ၅၆ နှစ်အရွယ် ပန်းချီမင်းဝေအောင်က ဧရာဝတီကို ပြောပါတယ်။ သို့ပေမယ့် သဘာ၀ ရှုခင်းများကို မူရင်းအတိုင်း သရုပ်မှန်နည်းနဲ့ ပုံဖော်တင်ပြတာ မဟုတ်ဘဲ အရောင်အားပြု တင်ပြထားတဲ့ ပန်းချီကားများ၊ တနည်းအားဖြင့် (Expressionism Paintings) အဖြစ် လှပစွာ ဖန်တီးတင်ပြထားတာတွေ့ရပါတယ်။
ပန်းချီမင်းဝေအောင်ဟာ ပြည်တွင်းမှာရော ဥရောပ၊ အာရှ၊ အမေရိက အပါအဝင် နိုင်ငံများစွာမှာ ပြပွဲပေါင်း များစွာ ပြသ နိုင်ခဲ့တဲ့ မြန်မာပန်းချီဆရာ တဦးဖြစ်ပြီး သူ့လက်ရာများကိုလည်း ဂျပန်နိုင်ငံ ဖုကုအုက (Fukuoka) အပါအဝင် ပြတိုက်ကြီးများ၊ ပြခန်းများက ဝယ်ယူစုဆောင်းတာ အများအပြား ရှိပါတယ်။ သူ့ရဲ့ ထင်ရှားတဲ့ လက်ရာက ၁၉၈၉ ခုနှစ် ကတည်းက စတင်ရေးဆွဲခဲ့တဲ့ ဘုန်းကြီး စီးရီးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ ဖန်တီးရေးဆွဲတဲ့ ခရီးသွားများ (Traveller) စီးရီးကလည်း ထင်ရှားအောင်မြင်ခဲ့ပါတယ်။
၁၉၆၀ ခုနှစ်၊ မတ် ၅ ရက်နေ့၊ ဧရာဝတီတိုင်း ဓနုဖြူမြို့ဖွား ပန်းချီမင်းဝေအောင်ဟာ ရှုခင်းပုံရေးဆွဲရာမှာ မြန်မာ့ရှုခင်း အငွေ့အသက်ကို ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ခံစားမှုနဲ့ ဖန်တီးတင်ပြနိုင်တဲ့ ပန်းချီဆရာ တဦးဖြစ်သလို ရုပ်ပုံနဲ့ ရှုခင်းပုံကို ပေါင်းစပ်ဖန်တီးရာမှာလည်း ကိုယ်ပိုင်ဟန် အတွေ့အကြုံနဲ့ စဉ်းစားတွေးခေါ်မှုကို ဦးစားပေးတင်ပြနိုင်တဲ့ ပန်ချီဆရာ တဦး ဖြစ်ပါတယ်။ ။