၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရရှိခဲ့တဲ့ သရုပ်ဆောင်နေတိုးက နှစ်သစ်အလှူ တခုအဖြစ် သူရရှိခဲ့တဲ့ အကယ်ဒမီထူးချွန်ဆုရဲ့ ရွှေစင်ရုပ်ထုမှ ရွှေကြယ်ကို ရွှေတိဂုံစေတီတော်ကြီးကို လှူဒါန်း ခဲ့ပါတယ်။ ဒါကို ဧပြီ ၁၈ ရက်က ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ထံသို့ လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။
“မင်္ဂလာနှစ်သစ်မှာ ကျနော်ရဲ့ ဆန္ဒလေးတခုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ (၃၁)ဘုံသားအပေါင်း အမျှရ၍ သာဓု ခေါ်နိုင်ကြပါစေ ခင်ဗျာ… ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း မေတ္တာဆုမွန်ပို့သရင်း … နေတိုး” လို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာထက်မှာ ရေးသားဖော်ပြထားပါတယ်။
သရုပ်ဆောင်နေတိုးဟာ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနားမှာ ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို “နက္ခတ်မှားတဲ့တိုက်ပွဲ” ဇာတ်ကားနဲ့ ရရှိခဲ့တာဖြစ်ပြီး ဒီဆုဟာ နေတိုးအတွက် ဒုတိယအကြိမ်မြောက် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့တာ ဖြစ်ပါတယ်။