မော်ဒယ်ရှိုးများ လျှောက်ခြင်းမှ တစတစ နမည်ရလာခဲ့ပြီး သရုပ်ဆောင် တယောက်ဖြစ်လာခဲ့တဲ့ မိုးယံဇွန်နဲ့ ယုသန္တာတင်တို့ရဲ့အချစ်ရေးဇာတ်လမ်းကတော့ ဧပြီလ ၁၈ ရက်နေ့မှာ Facebook လူမှုကွန်ရက်ရဲ့ ထိပ်ဆုံးမှာ နေရာယူလာနိုင်ခဲ့ပါ တယ်။
Facebook လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုဖိုင်များ၊ ဓာတ်ပုံများကြောင့် ပရိသတ်များအကြား သို့လော၊ သိ့ုလော မေးခွန်းများနဲ့ စိတ်ဝင်စားစရာ တခုဖြစ်လို့ နေခဲ့တာပါ။
လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုဖိုင်များ၊ ဓာတ်ပုံများနဲ့ ပတ်သက်ပြီး သရုပ်ဆောင် မိုးယံဇွန်ကို ဧရာဝတီမှ ဆက်သွယ်မေးမြန်းတဲ့အခါ “ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျနော်ကော၊ သူကော တော်တေ်ာကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့ ချစ်သူတွေဖြစ်တဲ့ အတွက် ချစ်သူတွေတိုင်း ရိုက်သလိုပုံတွေပါပဲ။ ဗီဒီယိုဖိုင်တွေအပေါ်မှာတော့ဗျာ နည်းပညာတွေလည်း တိုးတက်လာပြီဆိုတော့ အသံတုလုပ်ဖို့က အရမ်းကြီး ခက်ခက်ခဲခဲတော့လည်း မဟုတ်တော့ပါဘူး” လို့ဖြေကြားခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ ချစ်သူ သက်တမ်း ၆ နှစ်ကျော်ကြာမြင့်ခဲ့သော်လည်း ၂ ဦး စလုံးရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးတော့ သတင်းတစုံတရာမျှလဲ မထွက်ဖူးခဲ့သူတွေလည်း ဖြစ်ပါတယ်။
အဆိုပါအကြောင်းနဲ့ ပတ်သက်ပြီးတော့ “လူသိမခံချင်လို့ အနုပညာ သမားတွေလဲဖြစ်နေတော့ အေးအေးဆေးဆေးဆင်ခြင်ပီးနေနေတာပါဗျာ” လို့ မိုးယံဇွန်က သူရဲ့ Facebook စာမျက်နှာမှာ သူတို့ချစ်သူနှစ်ဦးရဲ့ဓာတ်ပုံနဲ့တွဲပြီး ရေးသားခဲ့ပါတယ်။ မော်ဒယ်သရုပ်ဆောင် ယုသန္တာတင် ကလည်း “အလုပ်မရှိ အလုပ်ရှာ စပ်စုဖျာခင်းသူတွေ များတာတွေ့ရတော့ အတော်ပဲ နှစ်သစ်မှာ အကောင့် သန့်သွားတယ် ….စာတွေဖတ်ပီးခွီနေရတယ်” လို့သူ့အကောင့်မှာရေးခဲ့ပါတယ်။
“ကျနော် လူမှုကွန်ရက်မှာ တင်သမျှဟာတွေ အကုန်လုံးကို စောင့်ကြည့် နေတယ်။ ထပ်ပြီးဆိုးဝါးလာရင် ကျနော် သက်ဆိုင်ရာကနေ ဆက်ပြော သွားဖို့လည်း စီစဉ်ထားပြီးသားပါ။ ကျနော် ကောင်မလေးကတော့ အကျယ် အကျယ် ထပ်မလုပ်ချင်လို့ အဲ့လိုမလုပ်ဖို့တော့ ပြောထားပေမယ့် ဆက်သွယ်ရေးဥပဒေလည်း ရှိနေပြီလေ။ ထပ်ဆိုးလာရင်တော့ ဆက်သွယ်ရေးဥပဒေအရ တရားစွဲဆို အရေးယူသွားမှာပါ။ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုဖိုင်တွေကိုလည်း ထပ် မ share ဖို့ သတိပေးချင်ပါတယ်။ ဒါတွေထပ်လုပ်လို့လဲ ဘာမှ ကောင်းကျိုးရမသွားဘူးလေ၊ ကျနော်တို့ကတော့ အနုပညာရှင်ဆိုတော့ ကြိုက်တဲ့သူရှိသလို၊ မကြိုက်တဲ့သူလည်းရှိတော့ အပြောခံနေမှာပါပဲ” လို့ ဒီကောလဟလတွေနဲ့ ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်သွားမယ့် အရာများကိုပါ ပြောပြခဲ့ပါတယ်။
ပရိသတ်တွေကြားမှာတော့ ဓာတ်ပုံများမှအစ၊ အသံဖိုင်ထဲက အသံတွေဟာ သရုပ်ဆောင် မိုးယံဇွန်ရဲ့ အသံနဲ့ပါ ဆင်တူနေတယ်ဆိုတဲ့ ကောလာဟလများ ထွက်ပေါ်နေတာပါ။