အမေရိကန် အခြေစိုက် Ford ကားကုမ္မဏီရဲ့ မော်ဒယ် တစ်ခု ဖြစ်တဲ့ Escapeက ဇိမ်ခံ စစ်စစ် အနေအထားနဲ့ ထုတ်လုပ်ထားတဲ့ မော်ဒယ် တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နည်းပညာပိုင်း မြင့်မားမှုနဲ့ အတူ ယုံကြည် စိတ်ချရမှု မြင့်မားတာတွေကြောင့် ပြည်တွင်း ဈေးကွက်မှာ တန်ကြေးသင့် ဇိမ်ခံ မော်ဒယ်မျိုး အဆင်ပြေပြေ သုံးနိုင်နေတာကတော့ ကောင်းသွားပါတယ်။
Fordအနေနဲ့ မြန်မာနိုင်ငံမှာ တရားဝင် Showroomဖွင့်ပြီး လာရောက် ရောင်းချနေပေမယ့် Brand New မဟုတ်တဲ့ မော်ဒယ်နိမ့် Escapeတွေလည်း ပြင်ပဈေးကွက်မှာ အလွယ်ရနိုင်နေတဲ့ တစ်ချက်က ရွေးချယ်မှု ပိုကောင်းသွားစေပါတယ်။ အခု Ford Escape အကြောင်းပြောမှာဖြစ်ပေမယ့် ပြင်ပ ဈေးကွက်ကို ဝင်နေတဲ့ Usedကား အနေအထားကိုပဲ ပြောမှာပါ။
XLT Gradeအနေနဲ့ ဈေးကွက်မှာ အများဆုံး တွေ့ရပြီး ဒီGradeက ထုတ်လုပ်မှု အနေအထားအရ အရည် အသွေး မနိမ့်လှပေမယ့် မော်ဒယ် နှစ် အနေအထားနဲ့ ဈေးနှုန်း အရတော့ ပြင်ပဈေးကွက်က Used Escape တွေက ဈေးများချင်နေပါတယ်။
ဒါကလည်း ဈေးကွက်အတွင်းမှာ ၂၀၁၀ခုနှစ် ဝန်းကျင်ထုတ် မော်ဒယ်တွေ အတွေ့ရများပြီး ခေါ်ဈေးက သိန်း ၅၀၀ဖြစ်နေတာကြောင့်ပါ။ အမှတ်တံဆိပ် တော်တော်များများ ပြည်တွင်းမှာ Brand Newလာရောင်းနေတာ တွေ့နိုင်ပါတယ်၊ ဒီထဲမှာ သိန်း ၅၀၀လောက်နဲ့ဆိုရင် တန်ကြေးသင့် ဇိမ်ခံ Brand Newတချို့ ရနိုင်တဲ့ အနေအထားမှာ ဘာကြောင့်များ ပြင်ပ ဈေးကွက်ရဲ့ ခေါ်ဈေးများနေတာပါလဲ။
ကားဈေးအတက်မှာ သွင်းထားမိလို့လား၊ ဒါမှမဟုတ် ရှေ့ပိုင်းတွေမှာ သွင်းထားပြီး လက်ထဲ ကိုင်ထားတာ နည်းနည်း ကြာနေလို့များ ဈေးနည်းနည်းတင်ထားသလား၊ တွေးစရာပါ။ ကျွန်တော်ဆိုလိုတာကတော့ Escapeကောင်းတယ်၊ မကောင်းဘူး ဆိုတာထက် ဈေးမြင့်နေတာကို ပြောတာပါ။ Escapeရဲ့ အရည် အသွေးကတော့ နိုင်ငံတကာမှာပါ လက်ခံတဲ့ ကားအမျိုးအစားကောင်း ၁ ခုဖြစ်ပါတယ်။
တပ်ဆင် အင်ဂျင်အပိုင်းက ၂ ဒသမ ၅ လီတာသုံး အင်ဂျင်ဆိုတော့ ပြည်တွင်းမှာ လူစီးများတဲ့ ပုံစံ ဖြစ်သလို ဓါတ်ဆီသုံးလည်း ဖြစ်လို့ အဆင်ပြေပါတယ်။ လေးလုံးထိုး အင်ဂျင်နဲ့ ဖြစ်နေတာ တစ်ချက်က အင်ဂျင်ကို ဝန်ပိုများနေစေပေမယ့် လမ်းကြမ်းပိုင်း သိပ်မသုံးဘူး၊ ဝန်ဒီလောက် မတင်ဘူး ဆိုရင်တော့ ခရီးဝေး မောင်းနှင် မှုတွေ အပါအဝင် စိတ်ကြိုက် သွားလာစေနိုင်မယ့် အနေအထား ဖြစ်ပါတယ်။
ဒီနေရာမှာ အရောင်ပိုင်း ရွေးချယ်မှုကလည်း ပြင်ပဈေးကွက်မှာ အားနည်းသွားချင်ပြန်ပါတယ်။ အနက်ရောင် ဆိုတာ ထက် အဖြူရောင်ပဲ တွေ့ရများပြီးတော့ Klugerနဲ့ ရုပ်ထွက်ချင်း ဆင်ချင်နေတဲ့ Escapeအတွက် ဈေးနှုန်း သိန်း ၂၀၀လောက် ထပ်ဆောင်းဈေးတိုးပေးပြီး ဝယ်လက် ကြိုက်ပါ့မလား ဆိုတာ စဉ်းစားစရာပါ။ ဈေးကွက်မှာ ခေါ်ဈေးမြင့်လွန်းနေတာတခုကတော့ ပြောစရာ ၁ ချက်ဖြစ်ပေမယ့် မော်ဒယ်ကတော့ စိတ်ကြိုက်ဖြစ်မှာပါ။