Lifestyle

စိတ်လှုပ်ရှားစရာ နေရာတွေနဲ့ မလေးရှားနိုင်ငံ ပီနန်မြို့

This article has been converted from Zawgyi One to Unicode

ကမ္ဘာ့အံ့ဖွယ် စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရတဲ့မြို့ဖြစ်သလို ရှေးဟောင်းလက်ရာ အဆောက်အအုံများ၊ အာရှဒေသမှာ နာမည်ကြီးတဲ့ လမ်းဘေးအစားအသောက်များစွာရှိတဲ့ မလေးရှားနိုင်ငံ၊ ပီနန်မြို့ကို AirAsia လေကြောင်းလိုင်းရဲ့ ဖိတ်ခေါ်မှုကြောင့် မတ်လအတွင်းက သွားခဲ့ရပါတယ်။

AirAsia လေကြောင်းလိုင်းရဲ့ ရန်ကုန်-ပီနန်-ရန်ကုန် တိုက်ရိုက်ခရီးစဉ် စတင်ပြေးဆွဲတဲ့ခရီးစဉ်မှာ AirAsia၊ Tourism Malaysia နဲ့ Penang Global Tourism အဖွဲ့အစည်း ၃ ဖွဲ့ ပေါင်းပြီး သတင်းမီဒီယာသမားတွေ လေ့လာနိုင်အောင် ပီနန်မြို့ရဲ့ လည်ပတ်လို့ကောင်းတဲ့နေရာတွေကို Fun Trip အနေနဲ့ ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။

Fun Trip ဖြစ်တာကြောင့် ပီနန်မြို့ရောက်တာနဲ့ သွားလာရမယ့် အစီအစဉ်ဇယားမှာ အထင်ကရနေရာ တွေဖြစ်တဲ့ Gorge Town, Penang Hill, Escape Theme Park၊Tropical Fruit Farm, ပီနန်ရဲ့ နာမည်ရဆေးရုံဖြစ်တဲ့ Lan Hwa Ee ဆေးရုံ, ဓမိ္မကာရာမ ပီနန် မြန်မာဘုန်းကြီးကျောင်း, ပီနန်တံတား, ပီနန်ရေပေါ်ဈေး စတဲ့နေရာပေါင်းများစွာကို အလည်အပတ်နေရာတွေအဖြစ် လေ့လာရမှာဖြစ်တယ်။
အရင်တုန်းက ရန်ကုန်-ပီနန် တိုက်ရိုက် လေယာဉ်ခရီးစဉ် မရှိတာကြောင့် ပီနန်မြို့ကို သွားရောက် လည်ပတ်ချင်သူတွေဟာ ကွာလာလမ်ပူမြို့က တဆင့်သွားခဲ့ရတာပါ။ ဒါပေမယ့် မတ်လ ၂၂ ရက်စလို့ AirAsia လေကြောင်းလိုင်း က တိုက်ရိုက်ခရီးစဉ်ကို စတင်ပြေးဆွဲပေးနေပြီဖြစ်တာကြောင့် ရန်ကုန်- ပီနန် ကို ၂ နာရီ ၁၅ မိနစ်လောက်နဲ့ အရောက် သွားနိုင်တော့မှာဖြစ်တယ်လို့ လေကြောင်းလိုင်းရဲ့ တာဝန်ရှိသူတွေက ပြောပြတယ်။

ရန်ကုန်ကနေ မတ်လ ၂၂ ရက် နေ့လည် ၁၂ နာရီ ၄၅ မိနစ်မှာ လေယာဉ်စထွက်ပြီး ပီနန်မြို့ကိုရောက်တော့ ၂ နာရီ ထိုးပြီးပြီ။ ပီနန်နဲ့ ရန်ကုန်က အချိန် တနာရီကွာတာကြောင့် လေယာဉ်ပျံသန်းချိန်က ၂ နာရီနဲ့ ၁၅ မိနစ်ပဲ ကြာတယ်လို့ သိရတယ်။

လေဆိပ်ရောက်တော့ DiGi လို့ခေါ်တဲ့ ဖုန်းကဒ်တကဒ်ကို မလေးရှားငွေ ရင်းဂစ် ၃၀ ( မြန်မာငွေ ကျပ် ၉၀၀၀ ခန့်) ပေးပြီး ဝယ်လိုက်တယ်။ အဲဒီ ဆင်းကဒ်မှာ မြန်မာနိုင်ငံကို ၅ မိနစ်စာ အခမဲ့ဖုန်းပြောခွင့်၊ ဖေ့စ်ဘုတ် ကို Unlimited တပတ်တာ အသုံးပြုခွင့်စတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။

ပထမ ၂ ရက်တာ တည်းခိုရမယ့် “Lone Pine”ဟိုတယ်က ကမ်းခြေမှာ ဖြစ်နေတာကြောင့် ဟိုတယ်ကို ရောက်ဖို့ လေဆိပ်ကနေ ၁ နာရီနီးပါး ကြာအောင် သွားရတယ်။ ပီနန်မြို့မှာ ဆိုင်ကယ်နဲ့ ကားသွားလာမှု များပေမယ့် ရန်ကုန်မြို့လို လမ်းပိတ်တဲ့ပြဿနာမရှိဘူး။ နေရာအများစုမှာ စီစီတီဗွီတွေ တပ်ဆင် ထားတာမျိုး လည်း တွေ့ခဲ့ရတယ်။

နောက်နေ့မှာတော့ ပီနန်မြို့ရဲ့ Craft Bartik ပါတိတ် ထုတ်လုပ်ရေးစက်ရုံကို ရောက်သွားတယ်။ ဆန်းပြား လှပတဲ့ ပါတိတ်ကောင်း တထည်ရအောင် ဒီဇိုင်းပုံဖော်မှု၊ အရောင်ဖော်စပ်မှုနဲ့ ဆေးသားကောင်းမွန်အောင် လုပ်ဆောင်မှု စတာတွေကို တွေ့ခဲ့ရတယ်။

“ပါတိတ်ကောင်းတကောင်ဖြစ်ဖို့ အဆင့်တွေ အများကြီး ဖြတ်သန်းရတယ်။ လက်နဲ့ ဖန်တီးတာဖြစ်ဖြစ် စက်နဲ့ ဖန်တီးတာဖြစ်ဖြစ် ထင်းရှူးပင်က ထွက်တဲ့ အဆီအနှစ်တွေကို သုံးရတယ်။ အရောင် ၈ မျိုးလောက် သုံးရတယ်။ ဒါတွေကို သုံးပြီး ရေလျှော်၊ အခြောက်လှန်းစတဲ့ အဆင့်ဆင့် ဖြတ်သန်းပြီးမှ ကိုယ်လိုချင်တဲ့ ပါတိတ် တထည် ရလာတာ”လို့ Craft Bartik စက်ရုံ က တာဝန်ရှိသူတဦး က ရှင်းပြပါတယ်။
အဲဒီ စက်ရုံကထုတ်တဲ့ ပါတိတ်ထည်တွေရဲ့ ဈေးနှုန်းတွေကတော့ ရင်းဂစ် ၅၀ ကနေ ရင်းဂစ် ၄၀၀ ဝန်းကျင် အထိ ဈေးနှုန်း အသီးသီးရှိတယ်။ ခေတ်မှီလှပတဲ့ အမျိုးသားဝတ်၊ အမျိုးသမီးဝတ် အထည်အမျိုးမျိုးကို ထုတ်လုပ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေကို အဓိကထားရောင်းသလို နိုင်ငံတကာကိုလည်း ဖြန့်ချိတယ်လို့ သိရတယ်။

Tropical Fruit Farm ကို ရောက်တော့ နေ့လည် ၁၂ နာရီ လောက်ဖြစ်နေပြီ။ အာရှဒေသဖြစ်နေတော့ နွေ နေ့လည်ခင်းရဲ့ အပူချိန်က ၃၀ ဒီဂရီ အထက်မှာ ရှိနေတယ်။

Fruit Farm စိုက်ခင်းထဲမှာ မျက်ရည်ယိုဗုံး ပြုလုပ်ရာမှာ ပါဝင်တဲ့ အသီး၊ နဂါးမောက်၊ Nutmeg၊ သစ်တိုသီး၊ သစ်ကြားသီးစတဲ့ အသီးအနှံတွေနဲ့ အပင်တွေကို လေ့လာ ကြည့်ရှုခဲ့ရတယ်။ အဲဒီအပြင် Fruit Fram ရဲ့ ကြိုက်သလောက်စားခွင့်ရှိတဲ့ Fruit Buffet နဲ့ နှစ်သက်ရာအသီးအနှံဖျော်ရည်တခွက်က ဧည့်သည်တွေကို ဆွဲဆောင်ထားတယ်။

ပီနန်မြို့ရောက်ပြီး ဒုတိယမြောက်နေ့မှာတော့ မြို့ရဲ့ နာမည်ကြီး ကစားကွင်းတခုဖြစ်တဲ့ Escape Theme Park ကို အဖွဲ့နဲ့အတူ ရောက်သွားခဲ့တယ်။

Escape Theme Park က မြို့ပေါ်နဲ့ အလှမ်းဝေးသလို သစ်ပင်ထူထပ်တဲ့နေရာမှာ ဖန်တီးထားတာဖြစ်ပြီး Moneky Business, Flying Lemur, Tubby Racer, Atan’s Lap, Gecko Tower စတဲ့ ကစားနည်းမျိုးစုံက လူအများစုကို ဆွဲဆောင်ထားတာဖြစ်တယ်။

Monkey Business ကစားနည်းကတော့ အဆင့် ၁ ၊၂၊ ၃ ဆိုပြီး ခွဲခြားထားပြီး အချိန် ၂ နာရီ အနည်းဆုံးပေးပြီး ကစားရတာဖြစ်တယ်။ တဆင့်ထက်တဆင့် ခက်ခဲတဲ့ လျှောက်လမ်းတွေ၊ ကျော်ဖြတ်မှုတွေကို ပြုလုပ် ရတာဖြစ်တယ်။ အချိန်မရတော့သလို ခက်ခဲတဲ့ကစားနည်းဖြစ်တာကြောင့် အဆင့် ၂ ထိပဲ ကစားဖြစ်ခဲ့တယ်။

လူအများစုကတော့ အဲဒီကစားနည်းကို စိတ်ဝင်တစား ဆော့ကြပေမယ့် ခက်ခဲတဲ့လျှောက်လမ်းတွေကို ဖြတ်သန်းဖို့ မလွယ်တာကြောင့် အလွယ်တကူ လက်လျှော့လိုက်ကြတယ်လို့ ကစားကွင်းက ဝန်ထမ်းတွေက ပြောပြတယ်။ အဲဒီပန်းခြံမှာ အလုပ်လုပ်နေတဲ့ မြန်မာဝန်ထမ်းအချို့ကိုလည်း တွေ့ခဲ့ရတယ်။

ပီနန်မြို့က တောင်ပတ်လည်ဝိုင်းသလို ပင်လယ်နဲ့ နီးတဲ့မြို့တမြို့ဖြစ်တာကြောင့် ရေချိုရရှိမှု နည်းတယ်။ ဒါကြောင့် ရေလှောင်တမံတခု ဆောက်ထားပြီး အဲဒီရေကို အဓိကထားပြီး သုံးစွဲကြတယ်လို့ သိရတယ်။ ပီနန်မြို့ရဲ့ သောက်ရေ သုံးရေ အများစုဟာ ကလိုရင်း ဆေးအနံ့ ပါဝင်နေတာကိုလည်း သတိထားမိခဲ့ပါတယ်။

ခရီးစဉ် ၃ ရက်မြောက်မှာတော့ ကမ္ဘာ့အံ့ဖွယ်စာရင်းဝင် Gorge Town ထဲက ကြယ် ၄ ပွင့် အဆင့်ရှိ Royal Bintang Hotel ကို ပြောင်းပြီး တည်းခိုကြတယ်။ ကြယ် ၄ ပွင့် ဟိုတယ် ဖြစ်ပေမယ့် ၂ ယောက်ခန်း တခန်းကို တညတာအတွက် မြန်မာငွေ ၄၀၀၀၀ ကျပ် မှ ၅၀၀၀၀ ကျပ် ဝန်းကျင်သာ ပေးရတယ်။

Gorge Town ဧရိယာထဲမှာဖြစ်တာကြောင့် ဟိုတယ်နဲ့အနီးတဝိုက်က 3D Interactive Museum, Wonder Food Museum စတဲ့ ပြတိုက်တွေအပြင် ပီနန်ရဲ့ သင်္ကေတတခုဖြစ်တဲ့ လန်ချား စီးရင်းနဲ့ ကိုလိုနီခေတ်က လက်ကျန် ရှေးဟောင်းအဆောက်အအုံတွေကို လေ့လာဖြစ်ခဲ့တယ်။

ပီနန်မြို့ဟာ မွတ်စလင်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ နဲ့ ခရစ်ယာန် စတဲ့ လူမျိုး ပေါင်းစုံ စုပေါင်းနေထိုင်တဲ့နေရာဖြစ်တယ်။ နေရာအများစုမှာ အစ္စလာမ်လူမျိုးတွေ ဝတ်ပြုရာ ဗလီ၊ ဟိန္ဒူ ဘုရားကျောင်း၊ မြန်မာဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန် ဝတ်ပြုကျောင်းတွေဟာ တခုနဲ့တခု မနီးမဝေးမှာ တည်ဆောက်ထားကြတယ်။ အဲဒီလို ဆောက်လုပ် ထားလို့ ဘာသာရေး လူမျိုးရေး ပြဿနာမျိုး မရှိကြတာလည်း တွေ့ရတယ်။
ကမ္ဘာလှည့်ခရီးသွား အများစုကို ဆွဲဆောင်မှုရှိတာကတော့ Gorge Town ပဲဖြစ်တယ်။ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံတွေ၊ Street Art တွေ၊ လမ်းဘေးအစားအသောက်တွေနဲ့ ခရီးသွားတွေကို ဆွဲဆောင်ထားတာ ဖြစ်တယ်။

မလေးရှားရဲ့ နာမည်ကြီးလမ်းဘေးအစားအစာတွေထဲမှာ မလေးရှားခေါက်ဆွဲကြော်နဲ့ ဒံပေါက် ပါဝင်သလို NesiLemark လို့ခေါ်တဲ့ အစားအစာမှာတော့ ငါးနီတူကြော်၊ မြေပဲကြော်၊ မလေးစတိုင်ချက်ပြုတ်ထားတဲ့ ကြက်သားဟင်းနဲ့ အုန်း ထမင်းကို တွဲဖက်စားသုံးရတာဖြစ်ပြီး လူကြိုက်များတဲ့ဒေသ အစားအစာတမျိုးဖြစ်တာ တွေ့ရပြီး အဲဒီအစားအသောက်တွေရဲ့ ဈေးနှုန်းက ၅ ရင်းဂစ် မှ ၁၀ ရင်းဂစ် (မြန်မာငွေ ၁၅၀၀ မှ ၃၀၀၀ ကျပ်) ဝန်းကျင်သာ ပေးရတယ်။

ပီနန်မြို့မှာ တရုတ်နိုင်ငံရဲ့ ရှေးခေတ် ယဉ်ကျေးမှုတွေကို ခင်းကျင်းပြသထားတဲ့ Straits Chinese Jewelry Museum ကလည်း စိတ်ဝင်စားစရာကောင်းတဲ့ ပြတိုက်တခုဖြစ်တယ်။ အဲဒီမှာ ရှေးခေတ်လက်ရာပစ္စည်းတွေ၊ လက်ဝတ်ရတနာတွေနဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို လေ့လာခဲ့ရတယ်။

အဲဒီနောက်မှာတော့ ပီနန်မြို့၊ the enclave of Burmah Lane မှာ တည်ရှိနေတာ နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်း ရှိပြီဖြစ်တဲ့ ဓမိ္မကာရာမ မြန်မာဘုန်းကြီးကျောင်း (Dhammikarama Burmese Buddhist Temple) ကိုလည်း ရောက်ခဲ့ပါတယ်။

အဲဒီဘုန်းကြီးကျောင်း က ပီနန်မြို့ပေါ်မှာ ဖွင့်လှစ်ထားတဲ့ မြန်မာဘုန်းကြီးကျောင်းတွေထဲမှာ ပထမဆုံး ဖွင့်လှစ်ခဲ့တဲ့ ကျောင်းတကျောင်းဖြစ်ပါတယ်။ ဓမိ္မကာရာမ မြန်မာဘုန်းကြီးကျောင်းရဲ့ မျက်နှာချင်းဆိုင်ဘက် မှာတော့ Wet Chayamangkalaram ထိုင်းဘုန်းကြီးကျောင်းလည်း ရှိပါတယ်။ အများစုက ဘုန်းကြီးကျောင်း ၂ ကျောင်းကို တလှည့်စီ သွားရောက်လေ့လာကြတယ်။

နောက်ထပ် လည်ပတ်စရာနေရာတခုကတော့ Penang Hill ဖြစ်ပါတယ်။ ပီနန်မြို့တမြို့လုံးကို အပေါ်စီးက ကြည့်ချင်သူတွေက Penang Hillကို သွားပြီး ရှုခင်းတွေကို ကြည့်ကြတယ်။ တောင်ပေါ်တက်ဖို့အတွက်တော့ ရထား ရှိပါတယ်။ အဲဒီရထားကို ၁၀ မိနစ်ခန့် စီးပြီးရင်တော့ ပီနန်မြို့တမြို့လုံး ရဲ့ ရှုခင်းတွေ၊ ပန်းမန်အလှအပ စတာတွေကို ကြည့်ရှု့လို့ရမယ့် penang hill ကို ရောက်ရှိမှာပါ။

Penang Hill ပေါ်က စိတ်ဝင်စားစရာ နေရာတခုကတော့ ချစ်သူတွေ အများဆုံးလာကြတဲ့ အချစ်သော့ခတ်တဲ့ နေရာဖြစ်တယ်။ အဲဒီနေရာမှာ အသဲပုံ သော့ပေါင်းများစွာမှာ နာမည်၊ ခံစားချက်နဲ့ ရက်စွဲ စတာတွေကို ရေးသားဖော်ပြပြီး စုံတွဲတွေက သော့ခတ်သိမ်းခဲ့ကြတယ်လို့ သိရတယ်။

ပီနန်မြို့ကို အာရှဒေသက ခရီးသွားဧည့်သည်တွေသာမက အနောက်နိုင်ငံက ခရီးသွားတွေလည်း စိတ်ဝင်တစား လာရောက်လည်ပတ်ကြပါတယ်။ ပီနန်မြို့ဟာ လည်ပတ်စရာနေရာတွေများသလို လူစိတ်ဝင်စားစရာဖြစ်အောင် ဖန်တီးထားတဲ့ ပြတိုက်တွေ နဲ့ မူလလက်ရာမပျက် ရှေးဟောင်း အဆောက်အအုံကြောင့် ခရီးသွားလာလို့ ကောင်းမွန်တဲ့နေရာတခုအဖြစ် ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ အလှမ်းမဝေးတဲ့ မလေးရှားနိုင်ငံ ပီနန်မြို့ကို သင်္ကြန်ကာလ ပိတ်ရက်ရှည်မှာ လည်ပတ် ချင်သူတွေအတွက် AirAsia လေကြောင်းလိုင်းရဲ့ လက်မှတ်ဈေးနှုန်းတွေကတော့ အမေရိကန် ဒေါ်လာ ၈၉ ဒေါ်လာ မှ ၁၂၀ ဒေါ်လာ ဝန်းကျင်မှာ ရှိပါတယ်။

တည်းခိုစရာနေရာတွေကလည်း ဈေးနှုန်း ၁ သောင်းမှ ၅ သောင်းဝန်းကျင်မှာ ရှိပြီး ဈေးနှုန်းသက်သာသလို သန့်ရှင်းတဲ့ လမ်ေးဘးအစားအသောက်တွေကြောင့် အားလပ်ရက် ခရီးသွားမယ့်သူတွေအတွက် ပျော်စရာ ခရီးစဉ် ဖြစ်နိုင်မယ့် နေရာတခု ဖြစ်ပါတယ်။ ။

ဓါတ်ပုံများ – မေစစ်ပိုင် / ဧရာဝတီ

Loading