“စကားဝါဖူး ပျိုးဥယျာဉ်နဲ့ စားသောက်ဆိုင်” က မန္တလေးကနေ ပြင်ဦးလွင်အတက် ကားလမ်း ပြင်စာရွာ (Yadanarbon Cyber City အနီး) လမ်းမပေါ်မှာ ရှိတာပါ။ ပြင်ဦးလွင်မြို့ထဲကနေ သွားမယ်ဆိုရင် မိနစ် ၂၀၊ နာရီဝက်ခန့်သာ မောင်းနှင်ရမှာဖြစ်ပြီး မြို့နဲ့ ၁၆ မိုင်ခန့်သာ ကွာဝေးပါတယ်။
မန္တလေးကနေ တက်လာမယ်ဆိုရင်တော့ ၂၁ မိုင်ကျော်ပြီး ပြင်စာရွာ အတက်လမ်းမပေါ်မှာရှိတာပါ။ အဝင်ဝမှာ “စကားဝါဖူး ပျိုးဥယျာဉ်နဲ့ စားသောက်ဆိုင်” လို့ ဆိုင်းဘုတ်တပ်ထားပြီး အထဲကို ဝင်လိုက်ရင်တော့ တောအုပ်ငယ်လေးတခုကို ရောက်ရှိသွားသလို ခံစားရမှာ ဖြစ်ပါတယ်။
သစ်ပင်ပန်းမန်တွေ နေရာအနှံ့မှာ လှလှပပ စီစီရီရီ စိုက်ပျိုးထားတဲ့ အဲဒီပျိုးဥယျာဉ်ထဲမှာ ထူးခြားချက်က စားသောက်ဝိုင်းလေးတွေကို သစ်ပင်ပေါ်တွေနဲ့ လျှောက်လမ်းတလျောက်မှာ ဓနိမိုးလေးတွေ ချစ်စဖွယ်ဖြစ်အောင်ပြင်ဆင်ထားတာက စိတ်ကူးယဉ် အိပ်မက်ကမ္ဘာလေးတခုကို ရောက်သွားသလိုပါပဲ။
ဒီနေ့ခေတ်လို Social Media မှာ ဓာတ်ပုံတင်တာ ခေတ်စားတဲ့ Facebook ခေတ်မှာ ဓာတ်ပုံ လှလှလေးတွေရိုက်ပြီး Facebook၊ Instagram မှာ တင်ချင်သူတွေအတွက် တကယ့်ကို လှပပြီး စိတ်ကူးယဉ်ဆန်တဲ့ နေရာလေးတခုပါ။
ဆိုင်မှာ ရရှိတဲ့ အစားအစာတွေက တရုတ်၊ ထိုင်း အစားအစာအမျိုးမျိုးနဲ့ သောက်စရာ ကော်ဖီ၊ ရာသီပေါ် လတ်လတ်ဆတ်ဆတ် အသီးအနှံဖျော်ရည်တွေနဲ့ ရေခဲမုန့် အမျိုးမျိုးပါ။
ကျနော်ကတော့ ဇာတိမြေ ပြင်ဦးလွင်ကို မရောက်တာ ကြာပြီဖြစ်လို့ ပြင်ဦးလွင်ရဲ့ မေမြို့ဒေသ စတော်ဘယ်ရီ ဖျော်ရည်တခွက်နဲ့ ပူအိုက်တဲ့ ရာသီရဲ့ ရာသီအအေးစာ ရေခဲမုန့်တပွဲ မှာစားခဲ့ပါတယ်။
ရေခဲမုန့်ရဲ့နာမည်ကလည်း ထူးထူးဆန်းဆန်း “ဖူးစာရေခဲမုန့်” လို့ ခေါ်ပါတယ်။ ဖူးစာရေခဲမုန့်မှာ Vanilla (နို့) နဲ့ ချောကလတ် ရေခဲမုန့်နှစ်မျိုးကို ပေါင်းစပ်ထားပြီး အပေါ်က ဂျယ်လီ၊ ချယ်ရီသီး စတာတွေနဲ့ အလှဆင်ထားပါတယ်။ ချစ်သူ၊ သမီးရည်းစားတွေ နှစ်ယောက်တပွဲ အတူတူ စားမယ် ဆိုရင် ဖူးစာဆုံမယ်ဆိုတဲ့ သဘောရှိမယ် ထင်ပါရဲ့။
စတော်ဘယ်ရီဖျော်ရည်ကတော့ ပြင်ဦးလွင်ဒေသထွက် အသီးဖျော်ရည်ဖြစ်တာကြောင့် အခုလို ပူအိုက်တဲ့ ရာသီမှာ သောက်ရတာ အတော်လေး အရသာရှိပါတယ်။
မှာထားတဲ့ အအေးသောက်၊ ရေခဲမုန့်စားပြီးတော့ ဥယျာဉ်ခြံထဲကိုပတ်ပြီး ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။ ခပ်မြင့်မြင့်ဆောက်ထားတဲ့ ခြေသလုံးအိမ်တိုင်ပုံစံ ဓနိမိုးနဲ့ စားသောက်ဝိုင်းတွေက လာရောက်သူ လူငယ်တွေကို အထူးဆွဲဆောင်ထားပါတယ်။
တောင်ပေါ်ကနေ နေဝင်ချိန် Sun Set အလှကို ကြည့်မယ်ဆိုရင်လည်း လှမ်းမြင်နိုင်တဲ့ ခြံရဲ့ ထောင့်စွန်းက ခပ်မြင့်မြင့်ခြေသလုံးအိမ် စားသောက်ဝိုင်းက View ကောင်းကောင်းကြည့်နိုင်တဲ့ နေရာလေးပါ။
ခြံထဲမှာ ရောင်စုံပန်းတွေ ၊ အစိမ်းရောင်ပျိုးပင် သစ်ပင်လေးတွေ လှလှပပ စီစီရီရီစိုက်ပျိုးထားတာ တွေ့ရပြီး ခြံဝန်းအပေါ်ဘက်ကို လှေကားထစ်လေးတွေကနေ တဆင့် တက်သွားမယ်ဆိုရင် အပေါ်မှာ သစ်ခွပင်တွေချည်းပဲ စိုက်ထားတဲ့ ဥယျာဉ်လေးလည်း ရှိပါတယ်။
အဲဒီ သစ်ခွခြံကို အမိုးစိမ်လေးတွေ မိုးထားသော ချစ်စရာကောင်းတဲ့ သီးသန့်နေရာလေးလို ဖြစ်နေပါတယ်။ ဥယျာဉ်ခြံလေးက တညီတည်းမဟုတ်ပဲ အနိမ့်အမြင့်လှေကားလေးတွေနဲ့ဆိုတော့ တကယ် တောအုပ်ငယ်လေးတခုနဲ့ တူပါတယ်။
သစ်ခွခြံနံဘေးမှာရှိတဲ့ သစ်ပင်ပေါ် ဓနိမိုးအိမ်လေးကတော့ ကာတွန်းကားတွေထဲက တောတွင်း တာဇံအိမ်လေးလို စိတ်ကူးယဉ်ဆန်ဆန် သစ်ပင်ထက်မှာ တည်ဆောက်ထားတာကြောင့် စကားဝါဖူး ပျိုးဥယျာဉ်ကို လာရောက်သူတိုင်း သဘောတွေ့မယ့် နေရာလေးပါ။
ဥယျာဉ်ခြံလေးက အနည်းငယ် ကျဉ်းတယ်ဆိုပေမယ့် ဖန်တီးတည်ဆောက် စိုက်ပျိုးထားတဲ့ သစ်ပင်ပန်းမန်တွေနဲ့ ဥယျာဉ်ဒီဇိုင်းက ထူးခြားပြီး စိတ်ကူးယဉ်ဆန်ဆန် လှပတာကြောင့် အဲဒီကို သွားရောက်သူတိုင်း စိတ်အပန်းပြေမှာ အမှန်ပါ။
ဒါကြောင့်မို့လို့ သစ်ပင် ပန်းမန်တွေကို ချစ်မြတ်နိုးသူတွေ၊ စိမ်းလန်းတဲ့ သဘာဝပျိုးပင်တွေကို သွားရောက် လေ့လာချင်သူတွေအတွက် ပြင်ဦးလွင်ရောက်ရင် “စကားဝါဖူး ပျိုးဥယျာဉ်နဲ့ စားသောက်ဆိုင်” ကို အလည်တခေါက် အရောက်သွားဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။