ကိုရီးယားရုပ်ရှင် လောကမှာ A- list စာရင်းဝင် သရုပ်ဆောင်များ ဖြစ်ကြတဲ့ လီဗြောင်ဟွန်း၊ ကန်ဒေါင်ဝမ်တို့နဲ့အတူ တက်သစ်စ သရုပ်ဆောင်များဖြစ်တဲ့ ကင်ဝူးဘင်၊ ရန်ဂျင်ဝမ်နှင့် ဂျင်ယောင်းတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Master အက်ရှင်ဇာတ်ကြမ်း ရုပ်ရှင်ကြီးကို ဧပြီ ၂၃ရက်နေ့ မှာ စတင် ရုံတင်ပြသလိုက်ပါတယ်။
“Master” ရုပ်ရှင်ဇာတ်ကားကြီးဟာ ရာဇဝတ်မှုအခြေခံထားတဲ့ အက်ရှင်ဇာတ်ကြမ်းကား တကားဖြစ်ပြီး ဒုစရိုက်သမားများ အချင်းချင်းသစ္စာမဲ့မှုများ၊ လူပေါ်လူဇော်လုပ်ခြင်းများ ရဲဝန်ထမ်းတချို့ရဲ့ ကိုယ်ကျင့်တရား ပျက်ယွင်းမှုများကို အခြေခံပြီး ဇာတ်လမ်းတည်ဆောက်ထားခြင်းဖြစ်ပါတယ်။
အဆိုပါ ရုပ်ရှင်မှာ လီဗြောင်ဟွန်းက ဂျင်ဟွမ်ဂျေး ဆိုတဲ့ လူလိမ်တယောက်ဖြစ် သရုပ်ဆောင်ထားပြီး ရာဇဝတ်မှုများကို ကျူးလွန်ဖို့အတွက် ပိပိရိရိဖြစ်ဖို့ ကြိုတင်စီစဉ်ပြင်ဆင်လေ့ရှိကာ လက်သည်မပေါ်အောင် ခြေရာဖျောက်တတ်သူတယောက်အဖြစ် တွေ့မြင်ရမှာဖြစ်ပါတယ်။
ကန်ဒေါင်ဝမ်ကတော့ ရဲအရာရှိ ကင်ဂျေမြောင်အဖြစ်သရုပ်ဆောင်ထားပြီး လီဗြောင်ဟွန်းကျူးလွန်ထားတဲ့ အမှုများကို ရှာဖွေဖော်ထုတ်နေသူပါ။ သူဟာ စေ့စပ်သေချာတဲ့ ရဲအရာရှိအဖြစ် နာမည်ကျော်ကြားသူဖြစ်ကာ အထက်အရာရှိများနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ဂျင်ဟွမ်ဂျေးကိုအဓိက မင်္သကာဖြစ်နေပြီး အမြဲမပြတ် စုံစမ်းထောက်လှမ်း နေသူအဖြစ် တွေ့မြင်ရမှာပါ။
ကင်ဝူးဘင်ကတော့ ကွန်ပျူတာပညာရှင်တဦးဖြစ်ပြီး ဉာဏ်ကြီးရှင်တဦးပါ။ ဂျင်ဟွမ်ဂျေးကို အဓိက ကူညီနေသူအဖြစ် သရုပ်ဆောင်ထားပါတယ်။ မင်းသမီး ဂျင်ယောင်းကတော့ ဂျင်ဟွမ်ဂျေးအတွက် အစစကူညီပံ့ပိုးသူအဖြစ် သရုပ်ဆောင်ထားပါတယ်။ ရန်ဂျင်ဝမ်ကတော့ ရဲမှူးအဖြစ်သရုပ်ဆောင်ထားပြီး အိုဒယ်ဆိုးကတော့ ရှေ့နေအဖြစ် သရုပ်ဆောင်ထားပါတယ်။
Master ရုပ်ရှင်ကို ဒါရိုက်တာ ဂျိုအူဆော့ကရိုက်ကူးထားခြင်းဖြစ်ပြီး သူ့ရဲ့ ဒုတိယမြောက်ဖန်တီးထားတဲ့ လက်ရာလည်း ဖြစ်ပါတယ်။ ပထမဆုံးရိုက်ကူးခဲတဲ့ ရုပ်ရှင်ကတော့ “Cold Eyes” ရုပ်ရှင်ဖြစ်ပြီး အဆိုပါ ရုပ်ရှင်ဟာလည်း ရာဇဝတ်မှုအခြေခံ အက်ရှင်ဇာတ်လမ်းတကား ဖြစ်ပါတယ်။
Master ရုပ်ရှင် ရိုက်ကူးမယ့်အကြောင်း ၂၀၁၅ခုနှစ် ဒီဇင်ဘာလကတည်းက ကြေညာထားခြင်းဖြစ်ပြီး စတင်ကြေညာချိန်ကတည်းက ပရိသတ်စိတ်ဝင်စားနေတဲ့ ရုပ်ရှင်ဇာတ်ကားတကား ဖြစ်ပါတယ်။