Lifestyle

အမှန်တရားအတွက် Spotlight

This article has been converted from Zawgyi One to Unicode

မကြာသေးမီက ၂၀၁၆ ခုနှစ်အတွက် အော်စကာရတဲ့ ရုပ်ရှင်တွေထဲက Spotlight ဆိုတဲ့၊ တကယ့်အဖြစ်မှန်ကို အခြေခံရိုက်ထားတဲ့ ရုပ်ရှင်ကိုကြည့်ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ အမေရိကန်နိုင်ငံက၊ ဘော်စတွန်ဂလုပ်ဘ် (The Boston Globe’s) သတင်းစာရဲ့ Spotlight ဌာနက၊ ဘော်စတွန်မှာ ရိုမန်ကက်သလစ် ဘုန်းတော်ကြီး အတော်များများ၊ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကလေးတွေအပေါ် ချိုးဖောက်နေတဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေအကြောင်း စုံစမ်းဖော်ထုတ်၊ ရေးသား တင်ပြထားတဲ့ ဖြစ်ရပ်မှန်အပေါ် အခြေခံထားတာပါ။ Spotlight ဝိုင်းတော်သားတွေက အဲဒီဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို ဆက်တိုက် ဖော်ထုတ်ရေးသားခဲ့တဲ့အတွက် ဘော်စတွန်ဂလုပ်ဘ် သတင်းစာလည်း ၂၀၀၃ ခုနှစ်မှာ ပူလစ်ဇာ (Pulitzer) ဆုကို ရရှိခဲ့ပါတယ်။

ရုပ်ရှင်အကြောင်းကို ပြန်ဆက်ရရင် ဘော်စတွန်ဂလုပ်ဘ် သတင်းစာတိုက်က ၂၀၀၁ ခုနှစ်မှာ အယ်ဒီတာအသစ် Marty Baron ကို ငှားရမ်းခဲ့ပါတယ်။ တရက်မှာတော့ အယ်ဒီတာသစ် Baron ဟာ ဘော်စတွန်ဂလုပ်ဘ်ရဲ့ ဆောင်းပါးတပုဒ်မှာ ရှေ့နေတဦးဖြစ်တဲ့ Mitchell Garabedian က ဘော်စတွန်ရှိ ခရစ်ယာန်ဂိုဏ်းချုပ် ဆရာတော် Cardinal Bernard Law ဟာ ဘုန်းကြီး John Geoghan က ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်နေတာတွေနဲ့ ပတ်သက်ပြီး သိပေမယ့်၊ မဟန့်တားနိုင်ဘူးလို့ ထုတ်ဖော်ပြောတဲ့ သတင်းကို ဖတ်ပြီးတဲ့နောက်၊ အဲဒီကိစ္စတွေကို စုံစမ်းဖော်ထုတ် ရေးသားဖို့ Spotlight ဝိုင်းတော်သားတွေကို တာဝန်ပေးခဲ့ ပါတယ်။

Spotlight ဝိုင်းတော်သားတွေဖြစ်တဲ့ အယ်ဒီတာ Walter “Robby” Robinson နဲ့ သတင်းထောက် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးတို့ ဒီကိစ္စကို စုံစမ်းဖော်ထုတ်ဖို့ စတင်ခဲ့တယ်။ သတင်းထောက် တဦးဖြစ်တဲ့ Michael Rezendes က ဘုန်းတော်ကြီးတွေ ကျူးလွန်တဲ့ ကိစ္စကို စတင်ပြောဆိုတဲ့ ရှေ့နေ Mitchell ကို စတင်ချဉ်းကပ်ခဲ့တယ်။ ဒါပေမယ့် ရှေ့နေက စစချင်းမှာ ဒီကိစ္စတွေကို တွေ့ဆုံပြောဆိုဖို့ ငြင်းဆိုခဲ့ပေမယ့်။ နောက်ပိုင်းမှာ သတင်းထောက်က မရမက၊ ကြိုးပမ်းခဲ့တဲ့အတွက် တွေ့ဆုံမှုတွေ၊ မေးမြန်းမှုတွေ လုပ်လာနိုင် တယ်။

Spotlight  ဝိုင်းတော်သားတွေအနေနဲ့ မက်ဆာချူးဆက်နဲ့ ဘော်စတွန် ဂိုဏ်းချုပ်လက်အောက် နယ်မြေမှာ ဆက်လက်ဖြစ်ပွားပြီး ဖုံးကွယ်ထားတဲ့၊ ကက်သလစ် ဘုန်းတော်ကြီးတွေရဲ့ ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပုံစံတွေကို စတင်ဖော်ထုတ်ခဲ့တယ်။

Spotlight ဝိုင်းတော်သားတွေ တာဝန်ခွဲပြီး ကျူးလွန်ခံရသူတွေ၊ သူတို့မိသားစုဝင်တွေနဲ့ တွေ့ဆုံ မေးမြန်းဖို့ ချဉ်းကပ်ရာမှာ ကျူးလွန်ခံရသူတွေ အနေနဲ့ ပထမပိုင်းမှာ ပြောပြဖို့ ဝန်လေးနေတာမျိုး၊ ကျူးလွန်ခံရသူတွေရဲ့ မိသားစုဝင်တွေက လိုလိုလားလားမရှိဘဲ မောင်းထုတ်ခံရတာမျိုး စသဖြင့် ကြုံတွေ့ကြရတယ်။ ထို့အတူ ဘုန်းတော်ကြီးတွေရဲ့ ကျူးလွန်ခံရသူတွေအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ကွန်ရက်အဖွဲ့တွေရဲ့ သတင်းပေးတာ၊ အထောက်အထားတွေ ပေးပို့တာတွေလည်း ကြုံရတယ်။ အဲဒီ အဖွဲ့အစည်းတွေရဲ့  သတင်းပေးပို့မှု အပါအဝင်၊ ကျူးလွန်သူ ဘုန်းတော်ကြီး ခန့်မှန်းခြေ ၉၀ လောက် ဘော်စတွန်မှာ ရှိနိုင်တယ်လို့ သိလာကြတယ်။

ဒါနဲ့ပဲ ဘော်စတွန်မှာရှိတဲ့ ဘုန်းတော်ကြီးတွေရဲ့ စာရင်း၊ နေရပ်လိပ်စာတွေ မှတ်တမ်းတင်ကြပြန်တယ်။ အဲဒါနဲ့ ပတ်သက်ပြီး အယ်ဒီတာ Baron က “တဦးချင်း ကျူးလွန်တာထက်စာရင်၊ စနစ်ကြီးတခုလုံး၊ အဖွဲ့အစည်းတခုလုံးက ကျူးလွန်တာတွေကို နှုတ်ဆိတ်နေတာ၊ အရေးမယူတာတွေအတွက် ပိုအာရုံစိုက်သင့်တယ်” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

အဲဒီလို စုံစမ်းဖော်ထုတ်မှုတွေ လုပ်နေတုန်းမှာပဲ အမေရိကန်မှာ စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုကြီးနဲ့ ကြုံရတဲ့အခါ သူတို့လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းသွားတယ်။

အဲဒီလိုနေရင်းနဲ့ ရှေ့နေ Garabedian က ကာဒီနယ်ဂိုဏ်းချုပ် Cardinal Law အနေနဲ့ ပြဿနာတွေကို သတိပြုမိပေမယ့် လျစ်လျူရှုထားတဲ့ မှတ်တမ်းတွေ လေ့လာနိုင်တယ် ဆိုတဲ့အပေါ် မှတ်တမ်းဌာနတွေမှာ လေ့လာရင်း သူတို့လုပ်ငန်းကို ပြန်စကြတယ်။

သတင်းထောက် တဦးဖြစ်သူ Rezendes က ကျူးလွန်ခံရသူတွေ ပိုမို မခံစားရခင်နဲ့ ပြိုင်ဘက် သတင်းစာတွေ လက်မဦးခင် ဒီအကြောင်းအရာတွေကို အမြန်ဆုံး ပုံနှိပ်ဖော်ပြသင့်တယ်လို့ တောင်းဆိုပေမယ့် အယ်ဒီတာ Robinson က ကျော်မကောင်း ကြားမကောင်း ဖြစ်ရပ်တွေအပေါ် ဥပဒေက အလုပ်အကျွေးပြုနေတဲ့ စနစ်ကြီးတခုလုံးကို မြင်သာအောင် သုတေသနပြုမှုကို ပိုအချိန်ပေး လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တယ်။

နောက်ဆုံးမှာတော့ Spotlight ဝိုင်းတော်သားတွေက အထောက်အထား၊ အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ သူတို့ရဲ့ တွေ့ရှိချက်တွေကို ဖော်ထုတ်ရေးသားပြီး ၂၀၀၂ ခုနှစ်အစောပိုင်းမှာ ပုံနှိပ်ဖို့ ပြင်ဆင်ခဲ့တယ်။

သူတို့ရဲ့ ဆောင်းပါးမှာ ဘုန်းတော်ကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်ခံရသူတွေနဲ့ ဆက်သွယ်ဖို့လည်း တောင်းခံခဲ့တယ်။ ဆောင်းပါး ရေးသားဖော်ပြပြီးတဲ့နောက် ကျူးလွန်ခံရသူတွေက သူတို့ဇာတ်လမ်းတွေ ပြောပြဖို့ ဆက်သွယ် လာကြတဲ့အတွက် Spotlight ဝိုင်းတော်သားတွေက ဖုန်းခေါ်ဆိုမှုတွေကို ပြန်လည် ဖြေကြား၊ မေးမြန်းမှုတွေကြားမှာ အလုပ်ရှုပ်နေတာနဲ့ ဇာတ်သိမ်းလိုက်တယ်။

ရုပ်ရှင်ဇာတ်သိမ်းမှာတော့ ဘော်စတွန်မှာရှိတဲ့ ဘုန်းတော်ကြီး ၂၄၉ ဦးကို ဟိုးလေးတကျော်ဖြစ်နေတဲ့ လိင်ပိုင်းဆိုင်ရာ၊ ချိုးဖောက်မှုတွေနဲ့ လူသိရှင်ကြား စွပ်စွဲကြတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူ တထောင်ကျော်လောက် ဘော်စတွန်မှာ ရှိနေကြတယ်။ ဘော်စတွန်က ကာဒီနယ်ဂိုဏ်းချုပ်ဟာ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလမှာ သူ့တာဝန်တွေကနေ နှုတ်ထွက်ခဲ့တယ်။ ဒါပေမယ့် သူ့ဟာ ရောမမှာရှိတဲ့ ရိုမန်ကက်သလစ် ဘုရားကျောင်းများရဲ့ တာဝန်ကြီးတခုကို ပြန်လည် ပေးအပ်ခြင်းခံရတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ကမ္ဘာတဝန်းမှာ ဘုန်းတော်ကြီးတွေ ကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှုတွေအပေါ် ဖုံးဖိထားတဲ့ ကက်သလစ် ဘုရားကျောင်းတွေရဲ့ ပါဝင်မှုစာရင်းကို ဖော်ပြခဲ့တယ်။

Spotlight ရုပ်ရှင်မှာ အဓိကမြင်ရတာက Investigative Journalism ရဲ့ လုပ်နည်း လုပ်ဟန်တွေဖြစ်တဲ့ အကြောင်းအရာ တခုကို နှိုက်နှိုက်ချွတ်ချွတ်၊ စေ့စေ့စပ်စပ်၊ ရှာဖွေဖော်ထုတ် ရေးသားတင်ပြသွားတာ၊ ဖြစ်နိုင်ခြေရှိတဲ့၊ သတင်း အရင်းအမြစ်တွေ ပြုစုတာ၊ ချဉ်းကပ်တာ၊ တွေ့ဆုံမေးမြန်းရာမှာ လိုလားစွာ ဖြေဆိုသူတွေ ရှိသလို၊ စိုးရိမ် ကြောက်ရွ့ံ့နေသူတွေ၊ တွေ့ဆုံမှုကို မလိုလားတဲ့ မိသားစုဝင်တွေရဲ့ ရန်ပြုမှုတွေ၊ သတင်းအတွက် အထောက်အထား ရနိုင်တဲ့ တရားခွင် ကြားနာမှု၊ မှတ်တမ်းဌာနတွေမှာ လေ့လာသုတေသနပြုမှု၊ သတင်းစာတိုက်က တာဝန်ရှိ အယ်ဒီတာတွေနဲ့ သတင်းထောက်တွေ တွေ့ဆုံပြီး အချေအတင်၊ ဆွေးနွေးငြင်းခုန်မှုစတဲ့ အားထုတ်မှုတွေကြောင့် အမှန်တရားကို ဖော်ထုတ်နိုင်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ယခင် ဦးသိန်းစိန် အစိုးရလက်ထက်မှာ အလွတ်သတင်းထောက် ကိုပါကြီး သတ်ဖြတ်ခံရတာ၊ နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေနဲ့ ယူနတီဂျာနယ်က သတင်းထောက်တွေ ထောင်ဒဏ် ချမှတ်ခံရတာ အပါအဝင် နယ်စည်းမခြား သတင်းထောက်များရဲ့ ၂၀၁၅ ခုနှစ်အတွက်၊ ကမ္ဘာ့သတင်းလွတ်လပ်မှု အညွှန်းကိန်းမှာ မြန်မာနိုင်ငံက နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၄၄ အထိ ကျဆင်းခဲ့တာတွေ့ရပါတယ်။

အခုအခါမှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အစိုးရသစ် တက်လာပြီမို့ သတင်းစာ လွတ်လပ်ခွင့်နဲ့ သတင်းတွေ လွတ်လွတ်လပ်လပ် ဖော်ထုတ်ရေးသားခွင့်တွေ ပိုမိုရရှိလာမယ်လို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် စုံစမ်းဖော်ထုတ်ရေးသားတဲ့ (Investigative Journalism) အတတ်ပညာတွေ ပိုမိုထွန်းကားပြီး တိုင်းပြည်ကို ဦးဆောင်နေတဲ့ အစိုးရ အပါအဝင်၊ အာဏာပိုင် အဆင့်ဆင့်၊ အဖွဲ့အစည်း အသီးသီးတွေရဲ့  ဥပဒေပြင်ပ ချိုးဖောက်မှုတွေ၊ မလျော်မကန် လုပ်ဆောင်မှုတွေ ရှိလာပါကလည်း ဖော်ထုတ်လာနိုင်မယ်လို့ မျှော်လင့်ရကြောင်းပါ။

Loading