သီချင်းဆိုပြိုင်ပွဲများ အများအပြား ရှိလာပြီး အဲဒီပြိုင်ပွဲတွေနေ အောင်မြင်တဲ့ အဆိုတော်တေးသံရှင် များစွာကို မွေးထုတ်ပေးနိုင်ခဲ့ကြတာကို တွေ့ရပါတယ်။ အခုအခါမှာလည်း ပရိသတ်အများအပြား စိတ်ဝင်စားမယ့် တေးသီချင်းသီဆို ပြိုင်ပွဲတခုကို “မြန်မာ ကာရာအိုကေ ချန်ပီယံ” လို့ နာမည်ပေးထားပြီး မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ရွက်ပုန်းသီး အဆိုရှင်များကို ဖော်ထုတ်ပေးမယ်လို့ ဆိုပါတယ်။ ဆုအနေနဲ့က ကျပ်ငွေ သိန်း ၂၀၀ နဲ့ စီးရီးတခွေ ထုတ်ဝေခွင့် ရမှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်ကို တယ်လီနော မြန်မာ လီမိတက်က ပြုလုပ်တာ ဖြစ်ပြီး ချန်ပီယံရှာဖွေရန် အတွက် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ် နေရာပေါင်း ၂၈ နေရာမှာ သွားရောက်ကာ ပြိုင်ပွဲဝင်များကို ရှာဖွေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
တယ်လီနော နဲ့ ဂီတမိတ် တို့က ပြိုင်ပွဲဝင်များ အားလုံးကို ရွေးချယ်မှာဖြစ်ပြီး အဲဒီကမှတဆင့် ရွေးချယ်ခံရတဲ့ တိုင်းနဲ့ ပြည်နယ်က ပြိုင်ပွဲဝင်များကို နောက်ထပ် ဆန်ကာတင် အနေနဲ့ ဒိုင်လူကြီးများအဖြစ် အဆိုတော် ဖိုးကာ၊ Rဇာနည်နဲ့ တင်ဇာမော်တို့က ဆက်လက် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
အဲဒီလို ထပ်မံရွေးချယ်ခံရတဲ့ ဆန်ကာတင် ပြိုင်ပွဲဝင်များရဲ့ သီဆိုမှုကိုတော့ Channel 7 ရဲ့ Walk With Music အစီအစဉ်နဲ့ တယ်လီနောမြန်မာ Facebook မှာ ပြသသွားမှာဖြစ်ပြီး ပရိသတ်များအနေနဲ့ မိမိကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲဝင်များကို တယ်လီနောဖုန်းများနဲ့ မဲပေးနိုင်တယ်လို့ သိရပါတယ်။
ဖေ့စ်ဘုတ်နဲ့ SMS တို့မှ ရရှိလာတဲ့ မဲပေးမှုနဲ့ တိုင်းနဲ့ ပြည်နယ် ၁၃ ခုမှ အကောင်းဆုံးအဆိုရှင် ၁၃ ဦးကိုေ ရွးချယ်ပြီးနောက် နောက်ဆုံးပြိုင်ပွဲကို ရန်ကုန်မြို့မှာ ကျင်းပသွားမှာ ဖြစ်ပြီး ဒိုင်လူကြီး ၃ ဦးက ချန်ပီယံကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၆၀ ရာခိုင်နူန်း ဆုံးဖြတ်ချက်က ဒိုင်လူကြီးများထံမှ ဖြစ်ပြီး ၄၀ ရာခိုင်နှုန်းကတော့ ပရိသတ်များရဲ့ မဲပေးမှုပေါ်မူတည်ကြောင်း သိရပါတယ်။
ဒီပြိုင်ပွဲရဲ့ ကာရာအိုကေ ချန်ပီယံ ရရှိသူအတွက် ဆုငွေ သိန်း ၂၀၀ နဲ့ တယ်လီနောက My Tune Music Portal မှာ ရောင်းချပေးမယ့် တေးစီးရီးကိုလည်း ထုတ်ဝေခွင့်ရရှိမှာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်များ ရွေးချယ်မှု မှတ်တမ်းများကိုတော့ ဧပြီ ၂၈ ရက်မှ စတင်ကာ Channel 7 ရဲ့ Walk With Music အစီအစဉ်နဲ့ တယ်လီနောမြန်မာ Facebook မှာ ပြသပေးမယ်လို့ သိရပါတယ်။