အဆိုတော်ကနေ သရုပ်ဆောင်မင်းသားအဖြစ်တွေ့မြင်လာရတဲ့ ယုန်လေးတယောက် သိပ်မကြာသေးခင်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာထက်မှာ အချစ်ရေးနဲ့ပတ်သက်လို့ ရေးသားထားမှုအပေါ် ယုန်လေးဖေ့စ်ဘုတ် အကောင့်တိုက်ခိုက် ခံရလို့များလား ဒါမှမဟုတ် သူကိုယ်တိုင်ပဲ ရေးသားထားခဲ့သလားဆိုတဲ့ သို့လောသို့လောတွေနဲ့ ဝေဖန်မှုတွေ ညံခဲ့ပါသေးတယ်။
“အွန်လိုင်းမှာ ကျနော်အကောင့်ကို ဘယ်သူမှ hack လို့ မရပါဘူး။ ကျနော်အားနည်းချက်က ဒေါသထွက်လွယ်တယ်။ လူတိုင်းကို ကူညီချင်ပေမယ့် အားနည်းချက်က စက္ကန့်ပိုင်းအတွင်း ဒေါသအရမ်းထွက်တတ်တယ်။ သုံးမိနစ်လောက် ကြာရင်တော့ အေးအေးဆေးဆေးပြန်ဖြေရှင်းနိုင်ပြီ။ အဲဒီအတွက်ပြင်နေပါတယ်။ ရှေ့လျှောက်လည်းပြင်ဦးမှာပါလို့ ကောလဟလမဟုတ်ပါဘူး ကျနော်ကိုယ်တိုင်ရေးတာ၊ ကျနော်ကိုယ်တိုင်ပြောခဲ့တာပါ” လို့ အချစ်နဲ့ပတ်သတ်တဲ့ ခံစားချက်များကို ပြောပြသွားပါတယ်။
ကဲ ဒီလိုဆိုရင်တော့ ဒီအဖြစ်အပျက်က ယုန်လေးရဲ့ ကိုယ်တိုင်ရေး ရင်တွင်းဖြစ်ဆိုတာ သေချာသွားပါပြီ။
ဆက်လက်ပြီး ဇာတ်ကားများကို အလျဉ်းသင့်သလို ရိုက်ကူးနေရကာ လတ်တလောမှာ လူမင်း၊ ထားထက်ထက် တို့နဲ့ရိုက်ကူးထားသော “လူကြမ်းတယောက်ရဲ့ ဒိုင်ယာရီ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကလည်း ဇွန်လအတွင်းမှာ ရုံတင်ဖို့ရှိကြောင်း သိရပါတယ်။
ကျန်တဲ့ ရုပ်ရှင်ဇာတ်ကားများမှာလည်း ဆင်ဆာတင်နေပြီ ဖြစ်လို့ ဒီနှစ်အတွင်းမှာပဲ ရုံတင်သွားဖို့ရှိကြောင်း သိရပါတယ်။ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတိုင်းလိုလိုမှာ လူကြမ်းကာရိုက်တာမျိုး ကြမ်းကြမ်းရမ်းရမ်း သရုပ်ဆောင်တာတွေများပါတယ်။
“ကျနော်က အပြင်မှာလည်း ဒီကာရိုက်တာအတိုင်းပဲ နေတတ်တော့ ဒီလိုလူကြမ်းကာရိုက်တာ သရုပ်ဆောင်တာများတယ်။ တခြားကာရိုက်တာ သရုပ်မဆောင်ဘူးလားဆိုရင် ဆောင်မှာပါ။ ဒါပေမယ့် ကျနော်ပါတဲ့ကား ကျနော်သရုပ်ဆောင်တဲ့ ကားက သူများနဲ့တော့မတူဘူးဆိုရင် ကျနော်လုပ်မယ်။ သူများနဲ့တူတယ် ဆိုရင်တော့ ကျနော်မလုပ်တော့ဘူးဗျာ။ ကျနော်မှာက လုံလောက်တဲ့ ရုပ်ရည်လဲ မရှိဘူး။ သူများတွေလို တန်းရှိတဲ့ မင်းသားလည်း မဟုတ်ဘူးလေ။ ဒါကြောင့် သူတို့မရှိနိုင်တာ မလုပ်တာ ကျနော်မှာ ရှိမှ ၊လုပ်မှ ရနိုင်မယ်လေ။ သူတို့မှာရှိတာကို ကျနော် ဘယ်ကားမှ မရိုက်ဘူးလို့” သရုပ်ဆောင်မှုအပိုင်းနဲ့ပတ်သတ်ပြီး ဧရာဝတီကို ပြောပြပါတယ်။
ရိုက်ကူးဖြစ်တဲ့ ဇာတ်လမ်းအများစုဟာ ယုန်လေးရဲ့ ဇာတ်လမ်းများဖြစ်တာကြောင့် ဇာတ်လမ်း ဇာတ်ကွက်ကို ဘယ်လိုရှာဖြစ်လဲဆိုတာကို သူ့အနေနဲ့ လူပေါင်းစုံ အလွှာပေါင်းစုံနဲ့ ခင်မင်ရင်းနှီးစွာ ဆက်ဆံပေါင်းသင်းနေတဲ့အတွက် သူတို့တွေဆီကနေ ရရှိလာတဲ့ ဘဝအသိတွေဟာ သူ့အတွက် ဇာတ်လမ်းတွေဖြစ်လာရခြင်းပါလို့လည်း ပြောဆိုသွားပါတယ်။