ဈေးကွက်မှာတော့ Cayenneရဲ့ အောင်မြင်မှုက တော်တော်လေး ရနေပါပြီ။ ဒါပေမယ့် ကုမ္ဗဏီက နောက်ထပ် အဆင့့်မြှင့်မှု၊ မျိုးဆက်ပြောင်းလဲ ထုတ်လုပ်မှု မရှိသေးပေမယ့် အခုလို ရွေးချယ်နိုင်စရာ များလာအောင် ဖန်တီးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု မော်ဒယ်မှာ သဘောကျစရာ အချက် တစ်ချက်တော့ ပါလာပါ တယ်။ ဒါကတော့ အင်ဂျင်စနစ်ကို သေးငယ်အောင် ဖန်တီးတပ်ဆင်လာတာပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ ဥရောပ ဈေးကွက်မှာက ဇိမ်ခံ မော်ဒယ်တွေ ဖြစ်နေသည့်တိုင်အောင် V6အင်ဂျင် စနစ်လောက်ကိုပဲ ဈေးကွက်က စိတ်ဝင်စားမှု များလာပါတယ်။
ဒါကြောင့် အခု မော်ဒယ်ကို အရင်က V8အင်ဂျင်နဲ့ ထုတ်လုပ်နေရာကနေ V6အနေနဲ့ ပြောင်းလဲ ထုတ်လုပ် လာတာပါ။ ဒါပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာက ရုန်းအား အများအပြား လိုအပ်တဲ့ အနေအထားဆိုတော့ turboစနစ် တစ်လုံးတည်းနဲ့ အဆင်မပြေနိုင်တာကြောင့် Twin-turboကို ထည့်ထားတာ တွေ့ရပါတယ်။
အခု အင်ဂျင်စနစ်မှာ အကြိုက်ဆုံး ကတော့ လည်ပတ်အား နည်းပေမယ့် ရုန်းအား အကောင်းဆုံး ထုတ်ပြနိုင်တာပဲ ဖြစ်ပါတယ်။ SUVမော်ဒယ် အများစုမှာ ပါရှိလေ့ ရှိတဲ့ အင်ဂျင်စနစ်တွေက လည်ပတ်အား မြင့်မားလေ့ရှိပေမယ့် အခု အင်ဂျင်စနစ်က အခြေခံ လည်ပတ်အား တစ်မိနစ် အပတ်ရေ ၁၆၀၀နဲ့တင် ရုန်းအား ၄၄၂ပေါင်-ပေထိအောင် ရှိလာမှာ ဖြစ်ပြီး ဒီတစ်ချက်က ဈေးကွက်မှာ ဆီစားနှုန်းနဲ့ပါ ဆက်စပ်ပြီး လူုကြိုက်များ လာမယ့် အချက် ဖြစ်လာပါတယ်။ မော်ဒယ်ရဲ့ စွမ်းအင် ထွက်ရှိမှုက မြင်းကောင်ရေ ၄၃၄ကောင်အားထိအောင် ဖြစ်ပြီး ဈေးကွက်မှာ တန်ကြေးကြီး Sportတန်းဝင် SUVတွေ အတွက်တော့ ပြိုင်ဖက်ကောင်း ဖြစ်လာ ပါလိမ့်မယ်။
စွမ်းဆောင်ရည်ပိုင်းမှာ တစ်နာရီ မိုင် ၆၀နှုန်း အတွက်ကို အချိန် ၅စက္ကန့်နဲ့ ရောက်အောင် မောင်းလာနိုင်မှာ ဖြစ်ကာ ဒါဟာ အမြန်ဆုံး မော်ဒယ်တန်းဝင် ဖြစ်လာစေမှာပါ။ Cayenne Sမော်ဒယ်က အခု GTSထက် ပိုပြီး ဈေးချိုနေတာပါ။ ဘယ်လောက်ထိအောင်လဲ ဆိုတော့ တန်ကြေးနည်း မော်ဒယ် တစ်စီးစာလောက်ထိအောင် ဖြစ်လို့ အခု မော်ဒယ် အနေနဲ့ စွမ်းဆောင်ရည်ပိုင်းမှာ ဒီလောက်ကောင်းနေပြီး အခု ထက် ဈေးပိုချိုမယ် ဆိုရင် ဈေးကွက်မှာ အောင်မြင်မှာ အသေအချာပါ။
၃ ဒသမ ၆လီတာသုံး V6အင်ဂျင်စနစ်က ဓါတ်ဆီနဲ့ လည်ပတ်မှာ ဖြစ်ပြီး ဂီယာချက် ၈ချက်ကို Autoစနစ်နဲ့ အသုံးပြု မောင်းနှင်နိုင်မှာပါ။ မော်ဒယ်က အမြန်ဆုံး အနေနဲ့ တစ်နာရီ ၁၆၃မိုင်ထိအောင် မောင်းနှင်နိုင်မှာ ဖြစ်ပြီးတော့ အခု အင်ဂျင်ရဲ့ အမြင့်ဆုံး လည်ပတ်အား တစ်မိနစ် အပတ်ရေ ၆၀၀၀ထက် ပိုအောင် ဖန်တီး လာမယ် ဆိုရင်တော့ အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်း အခုထက် ပိုလာမှာပါ။
ဆီစားအပိုင်းကို နည်းသွားအောင် လည်ပတ်အား လျော့လိုက်တာက အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်းကို နည်းသွားစေတာပါ။ မော်ဒယ်ရဲ့ အတွင်း ခန်း အပိုင်းနဲ့ ပတ်သက်လို့ ပြောချင်တာ တစ်ခုက ပြီးပြည့်စုံတဲ့ အပြင်အဆင်ကို တွေ့ရပြီး ဇိမ်ခံ မော်ဒယ် တစ်စီးရဲ့ စိတ်ကြိုက် အနေအထားပါ။ ဒါပေမယ့် ခလုတ်တွေ အများအပြား ထည့်ထားတာက နည်းနည်း မျက်စိရှုပ်နေစေပါတယ်။ အခု နောက်ပိုင်း မော်ဒယ် တချို့မှာ ခလုတ်တွေကို Touchစနစ် အနေနဲ့ ပြောင်းလဲ ထုတ်လုပ်လာတာ ရှိသလို တချို့ကလည်း ခလုတ် တစ်ခုတည်းမှာ Functionတွေကို ပေါင်းထည့် တာတွေ ရှိလာပါတယ်။ ဒါဆိုရင်တော့ ခလုတ်နည်းနည်းနဲ့ ကြည့်လို့ပိုကောင်းမယ်လို့ ယူဆရပြီးတော့ အထူး သဖြင့် အခု Cayenne မှာ လက်ကိုင်ဘီးပေါ်မှာ ခလုတ် ထည့်သွင်းပြင်ဆင်ထားမှု တော်တော်ကို များလွန်းနေတာက သဘောမတွေ့စရာပါ။