Lifestyle

ကမ္ဘာကျော် အနုပညာ အသရေဖျက်မှု တရားခွင်

This article has been converted from Zawgyi One to Unicode

လူ့သမိုင်းနဲ့ အမျှ ကြာပြီဖြစ်တဲ့ “အနုပညာ ဆိုတာ ဘာလဲ” ဆိုတဲ့ မေးခွန်းကို ခေတ်အဆက်ဆက် ပညာရှင်များက ချင့်တွက် ဖြေဆိုဖို့ ကြိုးစားကြပေမယ့် ဒီနေ့အထိ ပြည့်စုံတဲ့ အဖြေ မပေးနိုင်သေးပါ။ ကမ္ဘာကျော် စစ်နဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ ဝတ္ထုကြီးကို ရေးသားခဲ့တဲ့ စာရေးဆရာကြီး လီယိုတော်လ်စတွိုင်းကတော့ “အနုပညာ ဆိုသည်မှာ လူသားတို့ ရရှိ ရောက်ရှိခဲ့သည့် အမြင့်မြတ်ဆုံးနှင့် အကောင်းမွန်ဆုံး တွေ့ကြုံခံစားရမှုကို အခြားသူတွေကို မျှဝေရန် ရည်ရွယ်သော လုပ်ဆောင်ချက် ဖြစ်သည်” လို့ ဖွင့်ဆိုပြ ပါတယ်။ ဒီဖွင့်ဆို ပြချက်ဟာ အပြည့်စုံဆုံးလို့ အများအပြားက ယူဆကြ ပေမယ့် တခြားဖွင့်ဆိုချက်တွေနဲ့ ပြောဆို အငြင်းပွားမှုတွေလည်း ရှိနေဆဲပါပဲ။

ဘယ်လောက်တောင် ငြင်းခုံမှု ပြင်းထန်သလဲ ဆိုရင် အနုပညာ အသရေဖျက်မှုနဲ့ တရားခွင်မှာ စွဲဆိုတဲ့ အထိပါပဲ။ အနုပညာ သမိုင်းမှာ Ruskin Trial လို့ ထင်ရှားတဲ့ အဲဒီ အနုပညာ အသရေဖျက်မှုဟာ အနုပညာ ဝေဖန်ရေး ဆရာကြီး ဂျွန် ရပ်စကင် (John Ruskin) နဲ့ ပန်းချီကျော် ဂျိမ်းစ် ဝှစ်စလာ (James Abbott McNeill Whistler) တို့ ဗြိတိသျှ တရားရုံးမှာ ၁၈၇၈ ခုနှစ်က ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီခေတ်က တွင်ကျယ်ထင်ရှားခဲ့တဲ့ ဝေဖန်ရေးဆရာကြီး ဂျွန် ရပ်စကင်က “အနုပညာဆိုတာ ပညာပေးတဲ့ အလုပ် ပါဝင်မှ အနှစ်သာရ ရှိတယ်” လို့ ယူဆပြီး၊ ပန်းချီဆရာ ဝှစ်စလာကတော့ “ပညာပေးဖို့ ရည်ရွယ်ရင် အနုပညာဟာ ပျက်သွားတော့တာပဲ” လို့ ယူဆပါတယ်။

ဂျွန် ရပ်စကင်ကို ၁၉၁၉ ခုနှစ်မှာ မွေးဖွားတာကြောင့် အမှုဖြစ်ပွားချိန်မှာ အသက် ၆၀ ပြည့်လုလု အရွယ် ရှိနေပြီး၊ ၁၈၃၄ ခုနှစ်ဖွား ဝှစ်စလာကတော့ အသက် ၄၄ နှစ် အရွယ်ပါ။ ဂျွန်ရပ်စကင်ဟာ ပန်းချီဆရာ တယောက် မဟုတ်ပေမယ့် ပန်းချီအကြောင်း စာအုပ်အများအပြား ရေးသားခဲ့သူပါ။ ၁၈၆၉ မှာတော့ အောက်စဖို့ တက္ကသိုလ်မှာ အနုပညာပါမောက္ခအဖြစ် ခန့်အပ်ခံရသူပါ။ သူဟာ သူ့ရဲ့ ဝေဖန်ရေးသားချက်တွေကြောင့် အင်္ဂလန်မှာ အထင်ရှားဆုံး ဝေဖန်ရေးဆရာကြီးလည်းဖြစ်၊ ထိပ်တန်း စာပေ ပညာရှင်လည်း ဖြစ်ပါတယ်။

ဂျိမ်းစ် ဝှစ်စလာကတော့ ပြင်သစ် အင်ပရက်ရှင်းနစ် ပန်းချီဆရာတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီး ၁၈၅၉ မှာ လန်ဒန်ကို ပြောင်းရွှေ့ လာသူပါ။ သူ့ရဲ့ အစောပိုင်း လက်ရာတွေဟာ ပြင်သစ်ပန်းချီပြပွဲတွေမှာ အငြင်းပယ် ခံခဲ့ရပါတယ်။ အရပ် ၅ ပေ ၄ လက်မ ရှိတဲ့ ဝှစ်စလာဟာ စိတ်တိုတတ်၊ ရန်လိုတတ်တဲ့သူလို့ ဆိုပါတယ်။

အဲဒီခေတ်ကလည်း လန်ဒန်ပန်းချီလောကမှာ နှစ်ခြမ်းကွဲနေပြီး တော်ဝင်ပန်းချီအကယ်ဒမီက လန်ဒန်ပန်းချီလောကကို လွှမ်းမိုးထားပါတယ်။ တော်ဝင်ပန်းချီအကယ်ဒမီက ပြုလုပ်တဲ့ ပြပွဲတွေဆိုရင် အဆင့်မီ တန်းဝင်တယ်လို့ သတ်မှတ် ယူဆနေကြတဲ့ ကာလဖြစ်ပါတယ်။ အဲဒီ အကယ်ဒမီနဲ့ ဆန့်ကျင်တဲ့ အုပ်စုထဲမှာတော့ ပန်းချီဆရာ ဝှစ်စလာ ပါဝင်ပါတယ်။

၁၈၇၃ မှာတော့ ဂျိမ်းစ် ဝှစ်စလာရဲ့ ပန်းနုရောင်နှင့် အဖြူရောင် တွဲစပ်မှုဆိုတဲ့ ပန်းချီကားကို ဂျွန်ရပ်စကင်က “ဒီလို ရိုင်းပျပြီး နိမ့်ကျလွန်းတဲ့ ပန်းချီကားမျိုး မမြင်ဖူးပါ။ စိတ်ထင်သလို ဆေးပက်ဖြန်းထားတဲ့ အရာတွေသာ ဖြစ်တယ်။ အမှိုက်သာသာ ဖြစ်ပြီး ဒီလိုကားမျိုး ရေးဆွဲဖို့ အချိန် ၁၅ မိနစ်လောက်ပဲ ကြာပါလိမ့်မယ်။ ပန်းချီကားဟု မခေါ်ထိုက်။ ဈေးနှုန်းကျတော့ ဂီနီရွှေ ဒင်္ဂါး ၂၅၀ ဖြစ်ပေတယ်” လို့ ဝေဖန်ရေးသားဖူးပါတယ်။

အဲဒီ ဝေဖန်ချက်နဲ့ ပတ်သက်ပြီး ဝှစ်စလာရဲ့ တုံ့ပြန် ပြောဆိုတာတွေက နားမခံသာလောက်အောင် ကြမ်းတမ်းလှပါသတဲ့။ ပြီးတော့ သူက ပန်းချီကား ရေးဆွဲဖို့ ချွေးသံရွှဲရွဲနဲ့ အချိန်ကြာမြင့်စွာ ရေးဆွဲမှသာ ပန်းချီကားတချပ်လို့ သတ်မှတ်တဲ့ ပုံစံမျိုးကို လုံး၀ လက်မခံသူပါ။ သူတို့ နှစ်ဦး အနုပညာနဲ့ ပတ်သက်ပြီး အပြန်အလှန်ပြောဆို တာတွေက တဖြည်းဖြည်း အရှိန်မြင့်လာပါတယ်။

အရှိန်အမြင့်ဆုံးလို့ ဆိုနိုင်တာက ၁၈၇၄ ခုနှစ်၊ ပေါမောလမ်းပေါ်ရှိ ဂရောဗီနာ ပြခန်းမှာ ပြုလုပ်တဲ့ ပန်းချီပြပွဲ တခုမှာ ဝှစ်စလာက “ည ကား” ဆိုတဲ့ ပန်းချီကား ၇ ကား ပြသခဲ့ပါတယ်။ အဲဒီခေတ် အဲဒီအခါက မြင်တွေ့နေကျ ရေးဆွဲ တင်ပြမှုတွေ မဟုတ်တဲ့ ဝှစ်စလာရဲ့ ပန်းချီကားတွေကို လူအများက ဝေဖန်ခဲ့ပါတယ်။ မကျေနပ်မှု အများဆုံးက ဂျွန် ရပ်စကင်ပါ။

ရပ်စကင် ဝေဖန် ရေးသားရာမှာတော့ “ဂရောဗီနာ ပြခန်းပိုင်ရှင် ဆာလင်ဆေး အနေနဲ့ ဝှစ်စလာရဲ့ ပန်းချီကားတွေကို ပြသခွင့် မပြုသင့်ကြောင်း၊ ပြပွဲ လာရောက်သူများ၏ မျက်နှာကို ပန်းချီဆေးအိုးနဲ့ ပစ်ပေါက်သလို စော်ကားထားမှုအတွက် ဂီနီ ရွှေဒင်္ဂါး ၂၀၀ ဈေးနှုန်း တင်ထားခြင်းမျိုးလည်း မဖြစ်သင့်ပါ” လို့ ဝေဖန်ရေးသားပါတယ်။

ဂျွန် ရပ်စကင်ရဲ့ ဒီ ဝေဖန်ရေးသားချက်တွေကို ဂျိမ်းစ် ဝှစ်စလာကလည်း အလွန်ဒေါသထွက် ခံစားရပြီး အင်္ဂလန် တရားရုံးမှာ တရားစွဲရာကနေ အထက်က တင်ပြခဲ့တဲ့ အနုပညာ အသရေဖျက်မှုကြီး ပေါ်ပေါက်လာရပါတော့တယ်။

၁၈၇၈ နိုဝင်ဘာ ၂၅၊ ၂၆ ရက်တွေမှာ လန်ဒန်တရားရုံးမှာ စစ်ဆေးကြားနာခဲ့တာ ဖြစ်ပါတယ်။ တရားရုံး စစ်ဆေး ကြားနာချက်ကို အပြည့်အစုံ မဖော်ပြတော့ဘဲ အနုပညာနဲ့ ဆက်စပ်တင်ပြတဲ့ ဝှစ်စလာရဲ့  ပြန်လည်ဖြေကြားမှု တချို့ကို ဖော်ပြလိုက်ပါတယ်။

ရှေ့နေချုပ်မေးတဲ့ ပန်းချီကား ဈေးနှုန်းနဲ့ လုပ်အားခ အကြောင်း ဝှစ်စလာက အခုလို ရှင်းပြတယ်။ “ပန်းချီကား ရေးဆွဲတဲ့ နှစ်ရက်တာ လုပ်ခ အတွက် ဂီနီရွှေဒင်္ဂါး ၂၀၀ တောင်းတာ မဟုတ်ပါ။ ဘ၀ တလျှောက်လုံး လေ့လာ ဆည်းပူးခဲ့တဲ့ ပညာအတွက် တောင်းတာပါ” တဲ့။

ပန်းချီကားရဲ့ အလှအပကို ရှေ့နေချုပ် မြင်သာအောင် လုပ်ဖို့ပြောတဲ့အခါ ဝှစ်စလာက “ကျနော့် ပန်းချီကားတွေရဲ့ အလှအပကို ရှေ့နေချုပ် မြင်သာအောင် လုပ်မပေးနိုင်ပါ။ ဂီတဆရာ တယောက်က သူ့ရဲ့ သာယာတဲ့ ဂီတသံစဉ်တွေကို နားပင်းနေသူရဲ့ နားထဲဝင်အောင် လုပ်ဖို့ မျှော်လင့်ချက် မရှိသလိုမျိုးပါပဲ” လို့ ဖြေကြားခဲ့ပါတယ်။

ပန်းချီဆရာ ဝှစ်စလာက ဝေဖန်ရေးဆရာ ရပ်စကင်ထံမှ အသရေဖျက်မှု နစ်နာကြေး ပေါင် ၁၀၀၀ တောင်းခံတာ ဖြစ်ပေမယ့် တရားရုံးက “တရားစွဲဆိုသူ ဂျိမ်းစ်ဝှစ်စလာ အနိုင်ရစေ၊ နစ်နာကြေးငွေ တဖာသင် (တပဲနိ၏ လေးပုံတပုံ) ပေးစေ၊ တရားရုံး ကုန်ကျစရိတ် ကိုယ့်ဘာသာ ကျခံစေ” ဆိုပြီး ဆုံးဖြတ်ပေးခဲ့ပါတယ်။ တရားရုံးက ဒီလို ဆုံးဖြတ်ပေးပြီးတဲ့နောက် ဝေဖန်ရေးဆရာကြီး ဂျွန်ရပ်စကင်လည်း အလုပ်မှ နုတ်ထွက် အနားယူသွားရတဲ့ အဖြစ် ရောက်ရှိသွားသလို ပန်းချီဆရာ ဂျိမ်းစ် ဝှစ်စလာအတွက်လည်း ဒေဝါလီခံရပြီး မွဲပြာကျသွားပါတော့တယ်။

ကိုးကား – Famous Libel and Slander Cases of History by Clark Gavin

Loading