Korean- wave ကို လှုပ်ခတ်စေခဲ့တဲ့ ကိုရီးယား A- list စာရင်းဝင် မင်းသားတဦးဖြစ်တဲ့ ဘေယောင်ဂျွန်းနဲ့ ဇနီးဖြစ်သူ ပတ်ဆိုဂျင်တို့ဟာ သားဦးကလေးရဖို့ မျှော်လင့်နေကြတယ်လို့ Korean Time မဂ္ဂဇင်းက ရေးသားဖော်ပြလာပါတယ်။
ကိုရီးယား သရုပ်ဆောင်လောကမှာ ထိပ်ဆုံးနေရာမှာ ရှိနေတဲ့ ဘေယောင်ဂျွန်းဟာ သရုပ်ဆောင်တဦးဖြစ်တဲ့ ပတ်ဆိုဂျင်နဲ့ ၂၀၁၅ ခုနှစ် ဇူလိုင်က လက်ထပ်ခဲ့ကြပါတယ်။ သူတို့လက်ထပ်ပွဲဟာ Walkerhill Hotel ရဲ့ Sheraton Grande မှာ ကျင်းပခဲ့ပြီး နှစ်ဖက်မိဘများနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတချို့သာ တက်ရောက်ခွင့်ရခဲ့တဲ့ မင်္ဂလာဧည့်ခံပွဲပါ။
မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်တော့မယ့် အချိန်မှာ သူတို့ရဲ့ ပထမဆုံး ကလေးရဖို့အတွက် နှစ်ဦးစလုံးက မျှော်လင့်နေကြပြီး စမ်းသပ်စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ မကြာသေးမီက ပတ်ဆိုဂျင်မှာ ကိုယ်ဝန်ရှိတဲ့ လက္ခဏာရပ်တွေ တွေ့နေရပြီ ဖြစ်ပြီး ကလေးရဖို့ ရာနှုန်းပြည့် သေချာနေပြီလို့ ဘေယောင်ဂျွန်းရဲ့ အနုပညာအေဂျင်စီ Key East Entertainment မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပတ်ဆိုဂျင်ဟာ ခင်ပွန်းဖြစ်သူ ဘေယောင်ဂျွန်းထက် အသက် (၁၂) နှစ်ခန့် ငယ်သူဖြစ်ပြီး လက်ရှိမှာတော့ အသက် (၃၁) နှစ် ရှိပြီဖြစ်ပါတယ်။ သူတို့ဟာ ၃ လ ခန့် ချစ်သူတွေဖြစ်ခဲ့ပြီးနောက် လက်ထပ်ခဲ့ကြတယ်လို့ သိရပါတယ်။ လက်ထပ်ချိန်မှာ မီဒီယာတွေ အုတ်အော်သောင်းနင်းမဖြစ်ခဲ့ဘဲ တိတ်ဆိတ်စွာနဲ့ လက်ထပ်ပွဲကို ကျင်းပနိုင်ခဲ့ကြပါတယ်။
ဘေယောင်ဂျွန်းဟာ Key East Entertainment ကို တည်ထောင်ပြီးနောက် အနုပညာလှုပ်ရှားမှုများသာမက အနုပညာနဲ့ သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းများကိုပါ ပူးတွဲလုပ်ကိုင်ခဲ့ပြီး အနုပညာရှင်တွေရဲ့ ကိုယ်စားလှယ်အေဂျင်စီအဖြစ် လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် အထိ သရုပ်ဆောင်အလုပ်ကို လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ Key East Entertainment ကိုပဲ ဦးစီးလုပ်ကိုင်ခဲ့ခြင်းပါ။
ပတ်ဆိုဂျင်ဟာ၂၀၀၇ ခုနှစ်မှာ “Get Karl! Oh Soo-jung” ဆိုတဲ့ ရုပ်သံဇာတ်လမ်းနဲ့ သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့သူဖြစ်ပြီး အဓိကဇာတ်ဆောင်အဖြစ်နဲ့မဟုတ်ဘဲ ဇာတ်ပို့အဖြစ်နဲ့ ထင်ရှားခဲ့သူပါ။ သူမ ပါဝင်ခဲ့တဲ့ Boys Over Flowers (F4 ချစ်သူ) ရုပ်သံဇာတ်လမ်းဟာ မြန်မာပရိသတ်များကြားမှာလည်း အထူးအောင်မြင်တဲ့ ရုပ်သံဇာတ်လမ်း ဖြစ်ခဲ့ပါတယ်။ အဲဒီဇာတ်လမ်းမှာ သူမဟာ သာမန်ဇာတ်ပို့အဖြစ်သာ ပါဝင်ခဲ့ရပါတယ်။
Ref: koreatimes.co.kr