ကချင်တိုင်းရင်းသူအဆိုတော် အမွန်းတယောက် ဒုဋ္ဌဝတီကိုကျော်လွန်၍ (The Mystery Of The Lost Temple) ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် နိုင်နိုင်းနဲ့အတူ အဓိကဇာတ်ဆောင်နေရာမှာ ပါဝင်သရုပ်ဆောင်တော့ မယ်လို့ သိရပါတယ်။
အဓိက ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ဖြစ်တဲ့ အမွန်းက “ဒီဇာတ်ကားမှာ ညီမက သမိုင်းကို နားလည်တဲ့ သိထားတဲ့ မြန်မာမိန်းကလေးတယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သီချင်းဆိုတဲ့အခါ မှာလည်း ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသလို သရုပ်ဆောင်တဲ့အခါမှာလည်း ကိုယ့်ကိုကိုယ့်ယုံကြည်မှုရှိအောင် ကြိုးစားထားတယ်။ ယုံကြည်မှုမရှိဘူးဆိုရင်လည်း ကိုယ်က မကျွမ်းကျင်သေးလို့ပေါ့ ။ ညီမကိုယ်တိုင်လည်း ကိုယ့်ကိုကိုယ်ကျွမ်းကျင်ပြီလို့တော့ မခံယူထားသေးပါဘူး။ အကောင်းဆုံးကြိုးစားပြီးလုပ်မယ်လို့တော့ ခံယူ ထားပါတယ်” လို့ ပြောပြပါတယ်။
ဆက်လက်ပြီး အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ရမှာမို့ သရုပ်ဆောင်ဖြစ်တာလားဆိုတဲ့အပေါ် ဒုတိယနေရာ၊ တတိယနေရာတို့ဆိုတာထက် သူပါဝင်ရတဲ့ အခန်းမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်မယ်ထင်တာကြောင့်နဲ့ အဆိုပါ ဇာတ်ကားသည်လည်း အဓိပ္ပာယ်ရှိတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ဘယ်လိုနေရာမျိုးမှာ သရုပ်ဆောင်ရသည်ဖြစ်စေ ဝန်မလေးပါဘူးလို့လည်း အမွန်းက ဆက်ပြောပါတယ်။
ဒီဇာတ်ကားကို ရိုက်ကူးပုံဖော်သူကတော့ လူငယ် ဒါရိုက်တာ အာကာပဲ ဖြစ်ပါတယ်။ Golden Hour Entertainment ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ Arkar Production တို့က ပူးပေါင်းပြီး ပထမဆုံးပွဲဦးထွက်အဖြစ် စီစဉ်တင်ဆက်ထားတာ လည်းဖြစ်ပါတယ်။
သီပေါမင်း ပါတော်မူခါနီး ပတ္တမြားကြီးတလုံးကို သူရဲ့ စစ်သူကြီးကို ပေးအပ်ထားခဲ့ပြီး အဲဒီပတ္တမြားကြီး ပျောက်ဆုံးသွားတာကြောင့် ပတ္တမြားကြီးရှာတဲ့ ဇာတ်လမ်းပုံစံလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားကို ရန်ကုန်၊ ပုဂံ၊ အင်းဝ၊ မန္တလေးတွေမှာ ရိုက်ကူးမှာဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်းမှာ ရုံတင်ပြသဖို့ရည်မှန်းထားကြောင်းသိရပါတယ်။
ဒီဇာတ်ကားကြီးကို ပြသခွင့်ရနိုင်မယ့် ပြည်ပနိုင်ငံက ဘယ်နိုင်ငံကိုမဆို သွားရောက်ပြသဖို့ အစီအစဉ် ရှိကြောင်း လည်း သိရပါတယ်။