ဂျာမနီ အခြေစိုက် Mercedes, BMWနဲ့ VWတို့ရဲ့ မော်ဒယ်ထုတ်လုပ်မှု အပိုင်းကတော့ ဆန်းသည်ထက် ဆန်းသစ်မှုတွေ များလာပါတယ်နော်။ ပုံမှန်ဆို အဆင့်မြင့် ဇိမ်ခံ အနေအထားနဲ့ပဲ မြင်နေကျ GLEဆိုရင်ပဲ အခုဆို စွမ်းဆောင်ရည်ပိုင်းမှာပါ အားကောင်းအောင် ဖန်တီးထုတ်လုပ်လာတာ တွေ့ရပါတယ်။ VWရဲ့ လက်ခွဲ Porscheရဲ့ SUVမော်ဒယ်တွေက ဇိမ်ခံတန်းဝင် စွမ်းဆောင်ရည်မြင့် မော်ဒယ်တွေ ဖြစ်ပြီး သူတို့ကို ဈေးကွက် ပြိုင်ဆိုင်ဖို့ မွေးဖွားလာခဲ့တဲ့ အခု GLEက ရှေ့ထွက် မော်ဒယ်တွေထက် ဆန်းသစ်မှု အများကြီးတွေ့လာရတာပါ။
အဆင့်မြင့် ကိုယ်ထည်သား တည်ဆောက်မှုမျိုးတွေ့ရပြီးအတွင်းခန်း ဖန်တီးမှုက အခု GLEထက် ဈေးနှုန်း သိသိသာသာ မြင့်တဲ့ မော်ဒယ်တွေရဲ့ အတွင်းခန်းမျိုး ဖြစ်အောင် ဖန်တီးထားတာလည်း တွေ့နိုင်ပါတယ်။ ပြီးတော့ လမ်းကြောင်းစုံ မောင်းနှင်နိုင်တဲ့ မော်ဒယ်ကနေ အဆင့်မြှင့်ပြီး ရောက်လာတဲ့ မော်ဒယ် ဖြစ်လို့ လုံခြုံစိတ်ချရမှု စနစ်တွေ အပြည့်အစုံ ပါရှိသလို အကူ စနစ်ပိုင်း ရွေးချယ် အသုံးပြုနိုင်မှုလည်း အားကောင်းတာတွေ့နိုင်ပါတယ်။ ကုမဏီထုတ် စွမ်းဆောင်ရည်မြင့် SUVတွေရဲ့ အင်ဂျင်စနစ်ကနေ နည်းပညာ ရယူဖန်တီးထားတဲ့ အင်ဂျင်စနစ်သစ်ကို တပ်ဆင်ထားပြီး အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုလို စွမ်းဆောင်ရည်ပိုင်းတွေ အထူးမြင့်မားကောင်းမွန်တာလည်း တွေ့ရပါတယ်။
ဒီနေရာမှာ နောက်ဘက် ခရီးသည်ခန်း နည်းနည်း နိမ့်ချင်တာနဲ့ နောက်ဖက်ဆုံး ဝန်တင်ခန်း နည်းနည်း ကျဉ်းချင် တာလေးတွေက ကိုယ်ထည်ကို သေးငယ်အောင် ဖန်တီးလိုက်မှုရဲ့ နောက်ဆက်တွဲ ရလဒ် ဖြစ်လာပါတယ်။ အပြင်ဘက် အရောင် အနေနဲ့ ၁၁ရောင်ရနိုင်သလို အတွင်းပိုင်း အပြင်အဆင်က သားရေသား ဦးစားပေး ပုံစံနဲ့ ၁၃မျိုးလောက်ထိအောင် ရွေးချယ်နိုင်ပါတယ်။ အလျား ၁၅ပေနဲ့ ၉ ဒသမ ၁လက်မရှိပြီး မျက်နှာစာ အကျယ်က ၇ပေနဲ့ ၀ ဒသမ ၃လက်မရှိသလို အမြင့်ကတော့ ၅ပေနဲ့ ၁၀ ဒသမ ၇လက်မပါ။
မော်ဒယ်မှာ အင်ဂျင်စနစ် အများအပြား ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပြီး ၃ ဒသမ ဝလီတာသုံး V6အင်ဂျင် အနေနဲ့ရယ်၊ ၃ ဒသမ ၅လီတာသုံး V6အင်ဂျင်ရယ် ၅ ဒသမ ၅လီတာသုံး V8အင်ဂျင်တွေထိအောင် ရနိုင်မှာ ဖြစ်ပေမယ့် အနေတော်ဖြစ်မယ့် ၃ ဒသမ ၅လီတာသုံး V6ကို အကြိုက်ဆုံးပါပဲ။
အင်ဂျင်စနစ်က ရုန်းအား ၂၇၃ပေါင်-ပေမှာ စွမ်းအင် မြင်းကောင်ရေ ၃၀၂ကောင်အား ထွက်ရှိမှာ ဖြစ်ပါတယ်။ အမြန်နှုန်း မြှင့်တင်နိုင်မှုတွေမှာတော့ အခု အလတ်တန်းစား အင်ဂျင်တွေက ဒီလောက် မကောင်းလှပဲ အကြီးစား အင်ဂျင်တပ် GLE 63လို မော်ဒယ်တွေက စွမ်းဆောင်ရည် အထူးကောင်းမွန်တာ ဖြစ်ပေမယ့် ၃.၅လီတာသုံး အင်ဂျင်တပ် မော်ဒယ်တွေကလည်း ဝန် ပေါင် ၆၆၀၀လောက်ထိအောင် ရုန်းကန်ပေးနိုင်လို့ စိတ်ကြိုက် ဖြစ်စေမှာပါ။
စွမ်းဆောင်ရည် ဦးစားပေး GLE63လို မော်ဒယ်တွေမှာ ဆိုရင် တစ်နာရီ မိုင် ၆၀နှုန်းကို အချိန် ၄.၃စက္ကန့်နဲ့ ရောက်အောင် မောင်းနှင်နိုင်မယ့် စွမ်းဆောင်ရည်က ပြိုင်ဖက် Porscheရဲ့ SUVတွေကို ကောင်းကောင်း နောက်ကောက်ချလာနိုင်ပါတယ်။ နောက်ဘီးယက်စနစ်နဲ့ ဖြစ်ပြီးတော့ ဂီယာချက် ၇ချက်ကို Autoစနစ်နဲ့ သွားမှာ ဖြစ်သလို ဆီစားနှုန်းကတော့ ဆီတစ်ဂါလံကို ပျမ်းမျှ ၂၁မိုင်လောက်ထိ စီးနင်းနိုင်မှာပါ။
ဒါဆိုရင်တော့ မြင်ရသလောက် မော်ဒယ်ရဲ့ စွမ်းဆောင်ရည်အပိုင်းမှာ အင်ဂျင်အကြီးစားတပ် မော်ဒယ်ခွဲတွေရဲ့ စွမ်းဆောင်ရည်ကပဲ ကောင်းမွန်နေတာ တွေ့နိုင်ပြီး အလတ်တန်းစား အင်ဂျင်တပ် မော်ဒယ်ခွဲတွေက နည်းနည်း အားနည်းချင်နေတာပါ။ စွမ်းဆောင်ရည်ကောင်းမွန်အောင် အင်ဂျင်စနစ်ကို အကြီးရွေးမယ် ဆိုရင်လည်း ဆီစားများလာနိုင်ပြန်ပါတယ်။
ဒါဆို ဈေးနှုန်းပိုင်းမှာရော။ တန်းတူ မော်ဒယ်တွေထက် စွမ်းဆောင်ရည်သာချင်ပေမယ့် GLEက ဈေးနည်းနည်းပိုချင်နေပါတယ်။ မော်ဒယ်ကောင်းတစ်ခု ပိုင်ဆိုင်ချင်သူ အတွက်ကတော့ ဈေးနည်းနည်း ပိုပေးရမှုဟာ ပြဿနာ မဖြစ်လာနိုင်ပါဘူး။