အသက် ၃၀ ကျော် ဒါမှမဟုတ် ၄၀ ကျော် အထိ လှနေဆဲ လှနေမြဲ ဖြစ်တဲ့ အိမ်ထောင်ရှင် မြန်မာအမျိုးသမီးတွေအတွက် သတင်းကောင်းတခုလို့ ပြောရမှာပါ။
အဲ့ဒါကတော့ အဆိုပါ အသက်အရွယ်ရှိ အမျိုးသမီးတွေလည်း နိုင်ငံကိုယ်စားပြု အလှမယ်တွေအဖြစ် နိုင်ငံတကာနဲ့ ရင်ဘောင်တန်း ဝင်ရောက်ယှဉ်ပြိုင်နိုင်မယ့် အလှမယ် ပြိုင်ပွဲကြီးတခုကို စင်ကာပူနိုင်ငံမှာ လာမယ့် စက်တင်ဘာလကုန် အောက်တိုဘာလမှာ ကျင်းပပြုလုပ်တော့မှာပါ။
အဆိုပါ ပြိုင်ပွဲကို အသက် ၂၈ နှစ်နဲ့အထက် အပျိုများအတွက် Ms International 2016 အဖြစ်လည်းကောင်း၊ အသက် ၄၅ နှစ်နဲ့အောက် အိမ်ထောင်ရှိ အမျိုးသမီးများအတွက် Mrs International 2016 အဖြစ်လည်းကောင်း၊ အသက် ၄၅ နှစ်နဲ့ အထက် အိမ်ထောင်ရှိ အမျိုးသမီးများအတွက် Mrs Elite Internaitonal 2016 ဆိုပြီး အသီးသီးသတ်မှတ်ထားပါတယ်။ ဒီပြိုင်ပွဲကို စင်ကာပူနိုင်ငံမှ ဦးစီးကျင်းပပြုလုပ်လာတာ ၁၀ နှစ်ရှိခဲ့ပါပြီ။
“ရည်ရွယ်ချက်ကတော့ Ageing with grace ပေါ့။ တချို့ကျတော့ ငါ အသက်ကြီးပြီ ဆိုပြီး မပြင်မဆင်တော့ဘူးပေါ့နော်။ ငါတို့သားသမီးတွေမွေးနေပြီ။ အနောက်ကနေပဲ ထောက်ပံ့တော့မယ်။ မပြင်တော့ပဲနဲ့ နေတဲ့သူတွေလည်းရှိတယ်။ ဝသွားတဲ့သူတွေပေါ့နော်။ သားသမီးကိုလည်း ထောက်ပံ့ပေးရင်းနဲ့ သားသမီးနဲ့အတူတူ သူသည်လည်းလှပနေအောင် ကျန်းမာရေးလိုက်စားဖြစ်အောင် သပ်သပ်ရပ်ရပ်နေဖြစ်ဖို့ အတွက် ရည်ရွယ်ပါတယ်။ နောက်ပြီး ကိုယ့်ရဲ့အမျိုးသမီး ကိုယ့်ရဲ့ မိခင်ဟာ စင်ပေါ်မှာ သူတို့နိုင်ငံကို ကိုယ်စားပြုနိုင်နေတဲ့အခါကျတော့ တချို့သားသမီးတွေ အမျိုးသားတွေက သူတို့မိခင်တွေ အမျိုးသမီးတွေကို အရမ်းအားပေးကြတယ်။ မိသားစုက ပြန်ပြီး စည်းလုံးသွားပါတယ်။ တချို့ကျတော့ သားသမီးတွေ ကြီးသွား တာတို့ အမျိုးသားက အလုပ်တွေနဲ့ တခြားနေရာတွေ တချိန်လုံး သွားနေရတာတို့ဆိုတော့ အခုလို အချိန် လေးဟာ သူတို့မိသားစုတွေအတွက် အရမ်းကို စည်းလုံးပြီး ပျော်စရာကောင်းတဲ့ အချိန်လေးဖြစ်သွားတာပေါ့။ အဲ့ဒီလို ပြန်ပြီး unity ကိုရဖို့အတွက်ပါ။ နောက်ပြီးတော့ ငယ်ငယ်တုန်းက အခွင့်မသာခဲ့တဲ့ အမျိုးသမီးတွေရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် လုပ်ပေးတာပါ။ နောက် ခေတ်မီတဲ့ အိမ်ထောင်ရှင်မကောင်း တယောက်ဖြစ်ဖို့အတွက် ကိုယ်နောက်ကျ ကျန်နေခဲ့တာမျိုး မဟုတ်ဘဲနဲ့ ကလေးတွေနဲ့လည်း အတူတူ ရှိနေရမယ်” လို့ အဆိုပါပြိုင်ပွဲကို မြန်မာပြည်ကိုယ်စားပြုအနေနဲ့ စေလွှတ်ပေးနိုင်ဖို့ရန် ဦးစီးဦးဆောင်ပြုလုပ်နေ သော Style Plus H သင်တန်းကျောင်းမှ National Director ဒေါ်လှနုထွန်းက ဧရာဝတီကို ပြောပါတယ်။
ဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေအနေနဲ့ ကိုယ့်စားရိတ်နဲ့ကိုယ် သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ညနေခင်းဝတ်စုံ၊ အမျိုးသားဝတ်စုံတို့ကို ဝတ်ဆင်ပြီး ယှဉ်ပြိုင်ကြရမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အင်တာဗျူး မေးခွန်းများကိုလည်း ဖြေဆိုယှဉ်ပြိုင်ကြရမယ်လို့ သိရပါတယ်။
ပြိုင်ပွဲဝင်လိုသူတွေဟာ Style Plus H သင်တန်းကျောင်းသို့ သွားရောက်စုံစမ်းပြီး ဖောင်တင်နိုင်ပါတယ်။
“ဖောင်လာတင်ထားတာ အားလုံးပေါင်း အယောက် ၃၀ လောက် ရှိပါတယ်။ အများဆုံးကတော့ ၄၅ အောက် အိမ်ထောင်ရှင်တွေက အရမ်းများတယ်။ အပျိုတွေကတော့ ၅ ယောက်လောက်ပဲရှိတယ်။ သူတို့မှာတော့ အတွေးလေး တခုဝင်သွားတာပေါ့။ အော် ငါတို့တွေအနေနဲ့ လှလှပပ နေသင့်ပါလားဆိုတာမျိုး ရှိသွားတာပေါ့။တချို့ဆိုရင် ကျမဆီကို အမျိုးသားကိုယ်တိုင်က ဖုန်းဆက်မေးတာရှိတယ်။ သမီးလေးတွေ ကိုယ်တိုင်က ဖုန်းဆက်မေးတာရှိတယ်။ ကျမအနေနဲ့ အရမ်းသဘောကျပါတယ်။ အရမ်းအံ့သြဖို့ကောင်းတယ်။ စစ်တွေဘက် မန္တလေးဘက်တွေက ဖုန်းဆက်တယ်ရှင့်။ သူတို့ဘယ်တော့ ဆင်းလာရမလဲဆိုပြီးတော့ပေါ့။ သူတို့က ဘာတောင်ပြောသလဲဆိုရင် နိုင်ငံခြားသွားပြိုင်ဖြစ်တဲ့ ပွဲက တယောက်တည်း ရွေးမှာဆိုတော့ မြန်မာပြည်မှာပါ သူတို့ပွဲကြီးပြိုင်ချင်ကြတယ်။ နိုင်ငံခြားအထိကျတော့ သူတို့ သတ္တိမရှိသေးဘူး။ မြန်မာပြည်မှာပဲ ပြိုင်ချင်တယ်ပေါ့။ အဲ့ဒါကို သူတို့ကို ပွဲလေးလုပ်ပေးပါဆိုပြီး ပြောကြတယ်။” လို့ ဒေါ်လှနုထွန်းက ဆိုပါတယ်။
ဒီပြိုင်ပွဲကြီးကို မြန်မာပြည်ကိုယ်စားပြုအဖြစ် ယခုနှစ်မှသာ စတင်စေလွှတ်ယှဉ်ပြိုင်စေမှာဖြစ်ပြီး မနှစ်က Mrs International 2015 ပြိုင်ပွဲအဆင့်ကိုတော့ ဒေါ်လှနုထွန်းကိုယ်တိုင် သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ပြိုင်ပွဲရဲ့ Top 6 အထိ ဝင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“မနှစ်ကပြိုင်လိုက်တယ်။ ဒါပေမယ့် မကြေညာဘူးပေါ့။ ကျမတို့ ဒီအတိုင်းသွားပြိုင်လိုက်တယ်။ ဒီနှစ်ကျတော့မှ ပြိုင်ပွဲသုံးခုကို ကျမတို့စပြီး promote လုပ်ကြည့်တာပါ။ အဲ့တော့ ၃ ယောက်လုံးပြည့်ချင်မှလည်း ပြည့််ပါမယ်။ နိုင်ငံခြားသားတွေနဲ့ ဖြစ်တဲ့အတွက်ကြောင့် အင်္ဂလိပ်စာကို ပြောတတ်သည်ဖြစ်စေ၊ မပြောတတ်သည်ဖြစ်စေ ကြိုးစားပြီးပြောနိုင်တဲ့သူ သတ္တိရှိတဲ့သူဖြစ်မှ ဖြစ်မယ်။ တကယ်လို့ စင်ပေါ်ရောက်တဲ့အခါကျရင်လည်း ကိုယ်ဝတ်ထားတာနဲ့လိုက်ဖက်စွာ လမ်းလျှောက်တတ်ဖို့ကိုတော့ ကျမတို့ သင်ပေးမှာပါ။” လို့ ဒေါ်လှနုထွန်းက ပြောပါတယ်။
အမျိုးသမီးတယောက်အနေနဲ့ အသက် ၃၀ ကျော်၊ ၄၀ ကျော် အထိ မိမိရဲ့ အလှတရားကို မပျက်ဆီးအောင် အစစအရာရာ ထိန်းသိမ်းပြီး လှနေအောင် နေနိုင်ဖို့ဆိုတာ တခြားသော နိုင်ငံခြားတိုင်းပြည်တွေမှာ နေထိုင် နေတဲ့ အမျိုးသမီးတွေအနေနဲ့ ဘာမှ မထူးခြားသော်လည်း တနေ့တနေ့ စားဝတ်နေရေးအတွက် မိသားစု အတွက် ရုန်းကန်လှုပ်ရှားနေကြရတဲ့ သာမာန်လူတန်းစား မြန်မာအမျိုးသမီးတွေအတွက်ကတော့ အင်မတန် ခက်ခဲလှမယ်လို့ ယူဆရပါတယ်။ အထက်တန်းလွှာ မြန်မာအမျိုးသမီးတွေတော့ မဆိုလိုပါဘူး။
သာမာန် မြန်မာအမျိုးသမီးတော်တော်များများဟာ အသက် ၂၅ နှစ်ကျော်လာရင် အထူးသဖြင့် အိမ်ထောင်ရှိ အမျိုးသမီး တေ်ာတေ်ာများများဟာ အလှအပရေးရာပိုင်းမှာ ထိန်းသိမ်းဖို့ အားနည်းလာကြတာပါ။ ကဲ အခုလို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းလာရတော့မယ်ဆိုတဲ့အခါ မိမိတို့ရဲ့အလှတရားတွေကို ထိန်းသိမ်းထားနိုင်ဆဲ အိမ်ထောင်ရှင် မြန်မာအမျိုးသမီးတွေ ဘယ်လို ဘယ်ပုံ ပေါ်ထွက်လာဦးမလဲဆိုတာ စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။