မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ မြန်မာ့ရိုးရာ အလှူပွဲတွေမှာ ချက်လေ့ရှိတဲ့ မြန်မာ့ဓလေ့ “အိုးကြီးချက်နည်း” နဲ့ လူအများစာ ချက်ပြုတ်ရမည့် ဟင်းချက်ပြိုင်ပွဲကို မကြာခင် ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရပါတယ်။
ပုံမှန်ကျင်းပလျက်ရှိတဲ့ ဟင်းချက်ပြိုင်ပွဲတွေထက် ပိုမိုထူးခြားပြီး မြန်မာ့ရိုးရာ အငွေ့အသက်များ ပါဝင်တဲ့ မြန်မာ့အလှူဟင်းလျာ ဟင်းချက်နည်းများကို ပြန်လည်ဖော်ထုတ်ပြသပေးမယ့် အဆိုပါ “အိုကြီးချက်” ဟင်းချက်ပြိုင်ပွဲကို လာမယ့် ပွင့်လင်းရာသီအတွင်း ကျင်းပသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းရဲ့ အသင်းစစ် ဦးရဲဝင်းထွန်းက ဧရာဝတီကို ပြောပါတယ်။
“ကျနော်တို့ ပုံမှန် အသင်းကပြုလုပ်နေကျ ဟင်းချက်နည်း ပြိုင်ပွဲတွေကတော့ ကုန်စည်ပြပွဲတွေမှာ ဝင်ပြတဲ့ ပြိုင်ပွဲတွေရှိပါတယ်။ နည်းနည်း ကြီးကြီးကျယ်ကျယ် လုပ်မယ့် ပြိုင်ပွဲဆိုရင် “အိုးကြီးချက်ပြိုင်ပွဲ” လုပ်ဖို့ ရှိပါတယ်။ ဒါကတော့ ကွင်းပြင်ကြီးလို နေရာမျိုးမှာ ပရိသတ်ကိုပါဖိတ်မယ်။ ပရိသတ်ကို ဖိတ်ပြီး ကျွေးမယ်။ အယောက် ၃၀၀ စာချက်ပြီး ၁၀ ဖွဲ့ ပြိုင်မယ်ဆို အယောက် ၃ ထောင် စားရမယ်။ အယောက် ၃ ထောင်က ပရိသတ်ထဲကဖြစ်မယ်” လို့ ဆိုပါတယ်။
သူကဆက်ပြီး “ပြိုင်ပွဲမှာ အဓိကက ပရိသတ်ကို မြန်မာ့အလှူလို ပကာသနကင်းကင်းနဲ့ ကျွေးမယ်။ ဒိုင်တွေ အရသာ အကဲဖြတ် မြည်းစမ်းပြီးသမျှ ပရိသတ်ကို ကျွေးမယ်။ တတ်နိုင်သမျှ မြန်မာ့ရိုးရာ ဓလေ့ပေါ်လွင်အောင် ပြုလုပ်မယ့် ပွဲဖြစ်တယ်။ နှစ်ရက်တိတိ လုပ်မယ်လို့ အကြမ်းဖျင်းမှန်းထားတယ်။ အဲ့ပြိုင်ပွဲကို နှစ်ကုန်ပိုင်းလောက် ပွင်းလင်းရာသီမှာ လုပ်ဖို့ရှိပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
“မြန်မာအိုးကြီးချက်ပြိုင်ပွဲ” ရဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာ့ရိုးရာ ဟင်းချက်နည်းများစွာထဲမှ လှေကို ရွှံ့ပိတ်ပြီး ငါးသလောက်ပေါင်းချက်နည်း၊ ထမင်းကိုလှေထဲတွင်ချက်နည်း စတဲ့ ယနေ့ခေတ် တွင် ရှားပါးသွားသော ဟင်းချက်နည်းများကို ပြန်လည် ဖော်ထုတ်လိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာ့အလှူများတွင် လူအများစာကို ဘယ်လိုချက်ပြုတ်၊ ပြင်ဆင် ကျွေးမွေးသလဲဆိုတာကို အဓိကပြသချင်တာဖြစ်ပြီး အဆိုပါ အိုးကြီးချက် ဟင်းချက်ပြိုင်ပွဲတွင် အစားအသောက်၊ အချက် အပြုတ် နဲ့ ပတ်သက်ပြီး ဝါရင့် အတွေ့အကြုံရှိသော စာဖိုမှူးများ၊ ဟင်းချက်ပညာရှင်များက အကဲဖြတ် ဒိုင်များအဖြစ် ပြုလုပ်သွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းကို တည်ထောင်ခဲ့တာ ၅ နှစ်ပြည့်ပြီ ဖြစ်ပြီး ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “Your Restaurant Tommorrow” ခေါင်းစဉ်ဖြင့် ဟောပြောပွဲများကို မေလ၊ သြဂုတ်လ၊ နိုဝင်ဘာလများမှာ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။