မြန်မာနိုင်ငံမှ စွန့်ဦးတီထွင်သူများနှင့် ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် တွေ့ဆုံကြမည့် တတိယ အကြိမ်မြောက် HORECA Bizmatch Fair ကို မေလ ၁၁ ရက်၊ ၁၂ ရက်နေ့ များတွင် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများမှာ တရက်စီ ကျင်းပပြုလုပ်သွားမယ်လို့ သတင်းရရှိပါတယ်။
မေလ ၁၁ ရက်နေ့၊ မန္တလေးမြို့ ဆီဒိုးနားဟိုတယ်မှာ မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ၊ မေလ ၁၂ ရက်နေ့၊ ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်မှာ မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဆိုပါပွဲကို Thai Hotel & Hospitality Management Association THMA မှ တာဝန်ယူပြုလုပ်ခြင်း ဖြစ်ပါတယ်။
ပွဲမှာ ဟိုတယ်၊ စားသောက်ဆိုင်နှင့် အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများအတွက် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းများ၊ ထုတ်ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ထိပ်တန်း ကုမ္ပဏီပေါင်း ၂၀ ကျော်ခန့်မှ လာရောက် မိတ်ဆက်ပြသသွားမှာဖြစ်ပြီး မြန်မာစွန့်ဦးတီထွင်သူများနဲ့ ထိုင်းလုပ်ငန်းရှင်များ နှစ်ဦးနှစ်ဘက် ထိပ်တိုက်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ဟိုတယ်၊ အစားအသောက် လုပ်ငန်းတွေသာမက အဆောက်အဦး ဒီဇိုင်းနှင့် လုပ်ငန်း ထိန်းချုပ်မှု ပရိုဂရမ် ရေးဆွဲသူများ၊ အွန်လိုင်း ဈေးကွက်ရှာဖွေတဲ့ ဝန်ဆောင်မှု ကုမ္ပဏီများ စတဲ့ လုပ်ငန်းတွေလည်း လာရောက်ပြသမယ်လို့ သိရပါတယ်။
၂၀၁၄ ခုနှစ်မှာ တကြိမ်၊ ၂၀၁၅ ခုနှစ်မှာ တကြိမ် စုစုပေါင်း ၂ ကြိမ် ရန်ကုန်မှာ ကျင်းပခဲ့ပြီး ယခုအခါ တတိယ အကြိမ်မြောက် HORECA Bizmatch Fair ကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် တရက်စီ ကျင်းပသွားမယ်လို့ သိရပါတယ်။