လူတိုင်းက အပြုံးလေးလှပ၊ သွားလေးဖြူဖွေး ဖြစ်ချင်ကြမှာပါ။ အချိန်တွေ၊ ငွေတွေ အကုန်မခံဘဲ သဘာဝအတိုင်း သွားဖြူစင်စေတဲ့ နည်းလေးတွေ ရှိပါတယ်။ ဆေးဝါးလည်း ဝယ်စရာမလို၊ ဘေးထွက်ဆိုးကျိုးလည်း မရှိတဲ့ နည်းတွေပါ။
သွားတိုက်၊ သွားကြားထိုး
ခံတွင်းကို သန့်ရှင်းအောင် ဂရုစိုက်တာက အမှန်ကန်ဆုံးနဲ့ အထိရောက်ဆုံး သွားကို ဖြူစင်စေတာပါ။ သွားတိုက်ဆေးက သွားပေါ်က အစွန်းတွေ ကျွတ်စေပါတယ်။ ပိုပြီးဖြူစေတဲ့ Whitening toothpaste ကလည်း အန္တရာယ်ရှိအောင် သွားကို အရောင်ချွတ်ပေးတာ မဟုတ်ပါဘူး။ ပါဝင်တဲ့ ပစ္စည်းတွေ ပိုထည့်ထားတဲ့ သဘောပါပဲ။
သွားကြားထိုးတာကလည်း အစာကျန်တွေ၊ ဘက်တီးရီးယား ပိုးတွေကြောင့် သွားတွေ အရောင်ရင့်ပြီး သွားချေးမတက်အောင် ဖယ်ရှားပေးတာပါ။ အထိအခိုက်နည်းမယ့် ကြိုးလေးတွေတော့ သုံးသင့်ပါတယ်။
ဆီငုံခြင်း
ဒါကတော့ အမေရိကန် အာယုဗေဒနည်းပါတဲ့။ နှမ်းဆီ၊ အုန်းသီးဆီ၊ သံလွင်ဆီ တမျိုးမျိုး တဇွန်းလောက် ခံတွင်းမှာ မိနစ် ၂၀ လောက်အထိ ငုံထားပြီး ထွေးလိုက်ရင် ဘက်တီးရီးယားပိုးတွေ ဖယ်ရှားပေးတယ်လို့ ဆိုလေရဲ့။ လက်ရှိ သုတေသနတွေအရ အုန်းသီးဆီ Coconut oil က သွားပိုးစားတာ ကာကွယ်တယ်လို့ ဆိုပါတယ်။
မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါကလည်း သွားကို အရောင်တွေ ကျွတ်အောင် စွမ်းဆောင်နိုင်တယ်လို့ ဆိုပါတယ်။ ဆိုဒါမှုန့်ကို ပျစ်ပျစ်လေးလုပ်ပြီး သွားမှာ ပွတ်သပ်ပေးနိုင်သလိုပဲ သွားတိုက်ဆေးမှာ ဆိုဒီယမ် ဘိုင်ကာဘွန်နိတ် (sodium bicarbonate) ပါတာကို လည်းသုံးနိုင်ပါတယ်။ အဲဒီ သွားတိုက်ဆေးသုံးရင် သွားမှာ အစွန်းတွေ ကျွတ်စေပါတယ်။
အသီးများ
ပန်းသီးမှာပါတဲ့ Malic အက်ဆစ်က တံတွေးတွေကို အက်ဆစ်တွေ ဆေးကြောပေးဖို့ ထောက်ကူပေးပါတယ်။ နာနတ်သီးမှာပါတဲ့ Bromelain ထည့်သွင်းထားတဲ့ သွားတိုက်ဆေးတွေကလည်း သွားကို ဖြူစင်စေပါတယ်။ ဒါပေမယ့် အဲဒီ အသီးတွေစားလို့ သွားဖြူစင်စေသလား ဆိုတာတော့ အတည်ပြုလို့ မရသေးဘူးဆိုပါတယ်။ သေချာတဲ့ တွေ့ရှိချက် တခုအရတော့ စတော်ဘယ်ရီသီးမှာပါတဲ့ Citric အက်ဆစ်ကတော့ သွားကြွေလွှာတွေ ပျက်စီးစေတာမို့ စတော်ဘယ်ရီကို ဒီတိုင်းမစားဘဲ ဖျော်ရည်၊ ယို စသဖြင့် ပြုပြင်ပြီးမှ စားသင့်တယ်လို့ ဆိုပါတယ်။
ပန်းသီးရှာလကာရည်
ပန်းသီးကို ဖောက်ထားတဲ့ Apple cider vinegar ကို ပလုပ်ကျင်းပေးရင် သွားတွေ ဖြူစင်စေတယ်လို့ ဆိုပါတယ်။ ဘက်တီးရီးယားတွေလည်း သေစေတဲ့ အာနိသင်ပါ ရတယ်လို့ ပြောကြပါတယ်။
နနွင်း
နနွင်းက ဟင်းကို အနံ့အရသာ ဖြည့်ပေးရုံသာမကဘဲ သွားကို ရွှေဝါရောင်သန်းစေတဲ့ သဘာဝ ဆိုးဆေးလို့ ယူဆကြတာ ရှိပါတယ်။ ဒါပေမယ့် ထူးဆန်းတာက နနွင်းပျစ်ပျစ်လေးနဲ့ သွားတိုက်ပေးရင်တော့ မည်းညစ်နေတာတွေတောင် ပြန်ပြီး ဖြူစင်တောက်ပြောင် စေတယ်လို့ ဆိုပါတယ်။
သဘာဝနည်းနဲ့ သွားဖြူစင်အောင် လုပ်သလို အစောကြီးကတည်းက ကာကွယ် တားဆီးနိုင်တာတွေလည်း ရှိပါတယ်။ ဘယ်ရီသီးတွေ၊ ကော်ဖီ၊ ဝိုင်နီ၊ ဆိုဒါရည် စတာတွေက သွားကို အရောင်စွန်းစေတာ သတိပြုပါ။ ဒါပေမယ့် ရှောင်စရာ မလိုပါဘူး။ အဲဒါတွေ သုံးဆောင်ပြီးရင် ရေနဲ့ သေသေချာချာ ပလုပ်ကျင်းပေးရုံပါပဲ။ ဆေးလိပ်၊ ကွမ်းတွေကတော့ တခြားရောဂါတွေရော သွားဖြူစင်ဖို့အတွက်ပါ ရှောင်ရမယ့်အရာတွေပါ။ သွားဖြူဖြူလေးတွေနဲ့ ပြုံးနိုင်ကြပါစေ။