ထိုင်း – မြန်မာနယ်စပ်က မြဝတီမြို့လေးဟာ နှစ်နိုင်ငံအကြား ကူးလူးဆက်ဆံသူတွေ၊ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေကြောင့် စည်ကားလှသလို လာရောက် လည်ပတ်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များနဲ့ အမြဲလိုလို ပြည့်နှက်နေတဲ့ မြို့လေးဖြစ်ပါတယ်။
လာရောက် လည်ပတ်သူများ အနေနဲ့လည်း နယ်စပ်ဒေသရောက်ခိုက် ဒေသအစားအစာ၊ ထိုင်းအစားအစာတွေကို မြည်းစမ်းလိုကြမှာ မလွဲပါဘူး၊ ထိုင်းနိုင်ငံဘက်ခြမ်းက မဲဆောက်မြို့လေးကို သွားရောက် စားသောက်မယ်ဆိုရင်လည်း ဘာသာစကား အခက်အခဲကြောင့် မိမိအကြိုက် ဟင်းလျာတွေမှာဖို့ ခက်ခဲနေပါလိမ့်မယ်။
သောင်းရင်းမြစ် ကမ်းနဖူးမှာတော့ မြန်မာဆိုင်တွေ ရှိပါရဲ့။ ဒါပေမယ့် ယမကာနဲ့ တွဲဖက်ထားတာကြောင့် ဆိတ်ငြိမ်မှု မရှိလှ။ အစားအစာတွေကလည်း စည်ဘီယာဆိုင်တွေမှာ ချက်ပြုတ်လေ့ရှိတဲ့ သာမန် တရုတ်အစားအစာ လက်ရာတွေ ဖြစ်တာကြောင့် ရိုးအီလှတယ်လို့ ထင်မိပါတယ်။
ဒါကြောင့်လည်း သူငယ်ချင်းတဦးရဲ့ လမ်းညွှန်မှုနဲ့ မြဝတီမြို့ထဲမှာ အေးအေးဆေးဆေး နေကာ ထိုင်းအစားအစာ လက်ရာစစ်စစ် စားသုံးနိုင်တဲ့ “အောင်ဇမ္ဗူလင်း အပန်းဖြေဥယျာဉ်” ကို ရောက်ရှိခဲ့ပါတယ်။
ခြံဝန်းကျယ်ကြီးထဲမှာ ကာရာအိုကေခန်းမ၊ ကားရေဆေး ဆီထိုး အစရှိသည်တို့နဲ့ တွဲဖက် ဖွင့်ထားတာကြောင့် ပိုမို အဆင်ပြေလှသလို ဆိုင်အနီးမှာ ကလေးကစားကွင်းလည်း ရှိတာကြောင့် မိသားစု အပန်းဖြေခရီးထွက်သူများ အတွက် အဆင်ပြေနိုင်မယ် ဆိုတာ သေချာပါတယ်။
ဆိုင်ရှင်အမျိုးသမီးကလည်း မြန်မာအမျိုးသမီး ဆိုပေမယ့် ထိုင်းလက်ရာတွေ အစားအစာတွေကို အထူး ကျွမ်းကျင်လှတဲ့အတွက် စားသောက်ဖွယ်ရာတွေထဲက တချို့သော ဟင်းလျာတွေ အကြောင်း ညွှန်းဆိုချင်လှပါတယ်။
ပုစွန်ဆိတ် အစိမ်းသုပ်
ဒီဟင်းပွဲက ထူးဆန်းလှတယ်လို့ ဆိုရမှာပါ၊ ထိုင်းလူမျိုးတွေကတော့ လှောင်ကန်ထဲက ပုစွန်အရှင်လေးတွေကို ဇကာနဲ့ဖမ်းပြီး ဟင်းပွဲအဖြစ် ပြင်ဆင်ကာ မြေအိုး (သို့) ကြွေအိုးလေးထဲထည့်၊ ရောက်လာတာနဲ့ အဖုံးလေး ဖွင့်လိုက်ရင် ပုစွန်လေးတွေက ထခုန်နေတာမျိုး ကြုံဖူးပါတယ်။
ဒီဆိုင်ကတော့ လတ်ဆတ်တဲ့ ပုစွန်အသေကို အသုံးပြုထားပါတယ်။ ဆန်လှော်မှုန့်၊ ရှမ်းနံနံနဲ့ ကြက်သွန်နီ၊ ငရုတ် လှော်မှုန့် တွေကို သုံးထားပြီး ချဉ်ငံစပ်အရသာနဲ့ လတ်ဆတ်တဲ့ ပုဇွန်တို့ကြောင့် ဆွဲဆောင်မှု ရှိလှတဲ့ အသုပ်မျိုး ဖြစ်ပြီး ဘီယာသောက်သူတွေ အတွက် အမြည်းကောင်းလို့ ဆိုချင်ပါတယ်။
ဝက်စဉ်းကောသုပ်
လာ့ဂ်မူ လို့ ထိုင်းလို ခေါ်တဲ့ ဝက်စဉ်းကောသုပ်ကို အကျက်သုပ်၊ အစိမ်းသုပ် ဆိုပြီး ပုံစံ ၂ မျိုးနဲ့ ပြင်ဆင်ကြပါတယ်။ ဝက်စဉ်းကော၊ အူစုံ၊ အသဲစုံတို့ကို ခပ်နုပ်နုပ်လေးလှီးပြီး ကျက်အောင်ပြုလုပ်ထားတဲ့ ဝက်သွေးနဲ့ ရောနယ်ပြီး အသုပ်ပုံစံ လုပ်ထားပါတယ်။
အစိမ်းသုပ် ဆိုတာကတော့ အသားနဲ့ အူစုံ အသည်းစုံတို့ကို မကျက်တကျက်လေး လုပ်ထားပြီး ခပ်စေးစေးဖြစ်နေတဲ့ ဝက်သွေး အစိမ်းနဲ့ စီမံပြီး ရောနယ်ထားပါတယ်။ အစိမ်းသုပ်ကိုတော့ စားဖူးတဲ့ အလေ့အထရှိမှသာ မှာယူဖို့ အကြံပြု ပါရစေ၊ ဒါပေမယ့် ထူးခြားတဲ့ ချိုချဉ်ငံစပ် အရသာလေးကြောင့် ကောက်ညှင်းပေါင်း၊ ထမင်းပူပူလေးတို့နဲ့ အလွန်လိုက်ဖက်တဲ့ ဟင်းပွဲတမျိုးပါ။
ကင်းမွန်သံပုရာပေါင်း
လတ်ဆတ်တဲ့ ကင်းမွန်ငါး အကြီးတွေကို ချိုချဉ်မွှေးလေး ပေါင်းထားတာကြောင့် နူးညံ့လတ်ဆတ်တဲ့ ကင်းမွန်ငါးရဲ့ အရသာဟာ မွှေးပျံတဲ့ သံပုရာရနံကြောင့် စိတ်ကို ထူးထူးခြားခြား ရွှင်လန်းကြည်နူးစေပါတယ်။ လူကြီးတွေနဲ့ ကလေးငယ်တွေ အတွက်လည်း အထူးသင့်လျော်လှပြီး အစပ် မကြိုက်တဲ့သူတွေ အတွက်တော့ အစပ်လျော့ပေးဖို့ အကြောင်းကိုတော့ သတိတရ မှာလိုက်ဖို့ လိုအပ်ပါမယ်။
ရွှေငါးကြွပ်ကြော်ချိုချဉ်
ရွှေဝါငါးကြင်းကို အသားလွှာပြီး အတုံးသေးလေးတွေ အဖြစ် အကြွပ်ကြော်ကာ ပင်မကျောရိုးကြီးကိုလည်း သီးသန့် ကြော်ပြီးမှ ချိုချဉ်ပုံစံလေး ပြင်ဆင်ထားတာကြောင့် အရိုးကြောက်သူတွေ၊ အရိုး မထွင်လိုသူတွေနဲ့ လူကြီး၊ လူငယ် နှစ်သက်စေမယ့် ဟင်းပွဲလေးတပွဲပါ။
ဝက်ကြွပ်ကြော်နဲ့ ရေထိကရုန်း
ကနန်းမူကော့ ဆိုတဲ့ ကိုက်လန်နဲ့ ဝက်ကြွပ်ကြော်ဟာ နိုင်ငံခြားသားများ အကြိုက် ထိုင်းဟင်းပွဲ ဖြစ်ပါတယ်။ ကိုက်လန်ရွက် နေရာမှာ ရေထိကရုန်းကို အသုံးပြုထားတာကြောင့် မွှေးပျံ့တဲ့ ရနံ့နဲ့ ထူးခြားတဲ့ အရသာကို ရရှိ ခံစားနိုင်ပါတယ်။
ငါးကြပ်ကင်ချဉ်စပ်ဟင်းရည်
တုန်ယမ်းဟင်းရည် ပုံစံမျိုးဆိုပေမယ့် ချက်တဲ့ နည်းပညာလေးက ကွဲပြားပါတယ်။ မီးအေးအေးနဲ့ ကင်ထားတဲ့ ငါးကြပ်ကင်လေးတွေကို ဖဲ့ခြွေပြီး ထည့်ထားတာကြောင့် မီးကင်နံ့ သင်းသင်းလေးနဲ့ အတူ ပတ်ကဖောင်လို့ ခေါ်တဲ့ ထိုင်းပင်စိမ်း ရနံ့လေးကြောင့် စွဲမက်ဖွယ် ကောင်းလှပါတယ်။ ဒီဟင်းရည်ရဲ့ ထူးခြားချက်ကတော့ အချဉ်အရသာဟာ မန်ကျည်းရည်ကို အသုံးပြုထားတာကြောင့် ကျန်းမာရေးအတွက် အထူးကောင်းမွန်လှပါတယ်။
ဆိုင်လိပ်စာ
အောင်ဇမ္ဗူလင်း အပန်းဖြေဥယျာဉ်၊
သံတံတားလမ်းဟောင်း၊
အမှတ်(၄)ရပ်ကွက်၊
ကလေးကစားကွင်းနှင့် မင်းပြည့်စုံ Gas Company ကြား၊
မြဝတီမြို့