ပြည်တွင်းဈေးကွက်မှာတော့ တန်ကြေးသင့် ဇိမ်ခံ မော်ဒယ်ဆိုရင် Toyota Crownတစ်ခုတည်းလောက်ပဲ ဈေးကွက် ရှိပြီးတော့ Mark Xတို့ Mark IIတို့ကျတော့လည်း လူစီးရှိပေမယ့် Crwonလောက်တော့ မဟုတ် လှပါဘူး။ ဒီနေ့တော့ Toyota Aristoနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ ရုပ်ထွက်ပိုင်းမှာ ဥရောပထုတ် ဇိမ်ခံ မော်ဒယ်တွေ ပုံစံမျိုး ချိုးဆစ်ထားတာ တွေ့ရပြီး ပြည်တွင်း ဈေးကွက်မှာ သူ့ရဲ့ ရုပ်ထွက်နဲ့ အနေအထားကို သဘောကျပေမယ့် ဈေးနည်းနည်း မြင့်ချင်နေတဲ့ အနေအထားကြောင့် လူကြိုက်နည်းတာ ဖြစ်ပါတယ်။
တကယ်တမ်း အနေအထားကလည်း ပြည်တွင်းမှာက Usedကားဈေးကွက်မှာ အဲဒီကားရဲ့ အသုံးပြုနိုင်တဲ့ Feature တွေ အားလုံး ကောင်းတဲ့ အနေအထားနဲ့ ဈေးကွက်ဝင်မှု နည်းသလို ဝယ်သူကလည်း သူ့လက်ထဲရောက်ချိန်မှာ အဆိုပါ Featureတွေကို အားလုံး သုံးတာ နည်းတော့ ဇိမ်ခံ မော်ဒယ်ဆိုရင် အပြင်အဆင်၊ အနေအထားနဲ့ မော်ဒယ်လောက်ကိုပဲ ကြည့်ပြီး ဝယ်နေကြတာ ဖြစ်လို့ အခုလို မော်ဒယ် နည်းနည်းနိမ့်သွားတဲ့ မော်ဒယ်ကို စိတ်မဝင်စားကြတာပါ။
ဒါပေမယ့် ဒီမော်ဒယ်ရဲ့ အားသာချက်ကတော့ အရည်အသွေးပိုင်း မြင့်မားမှုပါ။ ကိုယ်ထည်ပိုင်း ကောင်းမွန်တယ်၊ မာတယ်၊ လုံခြုံစိတ်ချရမှု ရှိတယ်၊ အင်ဂျင်ပိုင်း စွမ်းဆောင်ရည် ကောင်းတယ်၊ မော်ဒယ်နှစ် နိမ့်တာကြောင့် နည်းပညာပိုင်းတော့ နည်းနည်းနိမ့်ပေမယ့် ရေရှည်အတွက်ထိအောင် အဆင်ပြေနေမယ့် မော်ဒယ်ပါ။ ဈေးကွက်အတွင်းမှာတော့ ၂၀၀၃ခုနှစ် ဝန်းကျင်က ထုတ်ထားတဲ့ Aristoတွေကို လွယ်လွယ်တွေ့နိုင်ပြီးတော့ အဲဒီ မော်ဒယ် နှစ်နိမ့်နေတာ တစ်ခုက မော်ဒယ်ကို လူကြိုက်နည်းနေစေပေမယ့် တစ်ခုလောက် ပြောပြရမယ် ဆိုရင်တော့ မော်ဒယ်သစ်တွေ၊ မော်ဒယ်မြင့်တွေ ဝင်နေတဲ့ အချိန်မှာ မော်ဒယ်နှစ်ကို ထောက်ပြပြီး ဈေးချိုအောင် ချခိုင်းလို့ ရမယ် ဆိုတာပါပဲ။ ဒါပေမယ့် ဇိမ်ခံ မော်ဒယ် ဖြစ်နေတာကြောင့် ပုံမှန် မော်ဒယ်တွေရဲ့ ဈေးနဲ့တော့ မရနိုင်ပါဘူး။
Autoစနစ်နဲ့ ဖန်တီးထားတာ ဖြစ်ပြီး အပြောင်းအလဲနဲ့ တာထွက်တွေက တော်တော်လေးကို ငြိမ်တာပါ။ ညာမောင်း မော်ဒယ်တွေ အတွေ့ရများတယ်၊ Gasolineနဲ့ ဖြစ်ပြီးတော့ keylessစနစ်နဲ့ သုံးနိုင်မယ်၊ အတွင်းခန်းက ပြန်ပြင်ထားတာ များပေမယ့် သားရေလို အရည်အသွေးမြင့် အပြင်အဆင်တွေ တွေ့ရမယ်။
အရောင်ပိုင်းမှာ အနက်ရောက် တစ်မျိုးတည်းလောက်ပဲ ဈေးကွက်ဝင်တာ များပြီး အခြား အရောင်က ရောင်းသူ ရှားပါတယ်။ အတွင်းခန်း ဖျော်ဖြေရေးနဲ့ TVတွေက ပြန်ထည့်ထားတာ ဖြစ်လို့ အရင် ပစ္စည်းတွေလောက် ရေရှည်ခံ မယ်လို့ မဆိုချင်ပေမယ့် နည်းပညာပိုင်း မြင့်မားလာမှုကတော့ ငြင်းလို့ မရပါဘူး။ သိသာပေါ်လွင်မှု၊ အပြင်အဆင်၊ စိတ်ချရမှုတွေ အရတော့ ကျွန်တော်တို့ Aristoကို ပစ်ပယ်စရာ မရှိပါဘူး။ ဒါဆို နည်းနည်းလောက်တော့ ဈေးကွက်မှာ လေ့လာကြည့်လိုက်ပါ။
လက်ရှိ ဈေးကွက်တွင်းမှာတော့ ၂၀၀၃ခုနှစ် ဝန်းကျင်ထုတ် ကီလို ၆သောင်းကျော်လောက် သုံးထားတဲ့ မော်ဒယ်ကို သိန်း ၃၁၀လောက် အခေါ်ရှိပြီး ကိုယ်လိုရာ ဆွဲနိုင်မယ် ဆိုရင် သိန်း ဆယ်ဂဏန်းကျော်ထိအောင် အကျရှိလာနိုင်ပါတယ်။