တောင်ကိုရီးယားနိုင်ငံမှ ထုတ်လုပ်ရိုက်ကူးထားပြီး လူကြိုက်များတဲ့ Train to Busan ရုပ်ရှင်ဇာတ်ကားဟာ မေလ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း ကျင်းပပြုလုပ်မယ့် ၆၉ ကြိမ်မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော် (Cannes Film Festival) မှာ ပါဝင်ပြသဖို့ ဖိတ်ကြားခြင်း ခံထားရပါတယ်။
အဲဒီဇာတ်ကားကို ရိုက်ကူးတဲ့ ဒါရိုက်တာနဲ့ သရုပ်ဆောင်များကိုလည်း ရုပ်ရှင်ပွဲတော်မှ ဖိတ်ကြားထားပြီး ရိုက်ကူးတဲ့ ဒါရိုက်တာက ယောင်ဆန်ဟို ဖြစ်ပါတယ်။ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သူများကတော့ ဂေါင်ယိုး၊ ဂျန်ယွန်းမီနှင့် ကလေးသရုပ်ဆောင် ကင်ဆိုအယ် တို့ဖြစ်ပါတယ်။ ရုပ်ရှင်ပွဲတော်ရဲ့ ညလယ်ရုပ်ရှင်များ ကဏ္ဍမှာ အဆိုပါရုပ်ရှင်ကို ပြသမှာဖြစ်ပြီး သရုပ်ဆောင်များက ရုပ်ရှင်ပွဲတော်ဖွင့်ပွဲနဲ့ ရုပ်ရှင်ပြသတဲ့နေ့တွေမှာ တက်ရောက်ဖို့ ဖိတ်ကြားခံထားရပါတယ်။

ဒါရိုက်တာ ယောင်ဆန်ဟိုက ၂၀၁၁ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ၆၅ ကြိမ်မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ သူရဲ့ကာတွန်းရုပ်ရှင် “The King of Pigs” ရုပ်ရှင်ဇာတ်ကားနှင့် ဖိတ်ကြားခြင်းခံခဲ့ရသူတဦးဖြစ်ပြီး ယခုရုပ်ရှင်က သူ့အတွက် ဒုတိယအကြိမ်မြောက် ဖိတ်ကြားခြင်းခံရတဲ့ ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။
Train to Busan ရုပ်ရှင်ဟာ အက်ရှင်ဇာတ်ကြမ်းကားတကားဖြစ်ပြီး ကိန်းစ်ရုပ်ရှင်ပွဲတော်သမိုင်းမှာ ပထမဦးဆုံး အနေနဲ့ ကိုရီးယား ရုပ်ရှင်ဇာတ်ကားများမှ အက်ရှင်ဇာတ်ကြမ်းကားကို ပါဝင်ပြသရန် ဖိတ်ကြားခံရခြင်း ဖြစ်ပါတယ်။ ကိန်းစ်ရုပ်ရှင်ပွဲတော်ဟာ အရင်ကတော့ ဒရမ်မာ ဇာတ်လမ်းတွေနဲ့ ကာတွန်းရုပ်ရှင်များကိုသာ ဖိတ်ကြားခဲ့ဖူးပါတယ်။
Train to Busan ရုပ်ရှင်ဟာ ကိုရီးယားနိုင်ငံတဝှမ်းမှာ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် လူအများဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲသွားရာ ဘူဆန်မြို့ကိုသွားတဲ့ KTX ရထားပေါ်မှာ လိုက်ပါလာတဲ့ လူတချို့သာ လူသားအဖြစ် ကျန်ရစ်ခဲ့ပြီး သူတို့ဆက်လက် အသက်ရှင်သန်ဖို့ ကြိုးပမ်းကြပုံများကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ကိုရီးယားနိုင်ငံမှာ နွေရာသီ ရုံတင်ဖို့် စီစဉ်ထားပြီး ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပြသရန် ဖိတ်ကြားခံရခြင်း ဖြစ်ပါတယ်။
Train to Busan ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဂေါင်ယိုးဟာ မြန်မာပရိသတ်နဲ့ မစိမ်းတဲ့ ကိုရီးယားထိပ်တန်းသရုပ်ဆောင်တစ်ဦး ဖြစ်ပြီး မြန်မာပရိသတ်များကတော့ သူ့ကို Coffee Prince ရုပ်သံဇာတ်လမ်းနှင့် ရင်းနှီးခဲ့သူ ဖြစ်ပါတယ်။
Ref: www.koreaherald.com