Toyota မှ အသစ်မွမ်းမံ ထုတ်လုပ်လိုက်သော ဒီဇိုင်းလှပြီး အကြမ်းခံတဲ့ SUV (Sport-Utility Vehicle) အမျိုးအစား 4WD (4-Wheel-Drive) စွမ်းဆောင်ရည်ရှိတဲ့ Fortuner အမည်ရှိ ကားကို Toyota Myanmar မှ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် တရားဝင် စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။
Toyota Fortuner ကား မိတ်ဆက်ပွဲကို မေလ ၅ ရက်နေ့က ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ဘုရင့်လမ်း၊ ရွာမကွေ့မှာရှိတဲ့ Toyota Myanmar Showroom မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
Fortuner ဆိုတဲ့ အမည်က ၂၀၀၅ ခုနှစ်မှာ ပေါ်ပေါက်လာတာဖြစ်ပြီး အာရှကားဈေးကွက်ကို အဓိက ရည်ရွယ်ခဲ့ပြီး အဆိုပါ ၇ ယောက်စီး ကားအမျိုးအစားက ကြမ်းတမ်းတဲ့ လမ်းတွေမှာ မောင်နှင်နိုင်ပြီး မိသားစုစီးကားများအဖြစ် ဝယ်လိုအားများတယ်လို့ Toyota Myanmar မှ တာဝန်ရှိသူရဲ့ ပြောပြချက် အရ သိရပါတယ်။
Fortuner ဆိုတဲ့ အမည်ကတော့ “Fortunate” ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာခြင်းပါ။ ကမ္ဘာအနံှ့ရောင်းအားက စတင် ပွဲဦးထွက်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကစလို့ အစီးရေ ၄၉၀၀၀ ကျော် ရောင်းချ နိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်အထိဆို စုစုပေါင်း အစီးရေ ၁၄၄၀၀၀ ဝန်းကျင် ရောင်းချ နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်များ အရ သိရပါတယ်။
Toyota အနေနဲ့ Fortuner ကား မြန်မာနိုင်ငံမှာ အထူးသီးသန့် မိတ်ဆက်ပြသခြင်းပွဲကို မေလ ၇ ရက် နေ့ ကနေ ၈ ရက်နေ့အထိ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်က မြန်မာပလာဇာမှာ ပြည်သူများ အနီးကပ် ကြည့်ရှုလေ့လာခွင့်ရအောင် Roadshow ပြုလုပ်သွားမယ်လို့ သိရပါတယ်။
Toyota Fortuner ကားအမျိုးအစားသစ်ကို အရောင်အားဖြင့် Phantom Brown Metallic, Nebula Blue Metallic, Super White, White Pearl Crystal Shine, Silver Metallic, Gray Metallic, Attitude Black Mica နဲ့ Avant Garde Bronze Metallic ဆိုပြီး အရောင် ၇ ရောင် ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ လက်လီရောင်းဈေး အမေရိကန် ဒေါ်လာ ၆၁၃၀၀ ဖြစ်ပါတယ်။