အခုလို ပူအိုက်တဲ့ နွေရာသီမှာ ခရီးထွက်မယ်ဆိုရင် ပင်လယ်ကမ်းခြေဒေသ ဒါမှမဟုတ် အေးချမ်းတဲ့ တောင်ပေါ် ဒေသတွေကို ခရီးထွက်လေ့ ရှိကြပါတယ်။ ရန်ကုန်၊ မန္တလေး အပူဒဏ်ကို ရှောင်ရင်း အေးအေးချမ်းချမ်းနဲ့ အပန်းဖြေလိုသူတွေ သွားလာရလွယ်ကူတဲ့ တောင်ပေါ်မြို့လေးဖြစ်တဲ့ ပြင်ဦးလွင်ကို ခရီးထွက်ကြပါတယ်။
ပြင်ဦးလွင်မှာ လည်ပတ်ရင်း အစားအသောက် ကောင်းကောင်းရတဲ့ဆိုင်၊ ရှုခင်းလှပြီး ဓာတ်ပုံရိုက်လို့ ကောင်းတဲ့ဆိိုင်၊ ထိုင်လို့ကောင်းတဲ့ စားသောက်ဆိုင် ၉ ဆိုင်ကို ညွှန်ပေးချင်ပါတယ်။
The View စားသောက်ဆိုင်က ဓာတ်တော်ချိုင့် ရေတံခွန်အလှကို အပေါ်စီးက လှမ်းမြင်နေရတဲ့ ရှုခင်းကောင်းကောင်းရှိတဲ့ ဆိုင်ပါ။ ရေတံခွန်ရှုခင်းကို လှမ်းမြင်ရတဲ့ View ကနေတဆင့် ဓာတ်ပုံ ရိုက်မယ်ဆိုရင် ချောက်ကမ်းပါးပေါ်မှာ ရိုက်ထားသလို ရှုခင်းကောင်းကောင်း၊ View ကောင်းကောင်း ရိုက်လို့ရပါတယ်။ အစားအသောက်အနေနဲ့ အနောက်တိုင်း အစားအစာ၊ တရုတ် အစားအစာတွေ ရရှိနိုင်ပြီး ပြင်ဦးလွင်ဒေသထွက် ဝိုင်နဲ့ကော်ဖီတို့ ရရှိပါတယ်။
ဆိုင်လိပ်စာ – ချမ်းမြေ့ဓမ္မရိပ်သာအနီး၊ တောင်ကျွန်းလမ်း၊ အနီးစခန်း၊ ပြင်ဦးလွင်။
(၂) Feel Restaurant & Coffee Shop
ပြင်ဦးလွင် Feel စားသောက်ဆိုင်က ကန်တော်လေး ကန်ရေပြင် အလှကို ကြည့်ရင်း မနက်စာ၊ နေ့လယ်စာ၊ ညစာ ကောင်းကောင်း စားနိုင်တဲ့ ဆိုင်ပါ။ မနက်ကို ကန်ဘောင်မှာ လမ်းလျှောက် လေညှင်းခံရင်း မနက်စာစား၊ ကော်ဖီသောက်လို့ ကောင်းပါတယ်။ အစားအသောက် အနေနဲ့ ဥရောပအစားအစာ၊ ထိုင်းအစားအစာတွေနဲ့ ကော်ဖီမျိုးစုံ ရပါတယ်။
ဆိုင်လိပ်စာ – ကန်တော်လေး၊ ကန်ပတ်လမ်း၊ နန္ဒာလမ်း၊ ပြင်ဦးလွင်။
(၃) မောဓနု ရှမ်းရိုးရာ စားသောက်ဆိုင်
မောဓနု ရှမ်းစားသောက်ဆိုင်က ရှမ်းတိုဟူးနွေး၊ ရှမ်းခေါက်ဆွဲ၊ ဝက်နံရိုးပေါင်း ခေါက်ဆွဲ၊ ဝက်သားလုံး ခေါက်ဆွဲတို့ ဆိုင်မှာ နာမည်ကြီး လူကြိုက်များပါတယ်။ မောဓနုဆိုင်မှာ အခု လတ်တလော ခေတ်စားနေတာကတော့ စတော်ဘယ်ရီ ဖျော်ရည်ပါ။ စတော်ဘယ်ရီသီး စစ်စစ် လက်ဖျော်ကို ရေမရောဘဲ နွားနို့နဲ့ လတ်လတ်ဆတ်ဆတ် ဖျော်ထားတဲ့ ဖျော်ရည်ကို ခွက်နဲ့မဟုတ်ဘဲ လေးထောင့်ပုံစံဘူးထဲမှာ ထည့်ထားတဲ့ ပုံစံဆန်းဆန်းကြောင့် လာရောက်လည်ပတ်သူ လူငယ်တွေ အကြိုက် တွေ့ကြပါတယ်။
ဆိုင်လိပ်စာ – အမှတ် (၁၄၅)၊ ရွှေဘုံသာလမ်း၊ သုမင်္ဂလာရပ်၊ အ.ထ.က (၄) အနီး၊ ပြင်ဦးလွင်။
(၄) ထီးလှိုင် စားသောက်ဆိုင်
ထီးလှိုင် စားသောက်ဆိုင်ကတော့ နေ့ခင်းဘက်မှာ နေ့လယ်စာ စားလို့ကောင်းတဲ့ဆိုင်ပါ။ ခြံဝင်းကျယ်ကျယ်မှာ ဖွင့်ထားပြီး ကားပါကင် ကျယ်ကျယ်ဝန်းဝန်း ရှိပါတယ်။ ဒီဆိုင်မှာ ရှမ်းထမင်းချဉ်၊ ငါးထမင်းနယ်၊ အာလူးထမင်းနယ် စတာတွေ စားကောင်းတယ်လို့ နာမည်ကြီးပါတယ်။ ခြံဝင်းထဲမှာ စတော်ဘယ်ရီစိုက်ခင်း တွဲရက်ပါတာမို့ ကိုယ်တိုင် စတော်ဘယ်ရီခင်းကို ဝင်ကြည့်ရင်း လတ်ဆတ်တဲ့ စတော်ဘယ်ရီသီး ဖျော်ရည် မှာသောက်လို့ရပါတယ်။
ဆိုင်လိပ်စာ – မြို့ပတ်လမ်း၊ ကန်တော်လေးအနီး၊ ပြည်တော်သာ (၅) လမ်းထိပ်၊ ပြင်ဦးလွင်။
(၅) ဒီဇင်ဘာခြံ စားဥယျာဉ်
ပြင်ဦးလွင် ဒီဇင်ဘာခြံဆိုရင် လည်ပတ်ဖူးသူတိုင်း မသိတဲ့သူ မရှိသလောက်ပါဘဲ။ ခြံဝန်းကျယ်ကျယ်နဲ့ စတော်ဘယ်ရီ စိုက်ခင်း၊ မြင်း၊ ယုန်၊ နွား အစရှိတဲ့ တိရစ္ဆာန် မွေးမြူရေးခြံတွေကိုပါ သွားရောက် လည်ပတ်နိုင်ပြီး ဒီဇင်ဘာခြံမှာ အစားအသောက်ထက် ဓာတ်ပုံဝါသနာအိုးတွေ အကြိုက်တွေ့တဲ့ ဆိုင်ပါ။ ဆိုင်ရဲ့ ခြံထွက် နွားနို့စစ်စစ်ကလည်း အရသာ ကောင်းမွန်ပါတယ်။
ဆိုင်လိပ်စာ- ပြင်ဦးလွင်မြို့အထွက်၊ မန္တလေး- လားရှိုးလမ်းမကြီးပေါ်၊ ပြင်ဦးလွင်။
(၆) Hiromi Coffee Shop
Hiromi ကော်ဖီဆိုင်လေးကတော့ သိတဲ့သူတွေ ရှိသလို မသိတဲ့သူတွေလည်း ရှိပါတယ်။ ဆိုင်လေးက ဆိတ်ငြိမ်ရပ်ကွက်ထဲမှာ တည်ရှိတာကြောင့် အေးအေးဆေးဆေး ကော်ဖီသောက်ချင်သူတွေအတွက် ထိုင်လို့ကောင်းပါတယ်။ ဆိုင်ပတ်ဝန်းကျင်က အရမ်းကို တိတ်ဆိတ်တာကြောင့် ကော်ဖီသောက်ရင်း စာရေး စာဖတ်ချင်သူတွေ အတွက် အရမ်းအဆင်ပြေပါတယ်။ ဒီဆိုင်ကို ဂျပန်ကြီး ကော်ဖီဆိုင်လို့လည်း ပြင်ဦးလွင် ရောက်ဖူးသူတချို့က အမည်ပေးထားပါတယ်။
ဆိုင်လိပ်စာ- ဒေလီယာလမ်း၊ ဒေလီယာမိုတယ် အနီး၊ ပြင်ဦးလွင်။
Woodland စားသောက်ဆိုင်က ပြင်ဦးလွင် မြို့ပတ်လမ်းပေါ်မှာ တည်ရှိတာပါ။ အနောက်တိုင်း အစားအစာတွေနဲ့ ဝိုင် ကောင်းကောင်း ရရှိပါတယ်။ Steak, Russian Salad နဲ့ သောက်စရာ ဝိုင်၊ အရက် စတာတွေရရှိနိုင်ပြီး ဧရာဝတီ စားသောက်ဆိုင် အညွှန်းကဏ္ဍမှာ တခါ ညွှန်းဖူးပါတယ်။ အစားအသောက်တွေက ဈေးနှုန်းသင့်တင့်၊ အရသာ ကောင်း မွန်ပြီး ထိုင်လို့ ကောင်းတဲ့ ဆိုင်တဆိုင်ပါ။
ဆိုင်လိပ်စာ- အမှတ် (၅၃-D)၊ မြို့ပတ်လမ်း၊ ပြင်ဦးလွင်။
(၈) မေမြို့အိမ်
မေမြို့အိမ်က မကြာသေးခင်က နာမည်ကြီးလာတဲ့ ဆိုင်လေးပါ။ မေမြို့အိမ်ဆိုတဲ့ ဆိုင်နာမည်အတိုင်း မေမြို့က အိမ်လေး တအိမ် ရောက်သွားသလို ခံစားသွားရမယ့် ဆိုင်လေးပါ။ ဆိုင်ရဲ့ ထူးခြားတဲ့ အပြင်အဆင်နဲ့ ဆိုင်ရှေ့မှာ ဆောက်လုပ်ထားတဲ့ ပြင်ဦးလွင်ရဲ့ သင်္ကေတ မြို့လယ်ကောင်က နာရီစင် (Purcell Tower) ပုံစံတူကြောင့် မေမြို့အိမ်ကို လာရောက်သူတွေ ဓာတ်ပုံရိုက်ကြတဲ့ နေရာလေးပါ။
ဆိုင်လိပ်စာ- ပြင်ဦးလွင် မြို့အဝင်၊ ကျောက်တောင်ဘုရားအနီး၊ ပြင်ဦးလွင်။
(၉) စကားဝါဖူး ပျိုးဥယျာဉ်နဲ့ စားသောက်ဆိုင်
စကားဝါဖူး စားသောက်ဆိုင်ကလည်း လူသိများလာတာ သိပ်မကြာသေးဘူး။ တောအုပ်ငယ်လေးတခု ရောက်သွားသလို ခံစားရမယ့် ပျိုးဥယျာဉ်လေးကြောင့် ဆိုင်က လူပိုသိများလာတာပါ။ ဒီဆိုင်က အစားအသောက်ထက် ဖန်တီးထားတဲ့ ပျိုးဥယျာဉ်လေးနဲ့ ခပ်မြင့်မြင့်ဆောက်ထားတဲ့ စိတ်ကူးယဉ်ဆန်ဆန် ခြေတံရှည် ဓနိမိုး အိမ်အမြင့်လေးတွေကြောင့် ဖေ့စ်ဘုတ် အသုံးပြုသူ လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ ဆိုင်လေးပါ။ ဧရာဝတီမှာ မကြာသေးခင်က ဒီဆိုင်ကို ညွှန်ထားပါသေးတယ်။
ဆိုင်လိပ်စာ – ပြင်ဦးလွင် အတက်လမ်း၊ ပြင်စာရွာ၊ ရတနာပုံဆိုက်ဘာစီးတီး အနီး၊ ပြင်ဦးလွင်။